/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အသံတိတ်နှလုံးတိုက်ခိုက်ခံရခြင်း-silent-heart-attack-ရဲ့-လက္ခဏာများ

အသံတိတ်နှလုံးတိုက်ခိုက်ခံရခြင်း (Silent Heart Attack) ရဲ့ လက္ခဏာများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          နှလုံးကိုသွားတဲ့သွေးလွှတ်ကြောအတွင်း တစ်ခုခုပိတ်ဆို့သွားတဲ့အခါ (သို့) နှလုံးသွေးလွှတ်ကြော အလွန်အမင်းကျဉ်းသွားတဲ့အခါ နှလုံးကြွက်သားဆီကို သွေးကောင်းစွာ မလျှောက်နိုင်တော့ဘဲ နှလုံးကြွက်သား အချို့ ပုပ်သွားနိုင်ပါတယ်။ ဒီအခြေအနေကို နှလုံးတိုက်ခိုက်ခံရခြင်း (Heart Attack) ရတယ်လို့ခေါ်ပါတယ်။

          Heart Attack ဖြစ်ချိန်မှာ ရင်ဘတ်အောင့်ခြင်း၊ နှလုံးကို ဆွဲညှစ်ထားသလိုခံစားရခြင်း၊ လက်မောင်းကိုက်ခြင်း (လက်မောင်းကိုက်ရာကနေ တခါတရံ လည်ပင်း၊ မေးရိုးနဲ့ နောက်ကျောအထိပါ ကိုက်ခဲသွားတတ်ပါတယ်)၊ ပျို့ခြင်း၊ အစာမကြေခြင်း၊ ရင်ပူခြင်း၊ ဗိုက်နာခြင်း၊ အသက်ရှုမ၀ခြင်း၊ ချွေးစေး ထွက်ခြင်း၊ ပင်ပန်းနွမ်းလျခြင်း၊ ခေါင်းအနည်းငယ်ကိုက်ခြင်း၊ ခေါင်းမူးခြင်း စသည်တို့ထဲမှ အချို့ကို ခံစားရလေ့ရှိပါတယ်။ အဓိကအတွေ့များတာကတော့ ရင်ဘတ်အောင့်တာနဲ့ နှလုံးကို ဆွဲညှစ်ထားသလိုခံစားရတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တခါတရံမှာ အဓိကလက္ခဏာတွေမပြဘဲ ကျန်တဲ့လက္ခဏာများထဲက အချို့ကိုသာ မထင်မရှားပြတာမျိုး (Silent Heart Attack) လဲ ကြုံရနိုင်ပါတယ်။

          Couch ဆိုသူ အမျိုးသားဟာ ပထမအကြိမ် နှလုံးတိုက်ခိုက်ခံရစဉ်က ရင်ဘတ်ထဲက ဆုပ်စွဲထား သလို နာကျင်မှုကိုခံစားရပေမဲ့ ဒုတိယအကြိမ်မှာတော့ ရင်ဘတ်မအောင့်ဘဲ အသက်မရှုနိုင် တာကြောင့်  ဆေးရုံသို့ အရေးပေါ်ရောက်ရှိ ခဲ့ပါတယ်။ ဆေးရုံသို့ ရောက်သွားချိန်တွင် နှလုံးကြွက်သားများ အပြီးတိုင် ပျက်စီးခြင်း မရှိသေးတာကြောင့် ပိတ်နေတဲ့သွေးကြောများကို ပြန်လည်ပြုပြင်ပြီး အသက်ရှင်နိုင် ခဲ့ပါတယ်။

          အသံတိတ်နှလုံးတိုက်ခိုက်ခံရခြင်း (Silent Heart Attack) က ဆေးလိပ်သောက်သူ များ၊ နှလုံးရောဂါမျိုးရိုးရှိသူများ၊ အ၀လွန်သူများ၊ သွေးတွင်းရှိ ကိုလက်စထရောပမာဏများသူများ၊ ဆီးချိုရောဂါ ရှိသူများနှင့် ယခင်က နှလုံးတိုက်ခိုက်ခံခဲ့ရဖူးသူများ(Heart Attack ဖြစ်ဖူးသူများ) မှာ ပိုမိုအဖြစ်များလေ့ရှိပါတယ်။ အသံတိတ်နှလုံးတိုက်ခိုက်ခံရခြင်း (Silent Heart Attack)ကို တစ်ကြိမ်ခံစားရပါက နောက်တစ်ကြိမ် တိုက်ခိုက်ခံရနိုင်ခြေလည်း ပိုများတဲ့အတွက် အထူးဂရုပြုပြီး ဆေးဝါးများမှီ၀ဲခြင်း၊ ကျန်းမာရေးနဲ့အညီ နေထိုင်စားသောက်ခြင်းတို့ ပြုလုပ်သွားဖို့လိုပါတယ်။

 

Dr. Htet Htet Aung (www.drmyanmar.com)