အာသီးရောင်ခြင်းအတွက် အိမ်တွင်းကုထုံးများ
အိမ်တွင်းကုထုံးရဲ့ ရည်ရွယ်ချက်ကတော့ လည်ချောင်းနာခြင်း၊ နှာစေးခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း စတဲ့ရောဂါလက္ခဏာတွေ သက်သာစေဖို့ပဲဖြစ်ပါတယ်။
ကလေးတွေအာသီးရောင်ရင် အောက်ပါအိမ်တွင်းကုထုံးတွေက သက်သာစေနိုင်ပါတယ်။
- အသက် 8 နှစ်နှင့်အထက်ကလေးများတွင် ဆားရေနွေးဖြင့် မကြာခဏပလုတ်ကျင်းပေးပါ။ ဆား စားပွဲတင်ဇွန်း 1 ဇွန်းနဲ့ ရေနွေး 240 ml ရောစပ်ပြီး ဆားရေနွေးပြုလုပ်နိုင်ပါတယ်။
- လက်ဖက်ရည်၊ စွပ်ပြုတ်၊ သစ်သီးဖျော်ရည်၊ ဓာတ်ဆားရည် စသည်ဖြင့် အရည်အပူဖြစ်စေ၊ အအေးဖြစ်စေသောက်ပါ။
- လည်ချောင်းနာသက်သာစေဖို့ အကိုက်အခဲပျောက်ဆေးတိုက်နိုင်ပါတယ်။ ကလေးတွေကို ဆေးတိုက်ရင် ဆရာဝန်ညွှန်ကြားချက်အတိုင်း အတိအကျတိုက်ပါ။
- များများအနားယူပါ။
- အခန်းထဲမှာ ရေနွေးငွေ့စက်ထားပါ။
- လည်ချောင်းနာသက်သာစေဖို့ ငုံဆေးတွေလည်းငုံနိုင်ပါတယ်။ ကလေးတွေကိုတော့ လည်ချောင်းနင်မှာစိုးတဲ့အတွက် ငုံဆေးမပေးပါနဲ့။ ဒါ့အပြင် ငုံဆေးအများစုမှာ မလိုအပ်တဲ့ ပါဝင်ပစ္စည်းတွေထည့်ထားတဲ့အတွက် အန္တရာယ်ရှိနိုင်ပါတယ်။
တခြားရောဂါရှိတဲ့ကလေးတွေအတွက် အအေးမိချောင်းဆိုးပျောက်ဆေးတွေက စိတ်မချရတတ်ပါဘူး။ ဒါကြောင့် ကလေးတွေကို ဆေးတိုက်ရင် အညွှန်းနဲ့ ပါဝင်ပစ္စည်းတွေကို သေချာဖတ်ပြီးမှတိုက်ပါ။
အသက်ရှူလမ်းကြောင်းအပေါ်ပိုင်း ပိုးဝင်တဲ့လက္ခဏာမတွေ့ဘဲ လည်ချောင်းနာခြင်းနဲ့အတူ ရုတ်တရက်ဖျားခြင်း၊ အကျိတ်ရောင်ခြင်းတွေပါဖြစ်ရင် ဘက်တီးရီးယားပိုးကြောင့်ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်လာရင် ဆရာဝန်နဲ့ပြပြီးလိုအပ်ရင် ပိုးသတ်ဆေးသောက်ရပါမယ်။ ကောင်းကောင်းအနားယူဖို့နဲ့ ပိုးသတ်ဆေးကို ညွှန်ကြားချက်အတိုင်း တိတိကျကျသောက်ဖို့ အလွန်အရေးကြီးပါတယ်။ ပိုးသတ်ဆေးစသောက်တဲ့ 1 ရက် 2 ရက်လောက်က သူများတွေကို ကူးနိုင်တဲ့အတွက် ကလေးကို ကျောင်းမလွှတ်ပါနဲ့ဦး။
Dr. Mya Myo Myo Swe
















