/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အအေးမိ၊-ဖျားနာပါက-အိမ်မှာ-နားနေသင့်လား-အလုပ်-သွားရမှာလား

အအေးမိ၊ ဖျားနာပါက အိမ်မှာ နားနေသင့်လား? အလုပ် သွားရမှာလား?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          မနက် အိပ်ရာနိုးလာချိန်မှာ နေလို့မကောင်းသလို ခံစားရမယ်၊ နှာတွေချေပြီး ခေါင်းတွေ ကိုက်နေတယ်ဆိုရင် အိမ်မှာပဲ နားနေမလား? အလုပ် သွားမလား? ဆိုတဲ့ ဆုံးဖြတ်ချက်တစ်ခုခုချဖို့ ခက်နေတတ်ပါတယ်။ နေမကောင်းဘူးလို့ ပြောနိုင်တဲ့၊ အနားယူသင့်တဲ့ အဖြစ်များသော ရောဂါလက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်။ ကိုယ်ခံစားနေရတဲ့ လက္ခဏာတွေနဲ့ တိုက်ဆိုင်စစ်ဆေးနိုင်ပါတယ်။

 

1.      နှာစေးခြင်း၊ နှာတရှုံ့ရှုံ့ဖြစ်ခြင်း

          နှာတရှုံ့ရှုံ့ ဖြစ်နေတယ်၊ ကိုယ်မပူဘူး၊ ကိုယ်လက်နာကျင်ကိုက်ခဲတာတွေ မရှိဘူးဆိုရင် ဓာတ်မတဲ့တာ တစ်ခုခုကြောင့်ပါ။ အလုပ်သွားလို့ အဆင်ပြေပါတယ်။ ဆရာ၀န်နဲ့ပြသပြီး နှာစေးပျောက်ဆေးသောက်သုံးပါ။

 

2.      ချမ်းတုန်ခြင်း၊ ချေွးထွက်ခြင်း

        အဝတ်အစားတွေ အရမ်းစိုစွတ်နေတယ် ဆိုရင်တော့ ကိုယ်ပူနေတာ ဖြစ်နိုင်ပါတယ်။ အရည်များများ သောက်ပါ။ အဖျား 102°F အထက် ရှိတယ်ဆိုရင် ဆရာဝန် ပြသပါ။ ဒါက တုပ်ကွေးဖြစ်နိုင်တဲ့အတွက် နေကောင်းလာတဲ့အထိ အလုပ်မသွားဘဲ အနားယူပါ။

          ကိုယ်ပူပြီး အာသီးပေါ်မှာ အဖြူစက်တွေပါ တွေ့ရတယ်ဆိုရင် ဘက်တီးရီးယားကြောင့် လည်ချောင်းနာတာ ဖြစ်နိုင်ပါတယ်။ ဒါက ကူးစက်နိုင်တဲ့အတွက် ပိုးသတ်ဆေးသောက်ဖို့ လိုပါတယ်။ ဆရာဝန်ပြပြီး ဆေးသေချာသောက်ပါ။

 

3.      ချောင်းဆိုးခြင်း

        လည်ချောင်းယားယံပြီး ချွဲတွေ ထနေတယ်ဆိုရင် ဓာတ်မတဲ့ခြင်းကြောင့် (သို့) အအေးမိလို့ ချောင်းဆိုးတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ချောင်းဆိုးတာအပြင် ဖျားခြင်း၊ ကိုက်ခဲခြင်း စတဲ့ အခြားလက္ခဏာတွေ ခံစားရတာ မရှိဘူးဆိုရင်တော့ အလုပ်သွားလို့ ရပါတယ်။

          ရက်အနည်းငယ် နေမကောင်းဖြစ်နေပြီး ချွဲအဝါညစ်ညစ်တွေ ထွက်တယ်ဆိုရင် အအေးမိတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုဖြစ်တာ တစ်ပတ်ထက် ပိုလာပြီဆိုရင်တော့ ဆေးခန်းသွားပြတာ ကောင်းပါတယ်။

          ချောင်းဆိုးတာ အရမ်းပြင်းထန်ပြီး အသက်ရှူပါ မြန်လာတယ်ဆိုရင် ရိုးရိုးအအေးမိတာထက် ပိုသွားပါပြီ။ လေပြွန်ရောင်ခြင်း၊ အဆုတ်ရောင်ခြင်း စတဲ့ ပိုပြီးပြင်းထန်တဲ့ ရောဂါတွေရဲ့လက္ခဏာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဆေးခန်း သေချာပြပြီး အိမ်မှာ နားနေပါ။

