အသံအက်ခြင်းအတွက် အိမ်တွင်းကုထုံးများ
1. ဂျင်း
ဂျင်းသည် အသံကွဲခြင်း၊ အက်ခြင်းအတွက် အလွန်ပင်အစွမ်းထက်လှတဲ့ ဆေးစွမ်းကောင်း တစ်လက်ဖြစ်ပါတယ်။ အသံအိုးပတ်လည်မှာရှိတဲ့ အချွဲနံရံများကို ချေမွေ့စေ၍ ရောင်ရမ်းခြင်းကိုလည်း သက်သာစေပါတယ်။ ထို့ပြင် အသက်ရှုလမ်းကြောင်းအတွင်း ပိုးမဝင်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
- လတ်ဆတ်တဲ့ဂျင်းပြားလေးများကို ပုံမှန်စားသုံးပေးပါ။ အရသာပိုရှိစေရန် ဆား၊ သံပုယိုရည်အနည်းငယ်ဖြင့် စားသုံးနိုင်ပါတယ်။
- အခြားနည်းလမ်းတစ်ခုကတော့ ပါးပါးလှီးထားတဲ့ ဂျင်းလက်ဖက်ရည်ဇွန်း 1 ဇွန်းကို ရေနွေးပူပူတစ်ခွက်ထဲထည့်၍ 10 မိနစ်ခန့်ကြာအောင် နှပ်ထားပါ။ ပျားရည်အနည်းငယ်ရော၍ တစ်နေ့လျှင် 3 ကြိမ်အထိသောက်သုံးနိုင်ပါတယ်။
- ဂျင်းသကြားလုံးစားခြင်းဟာလည်း အာနိသင်တူတူပဲဖြစ်ပါတယ်။
2. ပျားရည်
ပျားရည်သည်လည်း အသံကွဲဲခြင်းအတွက် ဆေးကောင်းတစ်လက်ဖြစ်ပြီး လည်ချောင်းရှင်းစေကာ ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။
- လည်ချောင်းမခြောက်စေရန် ပျားရည်လက်ဖက်ရည်ဇွန်း 1 ဇွန်းခန့်ကို မကြာခဏစားသုံးပေးပါ။
- ပျားရည်လက်ဖက်ရည်ဇွန်း 1-2 ဇွန်းခန့်ကို ငရုတ်ကောင်းအနက်မှုန့်အနည်းငယ်နဲ့ရော၍ ရေနွေးထဲထည့်ကာ မကြာခဏသောက်သုံးပေးပါ။
- ထို့ပြင် ပျားရည်နဲ့ ပင်စိမ်းရွက်အရည်ကိုအတူရော၍ တစ်နေ့လျှင် 3 ကြိမ်သောက်ပါ။
3. ပန်းသီးရှာလကာရည်
အသံကွဲခြင်းနဲ့ နာကျင်ခြင်းတွေသက်သာစေဖို့ ပန်းသီးရှာလကာရည်ကို သောက်သုံးပေးနိုင်ပါတယ်။ ၎င်းတွင် လေပြွန်ကိုရောင်ရမ်းစေတဲ့ ပိုးမွှားတွေကိုတိုက်ထုတ်ဖို့ အစွမ်းသတ္တိတွေပါဝင်ပါတယ်။
- ပန်းသီးရှာလကာရှည် လက်ဖက်ရည်ဇွန်း 1 ဇွန်းကို ရေနွေးပူပူတစ်ခွက်နဲ့ရော၍ မကြာခဏသောက်သုံးပါ။
- ရေနဲ့ ပန်းသီးရှာလကာရည်ကို ဆတူရော၍ တစ်နေ့လျှင် အနည်းဆုံးနှစ်ကြိမ်ခန့် အာလုတ်ကျင်းပေးပါ။
4. ဆားရည်ဖြင့်အာလုတ်ကျင်းခြင်း
