အိပ်ရာ၀င်ခါနီး မစားသင့်သောအစားအစာများ
အချို့သောအစားအစာများမှာအာဟာရဓာတ်များ ကြွယ်၀စွာပါ၀င်ပြီး ခန္ဓာကိုယ်ကို ကောင်းကျိုးပြုသော်လည်း ညအိပ်ရာ၀င်ခါနီးစားသုံးပါက မလိုလားအပ်သောအဆီများ စုပုံလာခြင်း၊ အိပ်မပျော်ခြင်းစတဲ့ ဆိုးကျိုးများကိုဖြစ်စေပါတယ်။ ဒါကြောင့် အိပ်ရာ၀င်ခါနီး မစားသင့်သော အစားအစာများကို ဖော်ပြလိုက်ပါတယ်။
1. ယိုစုံ
ညအိပ်ရာ၀င်ချိန်မှာ ယိုစုံတွေ (ဥပမာ-မြေပဲထောပတ်ယို၊ ဗန်ဒါစေ့ယို)ကိုစားတာကြောင့် ကိုယ်အလေးချိန်ကို တိုးစေနိုင်ပါတယ်။ အကယ်၍ ညအိပ်ရာ၀င်ခါနီး ဗိုက်ဆာတယ်ဆိုရင်တော့ မြေပဲထောပတ်အစား နွားနို့ တစ်ဖန်ခွက်လောက်သောက်ပေးပါ။ နွားနို့မှာပါတဲ့ ကယ်လဆီယမ်ဓာတ်ဟာ ဆာလောင်မှုကိုဖြေဖျောက်ပေးနိုင်ပြီး အာရုံကြောများကို ငြိမ်သက်စေကာ ကောင်းစွာအိပ်ပျော်စေပါတယ်။
2. အရက်
အိပ်ရာမ၀င်ခင်မှာ အရက်သောက်ခြင်းကြောင့် ကောင်းမွန်စွာအိပ်စက်နိုင်တယ်လို့ လူအများစုက ယုံကြည်ကြပါတယ်။ အရက်မှာလူကို မူးေ၀စေနိုင်တဲ့ အာနိသင်ရှိပေမယ့် အိပ်စက်ခြင်းကိုတော့ အထောက်အကူ မပြုပါဘူး။ အရက်သောက်ခြင်းကြောင့် ခန္ဓာကိုယ်တွင်းရှိ ရေဓာတ်များခန်းခြောက်သွားပြီး အိပ်ပျော်နေစဉ် အတောအတွင်းမှာလုပ်ဆောင်တဲ့ ပြုပြင်ခြင်းလုပ်ငန်းတွေဟာလည်း လျှော့ကျသွားပါတယ်။ ညဥ့်နက်သန်းခေါင်ယံချိန်တွင် နိုးနေခြင်း၊ မနက်မိုးလင်းသည်အထိ အိပ်မပျော်ဘဲ မျက်စိကြောင်နေခြင်းတို့ ဖြစ်လာပါတယ်။ ဒါကြောင့် ကောင်းစွာအိပ်စက်လိုတယ်ဆိုရင်တော့ အိပ်ရာမ၀င်ခင်မှာ အရက်သောက်တာကိုရှောင်ရှားပေးပါ။
3. သကြားလုံးနှင့် မုန့်အချိုများ
လေ့လာမှုများအရ အိပ်ရာမ၀င်ခင်မှာ သကြားလုံးကဲ့သို့သော အချိုဓာတ်ပေါများသည့် သွားရေစာများကို စားသုံးခြင်းနဲ့ အိပ်မက်ဆိုးမက်ခြင်းတို့ ဆက်စပ်မှုရှိကြောင်းတွေ့ရပါတယ်။ အိပ်ရာမ၀င်ခင် သကြားလုံးစားလေ့ရှိသူ 10 ယောက်မှာ 7 ယောက်က အိပ်မက်ဆိုးမက်လေ့ရှိတယ်လို့ သိရပါတယ်။ သကြားလုံးများမှာ အချိုဓာတ်ပေါများစွာ ပါ၀င်တာကြောင့် အိပ်မက်ဆိုးမက်စေတဲ့ ဦးနှောက်လှိုင်းများကိုဖြစ်စေပါတယ်။
