အသည်းအပြင် ကျန်းမာရေးကိုထိခိုက်စေနိုင်သော အရက်၏အံ့အားသင့်ဖွယ်အခြားဆိုးကျိုးများ
အရက်၏ ဆိုးကျိုးအချို့ကို သိရှိပြီးဖြစ်သော်ငြားလည်း အခြားအချက်များမှာ သင့်ကိုအံ့အားသင့်စေပေလိမ့်မည်။ အစာအိမ်နှင့် အူလမ်းကြောင်းဆရာ၀န်ကြီး ဒေါက်တာ K.V.Narayanan Menonက အရက်ကြောင့်ဖြစ်သည့် လူသိနည်းသောဆိုးကျိုး 6 ခုရှိကြောင်းပြောကြားခဲ့သည်။
1. အရက်သောက်ခြင်းဖြင် ခန္ဓာကိုယ်၏ဇီ၀ကမ္မဖြစ်စဉ်များကို ပြောင်းလဲစေပါသည်။ ခန္ဓာကိုယ်သည် ကစီဓာတ်၊ အသားဓာတ်နှင့် အဆီဓာတ်များကဲ့သို့ အရက်ကိုသိမ်းဆည်းရန်နည်းလမ်းမရှိခြင်းကြောင့် အရက်သောက်လိုက်သည်နှင့် တစ်ပြိုင်နက်အရက်ကိုသာ ဦးစွာချေဖျက်တော့သည်။ ၎င်းသည် အသည်း၏လုပ်ငန်းဆောင်တာဖြစ်ခြင်းကြောင့် အသည်းပျက်စီးရခြင်းဖြစ်ပါသည်။
2. အရက်သောက်ခြင်းကြောင့် အူလမ်းကြောင်းအတွင်းပိုးများပေါက်ပွားကာ အူနံရံမှတဆင့် အသည်းသို့ရောက်ရှိပြီး အသည်းကိုပျက်စီးစေနိုင်ပါသည်။
3. အရက်အလွန်အကျွံသောက်သုံးခြင်းဖြင့် နှလုံးကြီးခြင်းနှင့် နှလုံးခုန်မမှန်ခြင်းတို့ဖြစ်စေရုံမျှမက သွေးတိုးခြင်းကိုလည်း ဖြစ်စေနိုင်ပါသည်။
4. အရက်ကြောင့် ပန်ကရိယရောင်ခြင်းကိုလည်း ဖြစ်စေနိုင်ပါသည်။
5. ခံတွင်းကင်ဆာ၊ အစာရေမြိုကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အသည်းကင်ဆာနှင့် ရင်သားကင်ဆာ စသောကင်ဆာများဖြစ်နိုင်ချေကိုလည်း မြင့်မားစေပါသည်။
6. နေ့စဉ်နေ့တိုင်း (သို့) နေ့တိုင်းနီပါးအရက်သောက်သုံးပါက ကိုယ်ခံအားစနစ်ကျဆင်းလာပြီး ရောဂါပိုးများအလွယ်တကူ၀င်ရောက်ကာ မကြာခဏဖျားနာခြင်းများကို ကြုံတွေ့ရနိုင်ပါသည်။
အရက်ဖြိုခွဲခြင်းဖြစ်စဉ်တွင်ပါ၀င်သော အသည်း၏အခန်းကဏ္႑
အသည်း၏လုပ်ဆောင်ချက်မှာ အောက်ဆီဂျင်ကို ဓာတ်တိုးဆန့်ကျင်သည့် နည်းလမ်းဖြင့် အရက်များကိုသွေးတွင်းမှ ဖယ်ရှားကာ ရေနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်အသွင်ပြောင်းပေးခြင်းဖြစ်ပါသည်။ အရက်များစုပုံလာပါက ဆဲလ်များကိုပျက်စီးစေရုံမျှမက အင်္ဂါအစိတ်အပိုင်းတို့ကိုပါ တဖြည်းဖြည်းဖျက်ဆီးနိုင်ပါသည်။ ဤသို့မဖြစ်စေရန် ဓာတ်တိုးဆန့်ကျင်သည့်နည်းလမ်းဖြင့် အသည်းမှကာကွယ်ပေးနိုင်ပါသည်။ သို့ရာတွင် အရက်များအလွန်အကျွံသောက်သုံးပါက အသည်းမှာ ၎င်းဖြစ်စဉ်ကိုအချိန်မီစေရန် လုပ်ဆောင်ခြင်းငှာ မစွမ်းသာတော့ပေ။ ထို့ကြောင့် Dr.Menon က အရက်ကို ဓာတ်တိုးဆန့်ကျင်၍ ချေဖျက်ခြင်းပြုလုပ်နေသောကြောင့် အဆီများချေဖျက်ခြင်းကို အသည်းမှမလုပ်ဆောင်နိုင်တော့ဘဲ အသည်းအဆီဖုံးခြင်းဖြစ်လာရခြင်းဟု ရှင်းပြထားပါသည်။
အရက်သောက်ခြင်း၏ ကနဦးရောဂါအခြေနေဖြစ်သည့် အသည်းအဆီဖုံးခြင်းသည် တစ်နေ့လျှင် အရက် 11/2 မှ 2 အောင်စသောက်သုံးသူ 90 ရာခိုင်နှုန်းခန့်တွင် ဖြစ်ပွားလေ့ရှိသည်။ အကယ်၍ဆက်လက်သောက်သုံးနေပါကမူ အသည်းကျုံ့ခြင်းမှတဆင့် နောက်ဆုံးတွင် အသည်းခြောက်ခြင်းထိဖြစ်စေနိုင်ပါသည်။
သတင်းကောင်းတစ်ခုမှာ 4 ပတ်မှ 6 ပတ်ထိ လုံး၀အရက်မသောက်သုံးပါက အသည်းအဆီဖုံးခြင်းမှာ ပြန်ကောင်းနိုင်ပါသည်။ သို့ရာတွင် အသည်းခြောက်ခြင်းမှာမူ လုံး၀ပြန်မကောင်းနိုင်တော့သည့်အပြင် အသည်းလုပ်ဆောင်ချက်များ ရပ်တန့်သွားသည်အထိပင်ဖြစ်နိုင်ကြောင်း Dr.Menon ၏ အဆိုအရသိရပါသည်။
အကယ်၍သင်သည် အရက်အလွန်အကျွံသောက်သုံးသူတစ်ဦးဖြစ်ပြီး အသားအရောင်ဝါလာခြင်း၊ ၀မ်းဗိုက်ညာဘက်အပေါ်ထောင့်တွင်အောင့်ခြင်း (သို့) အကြောင်းအရာမရှိဘဲ ကိုယ်အလေးချိန်ကျဆင်းခြင်းများခံစားရပါက ဆရာ၀န်နှင့်ချက်ချင်းကုသမှုခံယူသင့်ပါသည်။
Dr. Thinzar Wynn
















