/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အိပ်စက်နေစဉ်-ခဏခဏနိုးခြင်းက-အိပ်စက်ချိန်နည်းခြင်းထက်

အိပ်စက်နေစဉ် ခဏခဏနိုးခြင်းက အိပ်စက်ချိန်နည်းခြင်းထက် စိတ်မကြည်လင်မှု ပိုဖြစ်စေ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ညအိပ်ချိန်တွင် ခဏခဏနိုးနေသူတွေက အိပ်စက်ချိန်နည်းပါးသူတွေထက် ပိုပြီးပင်ပန်းနွမ်းနယ်မှုနဲ့ စိတ်မကြည်လင်မှုကို ခံစားရတယ်လို့ John Hopkins Medicine မှ လေ့လာမှုတစ်ခုအရ သိရပါတယ်။
လေ့လာမှုက သုံးရက်ကြာမြင့်ခဲ့ပြီး လူပေါင်း 62 ယောက်နဲ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ကျန်းမာရေးကောင်းမွန်တဲ့ အမျိုးသားနဲ့ အမျိုးသမီး စုစုပေါင်း 62 ယောက်ကို အုပ်စု 3 စုခွဲပြီး ပထမအုပ်စုကို အိပ်နေစဉ်တွင် အတင်းအကျပ်နှိုးကာ ဒုတိယ အုပ်စုကို နောက်ကျမှ အိပ်ရာဝင်စေပြီး တတိယအုပ်စုကိုတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေခဲ့ပါတယ်။ သုံးညဆက်တိုက် စမ်းသပ်မှုပြုပြီး တဲ့နောက်မှာ ကောင်းစွာမအိပ်စက်ရတဲ့အုပ်စုရဲ့ စိတ်ကြည်လင်မှုက 31 ရာခိုင်နှုန်း၊ အိပ်ရာဝင် နောက်ကျတဲ့အုပ်စုက စိတ်ကြည်လင်မှု 12 ရာခိုင်နှုန်း အသီးသီး လျှော့ကျနေတာကို တွေ့ရပါတယ်။

အိပ်ပျော်စဉ်တွင် ခဏခဏနိုးနေခြင်းကြောင့် Slow wave sleep လို့ခေါ်တဲ့ အိပ်စက်ခြင်းရဲ့ အဆင့်တစ်ဆင့်ဆီ သို့မရောက်နိုင်တော့ပါဘူး။ Slow wave sleep ဆိုတာ တစ်ကိုယ်လုံးမှာ ရှိတဲ့ ကြွက်သားတွေ ဖြေလျော့သွားပြီး နှလုံးခုန်နှုန်းနဲ့ အသက်ရှုနှုန်းတွေ နှေးကွေးကာ နှစ်ခြိုက်စွာ အိပ်ပျော်တဲ့အဆင့် ဖြစ်ပါတယ်။ ကောင်းစွာအိပ်ပျော်တဲ့လူတွေမှာ ခန္ဓာကိုယ်က အားအင်သစ်တွေ ပြန်လည်မွေးဖွားခြင်းနဲ့ ခုခံအားစနစ်ကို ကောင်းမွန်စေခြင်းတို့ကို အဲဒီအဆင့်မှာ လုပ်ဆောင်တာကြောင့် တစ်နေ့မှာ 7 နာရီ၊ 8 နာရီ အိပ်ပေမယ့် ခဏခဏနိုးနေပါက မရွှင်မပျဖြစ်ခြင်း၊ ထိုင်းမှိုင်းခြင်း၊ စိတ်တိုခြင်းတို့ကို ခံစားရတာ ဖြစ်ပါတယ်။ ဤတွေ့ရှိချက်ကို အိပ်မပျော်တဲ့ဝေဒနာ ခံစားရသူတွေကို ကုသရာမှာ အသုံးချနိုင်လိမ့်မယ်လို့ သုတေသီတွေက မျှော်လင့်ထားကြပါတယ်။

Dr. Htet Htet Aung

www.drmyanmar.com