တစ်နေ့လျှင် အကြိမ်အနည်းငယ်မျှ ဆားရည်ဖြင့်အာလုတ်ကျင်းခြင်းဖြင့် အသံအက်ရှခြင်းကို ပုံမှန်အတိုင်းပြန်လည် ကောင်းမွန်စေနိုင်ပါတယ်။ ဆား၏အာနိသင်မှာ အသက်ရှုလမ်းကြောင်းမှ ချွဲများကို ဖယ်ရှားပေးနိုင်ပြီး ရေနွေးမှာမူ လည်ချောင်းယားယံခြင်းကိုသက်သာစေပါတယ်။ ထို့ပြင် ဆားသည်ရောဂါပိုးများကိုလည်း သေစေနိုင်တာကြောင့် လည်ချောင်းပိုးဝင်ခြင်းကိုကာကွယ်ပေးပါတယ်။
- ဆားလက်ဖက်ရည်ဇွန်း 1 ဇွန်းကို ရေနွေး 1 ခွက်ဖြင့့်ရောပါ။
- ဆားများပျော်သွားသည်အထိ သေချာမွှေပေးပါ။
- တစ်နေ့လျှင် 2 ကြိမ်မှ 3 ကြိမ်အထိ အာလုတ်ကျင်းပေးပါ။
5. ရေနွေးငွေ့ကုထုံး
အသံကွဲရှခြင်းနဲ့အက်ခြင်း အဓိကဖြစ်စေတဲ့ အကြောင်းအရင်းကတော့ လည်ချောင်းခြောက်သွေ့ လို့ပဲဖြစ်ပါတယ်။ ရေနွေးငွေ့ဟာ လည်ချောင်းခြောက်ခြင်းကို သက်သာစေပါတယ်။ ပို၍ထိရောက်စေလိုပါက အလှဆီအစက် အနည်းငယ်ထည့်၍ အသုံးပြုနိုင်ပါတယ်။
- ရေနွေးတစ်အိုးကို ပွက်ပွက်ဆူအောင်တည်ပါ။
- ပန်းအဆီတစ်မျိုးမျိုးကို 3-4 စက်ထည့်ပါ။
- ခေါင်းကို သဘက်ဖြင့်အုပ်၍ အိုးမှထွက်လာတဲ့ရေနွေးငွေ့တွေကို ရှုပါ။
- တစ်နေ့လျှင် နှစ်ကြိမ်ခန့်ပြုလုပ်ပါ။
6. ငရုတ်ပွအမှုန့်
အသံအက်ခြင်းကို လျင်လျင်မြန်မြန်သက်သာစေလိုပါက ငရုတ်ပွအမှုန့်ကို အသုံးပြုနိုင်ပါတယ်။ လည်ချောင်းကွဲခြင်းကို သက်သာစေရုံသာမက နာကျင်ခြင်းနဲ့ ရောင်ရမ်းခြင်းတွေကိုပျောက်ကင်းစေ၍ ပိုးမဝင်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
- ငရုတ်ပွမှုန့်လက်ဖက်ရည်ဇွန်း 1/2 - 1 ဇွန်းကို ပျားရည်လက်ဖက်ရည်ဇွန်း 1 ဇွန်းဖြင့် ရောမွှေ၍ စားသုံးပါ။
- ငရုတ်ပွမှုန့် လက်ဖက်ရည်ဇွန်း ¼ ဇွန်းနှင့် သံပယိုအရည် လက်ဖက်ရည်ဇွန်း ½ ဇွန်းကို ရေနွေးတစ်ဖန်ခွက်ဖြင့်ရော၍ သောက်ပါ။
7. သံပယိုသီး
သံပယိုသီးသည် လည်ချောင်းအတွင်းရှိ အစိုဓာတ်ကို ထိန်းသိမ်းပေးရုံသာမက ရောင်ရမ်းခြင်းနှင့် နာကျင်ခြင်းတို့ကိုပါ သက်သာစေနိုင်တာကြောင့် အသံအက်ခြင်းကို အလျင်အမြန်ပျောက်ကင်းစေပါတယ်။ ထို့ပြင် သံပယိုသီးမှာပါတဲ့ ဗီတာမင် C သည် ပိုးမွှားများပျံ့နှံ့ခြင်းကိုလည်း တားဆီးပေးနိုင်ပါတယ်။
- ပျားရည်နှင့် သံပုယိုရည် လက်ဖက်ရည်ဇွန်း 1 ဇွန်းစီကို ရေနွေးတစ်ဖန်ခွက်ဖြင့်ရော၍ မကြာခဏသောက်ပေးပါ။