4. ရေခဲမုန့်
အရသာရှိလှတဲ့ ရေခဲမုန့်ဟာလည်း အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ရေခဲမုန့်မှာပါ၀င်တဲ့ အဆီဓာတ်ဟာချေဖျက်ဖို့ ခက်ခဲသလို သကြားဓာတ်ကလည်း အိပ်မက်ဆိုးများကိုမက်စေပါတယ်။
5. အာလူးကြော်
၀ိတ်လျှော့နေတယ်ဆိုရင် ညနေပိုင်းကစပြီး အာလူးကြော်စားတာကိုရပ်ပစ်ရမှာပါ။ အာလူးကြော်က အရသာရှိတာမို့ စစားမိတာနဲ့ မရပ်နိုင်အောင် ဖြစ်တတ်ပါတယ်။ ရုပ်ရှင်ကြည့်ရင်းစားမိရင် ပိုဆိုးပါသေးတယ်။ ဘယ်နှခုစားမိလို့ စားမိမှန်းတောင် မသိဘူးဖြစ်တတ်ပါတယ်။ နောက်ပြီး အာလူးကြော်ဟာ အာဟာရမမြောက်တဲ့ အစားအစာဖြစ်တာကြောင့် နေ့လည်နေ့ခင်းစားရင်တောင်မှ အနည်းအကျဉ်းလောက်သာ စားသင့်ပါတယ်။
6. အနီရောင်အသား
အနီရောင်အသား (အမဲသား၊ ဆိတ်သား)မှာ ပရိုတင်းဓာတ်ကြွယ်၀တာကြောင့် အစာချေဖျက်ခြင်းကို နှောင့်နှေးစေပါတယ်။ ဒါကြောင့် ညအိပ်ရာ၀င်ခါနီးမှာ စားသုံးပါက အစာခြေစနစ်ကို တစ်ညလုံးအလုပ်ပေးထားသလိုဖြစ်ပြီး မအီမသာဖြစ်စေပါတယ်။
7. ပေါင်မုန့်
ပိန်သွယ်ချင်သူတွေ အဓိကရှောင်ရှားသင့်တဲ့ အစားအစာဖြစ်ပါတယ်။ ပေါင်မုန့်မှာပါ၀င်တဲ့ ကာဗိုဟိုက်ဒရိတ်နဲ့ တစေးဟာ ခန္ဓာကိုယ်အလေးချိန်ကို တက်စေပါတယ်။ အကယ်၍ ကိုယ်အလေးချိန် တက်ချင်တယ်ဆိုရင်တော့ ပေါင်မုန့်အစား ကွေကာအုပ်ကို စားတာကကျန်းမာရေးနဲ့ ပိုပြီးညီညွတ်ပါတယ်။
8. ပီဇာ
အိပ်ရာမ၀င်ခင်မှာ ပီဇာစားသုံးတာကြောင့် ကိုယ်အလေးချိန်တက်နိုင်တယ်လို့ သိရပါတယ်။ ပီဇာဟာ ကယ်လိုရီပါ၀င်မှုများပြားတဲ့ အစားအစာတစ်ခုဖြစ်ပြီး ပီဇာမှာသုံးတဲ့ ခရမ်းချဉ်သီးဆော့ဟာလည်း အက်ဆစ်ပမာဏကို မြင့်တက်စေပါတယ်။ ဒါကြောင့် စားချဥ့်ပြန်ခြင်းနဲ့ ရင်ပူခြင်းတို့ဖြစ်နိုင်ပြီး အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေပါတယ်။ မစားရမနေနိုင်လို့ စားချင်တယ်ဆိုရင်တော့ မုန်လာဥနီ၊ ငရုတ်ပွအနီစတာတွေနဲ့ လုပ်ထားတဲ့အသီးအနှံပီဇာကို ခရမ်းချဉ်သီးဆော့ မပါဘဲစားသုံးနိုင်ပါတယ်။