 

4.      နားကိုက်ခြင်း

        နားကိုက်ပြီး အသံတွေကို သေချာမကြားရဘဲ နားအူနေတာက နားကို ပိုးဝင်လို့ ဖြစ််နိုင်ပါတယ်။ အအေးမိတာကြောင့်လည်း တစ်ခါတလေမှာ နားကိုက်တတ်ပါတယ်။ ဘာကြောင့်ဖြစ်တာလဲ သိဖို့ ဆရာဝန်နဲ့ သေချာပြသပြီး ညွှန်ကြားတဲ့ဆေး သောက်ပါ။ နားပိုးဝင်ခြင်းက မကူးစက်တတ်ပါဘူး။ ဒါပေမဲ့ နားကိုက်တာနဲ့အတူ အအေးမိတဲ့လက္ခဏာတွေပါ ရှိတယ်ဆိုရင်တော့ ပထမ 2 ရက်၊ 3 ရက်မှာ အခြားသူတွေကို ပျံ့နှံ့နိုင်ပါတယ်။

 

5.      မျက်လုံး၊ နဖူး၊ ပါး၊ သွား စသည့် ဦးခေါင်းတစ်ခုလုံး ကိုက်ခဲခြင်း

        မျက်လုံးတစ်ဝိုက်၊ နဖူးအထက်ပိုင်း၊ ပါးရိုးတစ်လျှောက်နဲ့ သွားအပေါ်တွေမှာ ကိုက်ခဲနေတယ်ဆိုရင် ဦးခေါင်းခွံအခေါင်းထဲကို ပိုးဝင်နေတာ ဖြစ်နိုင်ပါတယ်။ အိမ်မှာ နားနေလိုက်ပါ။ ဒါက ကူးစက်ရောဂါ မဟုတ်တဲ့အတွက် နောက်နေ့မှာ အလုပ်သွားလို့ ရပါတယ်။ တစ်ပတ်လောက်ကြာတဲ့အထိ ရောဂါလက္ခဏာတွေက မပျောက်သွားဘဲ ပိုဆိုးလာတယ်ဆိုရင်တော့ ဆေးခန်းပြပါ။

 

6.      ခေါင်းကိုက်ခြင်း

        မနက်နိုးလာချိန်မှာ ခေါင်းကိုက်ပြီး နှာချေ၊ နှာရည်ယို၊ ကိုယ်လက်ကိုက်ခဲတာတွေ ခံစားရပြီဆိုရင်တော့ အအေးမိတာ ဖြစ်နိုင်ပါတယ်။ စဖြစ်ဖြစ်ချင်း 2 ရက်လောက်က တခြားသူတွေကို ကူးနိုင်တဲ့အတွက် အိမ်မှာ နားနေရပါမယ်။ ခေါင်းကိုက်တာအပြင် ဆူညံတဲ့အသံတွေ၊ အလင်းတွေကို မခံစားနိုင်ဘူးဆိုရင် ခေါင်းတစ်ခြမ်းကိုက်တာ ဖြစ်နိုင်ပါတယ်။ အလုပ်မလုပ်ဘဲ နားနေပါ။ ဒီလက္ခဏာတွေ ထပ်ခါထပ်ခါ ခံစားနေရတယ် ဆိုရင်တော့ ဆေးခန်းသေချာပြပြီး ကုသမှု ခံယူပါ။

 

7.      မျက်လုံးများ နီနေခြင်း

        မျက်လုံးနီနေပြီး ထောင့်မှာ နို့နှစ်ရောင် (သို့) အဝါရောင်မျက်ဝတ်တွေ ထွက်နေကာ မျက်တောင်တွေကလည်း မွဲခြောက်နေတယ်ဆိုရင် မျက်စိနာတာ ဖြစ်နိုင်ပါတယ်။ မျက်စိနာတာက တခြားသူတွေကို ကူးစက်နိုင်တဲ့အတွက် အိမ်မှာပဲ နားနေပါ။ ပိုးသတ်ဆေး လို၊ မလို သိဖို့အတွက် ဆရာဝန်နဲ့ ပြသပါ။ တခြားသူတွေကို မကူးစက်စေဖို့အတွက် လက်ကို မကြာခဏ သေချာဆေးကြောပါ။

 

Dr. Mya Myo Myo Swe (www.drmyanmar.com)