အသက်ရှူလမ်းကြောင်းထဲ အစာဝင်ခြင်း
အသက်ရှူလမ်းကြောင်းထဲ အစားအစာ၊ အရည်၊ အန်ဖတ်၊ ချွဲ စတာတွေ ဝင်သွားတဲ့အခါ အသက်ရှူကြပ်ခြင်း၊ အဆုတ်ရောင်ခြင်း စသည်တို့ ဖြစ်နိုင်ပါတယ်။
အစာ ကောင်းကောင်း မျိုမရတဲ့ရောဂါတွေဖြစ်တဲ့ လေဖြတ်ရောဂါ၊ အတက်ရောဂါ ရှိသူများနှင့် အရက် အလွန်အကျွံ သောက်သုံးသူတို့မှာ ဖြစ်တတ်ပါတယ်။
ဆရာဝန်နဲ့ သေချာပြသဖို့ အရေးကြီးပါတယ်။
>> အိမ်မှာ ဘယ်လိုသတိထားနေသင့်သလဲ?
လေဖြတ်ရောဂါ၊ အာရုံကြောရောဂါ ရှိသူတို့မှာ အစာမျိုရ ကောင်းစေရန် အစာမျို ကြွက်သားတွေ သန်မာစေတဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်ပါ။ ကိုယ်ခန္ဓာကို ဘယ်လိုထားပြီး ပါးစပ်ထဲ အစာ ဘယ်လိုထည့်မယ်ဆိုတာတွေကိုလည်း ပြန်လည်လေ့ကျင့်ပေးရပါမယ်။
အစာမျိုရ လွယ်တဲ့အစားအစာ၊ အရည်တွေကို စားပေးပါ။
အစာ ပြင်ဆင်တဲ့အခါမှာလညး် အရည်တွေကို ပျစ်ပျစ်လေးဖြစ်အောင် ပြင်ဆင်ခြင်း၊ တချို့အစားအစာတွေကို ကြိတ်စက်နဲ့ ကြိတ်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။
သတိလစ် တက်သွားသော လူနာကို ဘေးစောင်းထားပါ။ သတိမကောင်းချိန်မှာ ပါးစပ်ထဲ ဘာမှမထည့်သင့်ပါ။ အရက်မူးလွန် အန်နေချိန်မှာလည်း ဘေးစောင်းထားပြီး အန်ဖတ်များကို သေချာရှင်းလင်းဖို့ လိုပါတယ်။
>> အဆုတ်ရောင်ခြင်းအတွက်
ပိုးသတ်ဆေးကို ညွှန်ကြားထားတဲအတိုင်း သောက်ပါ။ ကောင်းသွားပြီဆိုပြီး ရပ်မပစ်ဘဲ ဆေးပတ်လည်အောင် သောက်ပေးရပါမယ်။
တခြားဆေးတွေကိုလည်း အလားတူပဲ ညွှန်ကြားထားတဲ့အတိုင်း သောက်ပေးပါ။
ကောင်းကောင်းအိပ်၊ ကောင်းကောင်းနားပါ။ ခဏတာတော့ ပင်ပန်းနုံးချိနေပေမယ့် တဖြည်းဖြည်းနဲ့ သက်သာလာပါလိမ့်မယ်။
အဆုတ်ရောင်တဲ့အခါ ချောင်းဆိုးပြီး သလိပ်တွေ ထွက်လာတတ်ပါတယ်။ သလိပ်ထွက်ခြင်းဖြင့် ပိုးတွေကိုလည်း ရှင်းထုတ်နိုင်ပါတယ်။ ဒါပေမဲ့ ချောင်းဆိုးနေတာကြောင့် ကောင်းကောင်း အနားမယူနိုင်ဘူး ဆိုရင်တော့ ဆရာဝန်ကိုပြောပြပြီး ချောင်းဆိုးပျောက်ဆေး သောက်နိုင်ပါတယ်။
လေထု အစိုဓာတ်များလာအောင် ရေငွေ့လွှတ်စက်သုံးပေးပါ။ ခြောက်သွေ့တဲ့လေက ချောင်းဆိုးခြင်းကို ပိုဆိုးစေနိုင်ပါတယ်။
ဆေးလိပ် မသောက်ပါနဲ့။ ဆေးလိပ်ငွေ့မရှူပါနဲ့။ ဆေးလိပ်ဖြတ်နိုင်အောင် ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။ ဆေးလိပ်သောက်ခြင်းကြောင့် ချောင်းဆိုးတာ ပိုဆိုးနိုင်ပါတယ်။
အဖျားကျပြီး ချောင်းဆိုးခြင်းကြောင့် ရင်ဘတ်အောင့်ခြင်း သက်သာစေရန် အကိုက်အခဲပျောက်ဆေး သောက်ပေးပါ။
ဒါပေမဲ့ အကိုက်အခဲပျောက်ဆေးကို ၂ မျိုး၊ ၃ မျိုး မသောက်ပါနဲ့။
>> ဘယ်အချိန်မှာ အရေးပေါ်သွားသင့်သလဲ?
● အသက်ရှူကြပ်ခြင်း
● အဖျားတက်ခြင်း
● ချောင်းဆိုးသွေးပါခြင်း
● ခေါင်းမူးပြီး မူးလဲမလိုဖြစ်ခြင်း
>> ဆရာဝန်နဲ့ ဘယ်အချိန်မှာ ပြန်ပြသင့်သလဲ?
● မသက်သာခြင်း (ချောင်းဆိုး၊ ဖျား၊ အသက်ရှူမကောင်း)
● ယခင်ကထက် ပိုချောင်းဆိုးနေခြင်း
Dr. Emerald (www.drmyanmar.com)