9. ချောကလက်
ချောကလက်မှာ အာဟာရဓာတ်တန်ဖိုးတွေ များစွာပါ၀င်တာကြောင့် မဖြစ်မနေစားသုံးသင့် တဲ့အစားအစာပါ။ ဒါပေမဲ့ အိပ်ရာ၀င်ခါနီးစားမယ်ဆိုရင်တော့ ချောကလက်မှာပါတဲ့ ကဖင်းဓာတ်ဟာ လူကိုနိုးကြားနေစေမှာဖြစ်ပါတယ်။ အိပ်ရေးမ၀တဲ့အခါမှာ စိတ်ဖိစီးမှုဟော်မုန်းထွက်လာတာကြောင့် လူကိုပိုမိုနွမ်းနယ်စေပါတယ်။ ဒါကြောင့် ညအိပ်ရာမ၀င်ခင်မှာ ချောကလက်စားခြင်းကိုရှောင်ရှားသင့်ပါတယ်။
10. ကော်ဖီ
ကော်ဖီမှာလည်း ကဖင်းဓာတ်ပါ၀င်တာကြောင့် အိပ်စက်ခြင်းကိုအနှောင့်အယှက်ဖြစ်စေပါတယ်။ အချို့လူများတွင် အိပ်ရာမ၀င်ခင် ကော်ဖီသောက်ခြင်းကြောင့် အိပ်စက်ခြင်းကိုမထိခိုက် နိုင်သော်လည်း မနက်အိပ်ရာနိုးချိန်မှာ နွမ်းလျနေတာကိုတွေ့ရပါတယ်။
11. အီတလီခေါက်ဆွဲ
အီတလီခေါက်ဆွဲကို ညအိ်ပ်ရာ၀င်ခါနီး စားသုံးတာကြောင့် အင်ဆူလင်ပမာဏနဲ့ ကြီးထွားမှုဟော်မုန်း ပမာဏများကို မြင့်တက်စေပါတယ်။ လေ့လာမှုများအရ ၎င်းဓာတ်များမြင့်တက်နေခြင်းဟာ ခန္ဓာကိုယ်ရဲ့ ဇီ၀ဖြစ်စဉ်တွေအပေါ် ထိခိုက်မှုများရှိတယ်လို့ သိရပါတယ်။
12. တရုတ်နံနံ
တရုတ်နံနံမှာ ဗီတာမင် A ပါ၀င်တာကြောင့် မျက်လုံးအားကောင်းစေတယ်ဆိုပြီး လူတော်တော်များများ စားသုံးလေ့ရှိပါတယ်။ ဒါပေမယ့် တရုတ်နံနံမှာဆီးရွှင်စေတဲ့ အာနိသင်ရှိတာကြောင့် ညအခိျန်မှာ ဆီးခဏခဏထသွားနေရတာနဲ့ အိပ်စက်ချိန်ကိုလျော့နည်းစေပါတယ်။ ဗီတာမင် A ဓာတ် လိုချင်တယ်ဆိုရင်တော့ တရုတ်နံနံအစား မုန်လာဥနီကို စားပေးသင့်ပါတယ်။
13. အသီးအနှံများ
အိပ်ရာ၀င်ချိန်မှာ အသီးအနှံများကိုအများအပြားစားသုံးတာကြောင့် အစာမကြေခြင်း၊ အစာအိမ်အောင့်ခြင်းနဲ့ လေပွလေထခြင်းတို့ကို ခံစားရနိုင်ပါတယ်။ အိပ်ရာ၀င်ခါနီးချိန်မှာ သစ်သီးများကို ခွက်တစ်ခွက်ပမာဏထက် ပိုပြီးမစားသုံးသင့်ပါဘူး။
Dr. Htet Htet Aung
