- အခြားနည်းလမ်းတစ်ခုကတော့ သံပုယိုသီးတစ်လုံးကို အရည်ညှစ်၍ ရေနွေးဖန်ခွက်တစ်ဝက်ခန့်ဖြင့်ရောကာ တစ်နေ့လျှင် အနည်းဆုံးနှစ်ကြိမ် အလုတ်ကျင်းပေးပါ။ ဆားအနည်းငယ်ထည့်၍လည်း ပြုလုပ်နိုင်ပါတယ်။
- သံပုယိုစိတ်ပေါ်တွင် ဆားနှင့် ငရုတ်ကောင်းအနည်းငယ်ဖြူး၍ လျက်စားနိုင်ပါတယ်။
8. ကြက်သွန်ဖြူ
ကြက်သွန်ဖြူသည်လည်း လည်ချောင်းအက်ရှခြင်းကိုသက်သာစေနိုင်တဲ့ မီးဖိုချောင်းဟင်းခတ် အမွှေးအကြိုင်တစ်မျိုး ဖြစ်ပါတယ်။ ရောင်ရမ်းခြင်းကိုကာကွယ်ပေး၍ နာကျင်မှုကိုသက်သာစေကာ အနာကျက်လည်းမြန်စေပါတယ်။
- ကြက်သွန်ဖြူတစ်မွှာကို ထက်ခြမ်း,ခြမ်း၍ ပါးစောင်တစ်ဖက်တစ်ချပ်စီတွင် ငုံ၍ ဖြေးညှင်းစွာကိုက်ပါ။ အရည်ကို မြိုချခြင်းဖြင့် အနာကျက်မြန်၍ လည်ချောင်းရှခြင်းများကိုသက်သာစေနိုင်ပါတယ်။
- ကြက်သွန်အနည်းငယ်ကို ရေ ¼ ခွက်ထဲထည့်၍ တစ်နေ့လျှင် နှစ်ကြိမ်ခန့် အာလုတ်ကျင်းပေးပါ။
အခြားသတိပြုရန်များ
- ရေခဲချောင်းများစားခြင်းကို ရှောင်ကျဉ်ပါ။
- အော်ပြောခြင်းကို ရှောင်ကြဉ်ပါ။
- ချောင်းဟန့်သံပြုလုပ်၍လည်ချောင်းရှင်းခြင်းသည် အသံကွဲခြင်းကို ပိုဆိုးစေနိုင်တာကြောင့် ရှောင်ကျဉ်ပါ။
- ဆေးလိပ်သောက်ခြင်း၊ တဆင့်ခံဆေးလိပ်ငွေ့ရှုခြင်းကို ရှောင်ကြဉ်ပါ။
- အရက်သောက်ခြင်းသည် လည်ချောင်းကိုပိုမိုခြောက်သွေ့စေနိုင်တာကြောင့်ရှောင်ကျဉ်ပါ။
- ရေနွေးငွေ့စက်ကို အိပ်ခန်းထဲတွင်ထားခြင်းဖြင့် အိပ်နေစဉ်လည်ချောင်းအစိုဓာတ်ကို ထိန်းထားပေးနိုင်ပါတယ်။
- တစ်နေ့လုံးရေနွေးကို မကြာခဏသောက်သုံးပေးခြင်းဖြင့် အသံကြိုးများကို စိုစွတ်နေစေပါတယ်။
- ရေနွေးဖြင့် ရေချိုးခြင်းဖြင့် အသက်ရှုလမ်းကြောင်းကို ပွင့်စေကာ အစိုဓာတ်ကိုလည်းရရှိစေနိုင်ပါတယ်။
- အသက်ပြင်းပြင်းရှုသွင်းတဲ့လေ့ကျင့်ခန်းများကို ပြုလုပ်ခြင်းဖြင့် လည်ချောင်းရဲ့အတွင်းနံရံကို စိုစွတ်အောင် ထိန်းသိမ်းနိုင်ရုံသာမက အသက်ရှုလမ်းကြောင်းပိတ်ခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။
Dr. Thinzar Wynn
















