/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အရက်သောက်တာကောင်းလား

အရက်သောက်တာကောင်းလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        အရက်သောက်ခြင်းကြောင့် ဦးနှောက်၊ အာရုံကြော၊ အသည်း၊ နှလုံးတို့ကို ထိခိုက်စေရုံသာမက လူတစ်ယောက်မှာ အရေးအကြီးဆုံးဖြစ်တဲ့ စိတ်ဓာတ်ကိုပါ ကစဥ့်ကလျားဖြစ်စေပါတယ်။ ဒါကြောင့် အရက်သောက်ခြင်းကြောင့် ရရှိနိုင်မယ့်ဆိုးကျိုး 10 ချက်ကို ဖော်ပြရင်း အရက်မသောက်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။

 

(1)   အရက်တစ်ခွက် (သို့) နှစ်ခွက်သောက်သုံးသူအနေနဲ့ အမြင်အာရုံေ၀ဝါးလာခြင်း၊ စကားတွေကို ဗလုံးဗထွေးပြောခြင်း၊ အသိဉာဏ်ချို့ယွင်းလာခြင်း၊ လှုပ်ရှားမှုတွေနှေးကွေးလာခြင်း၊ စိတ်တည်ငြိမ်မှုမရှိတော့ခြင်း စတာတွေနဲ့တွေ့ကြုံနိုင်ပါတယ်။ ရေရှည်စွဲသောက်တဲ့သူတွေဆိုရင်တော့ ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမှာ ဖြစ်ပါတယ်။

 

(2)   အရက်အလွန်အကျွံသောက်သုံးခြင်းဖြင့် ပန်ကရိယရောင်ရမ်းခြင်း၊ သွေးဖိအားမြင့်တက်ခြင်းနဲ့ အသည်းခြောက်ရောဂါတို့ဖြစ်စေနိုင်ပါတယ်။

 

(3)   ညဘက်မှာအရက်အလွန်အကျွံ သောက်ထားသူအနေနဲ့ နံနက်ခင်းမှာအရက်နာကျခြင်းနဲ့ ရင်ဆိုင်ရမှာအမှန်ပါပဲ။ အရက်နာကျတဲ့အခါ ကြုံတွေ့ရမယ့်လက္ခဏာတွေကတော့ ပင်ပန်းနွမ်းလျခြင်း၊ ရေဆာခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများနာကျင်ကိုက်ခဲခြင်း၊ မူးေ၀ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ စူးရှတဲ့အလင်းရောင်နဲ့ ကျယ်လောင်တဲ့ အသံတွေကိုခံစားနိုင်မှုမရှိခြင်း၊ စိတ်အာရုံထွေပြားခြင်း၊ မျက်သားနီမြန်းခြင်းစတဲ့ ဆိုးကျိုးတွေနဲ့ရင်ဆိုင်ကြုံတွေ့ရမှာဖြစ်ပါတယ်။

 

(4)   အရက်စွဲနေသူတစ်ယောက်ဟာအသည်းကင်ဆာ၊ ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အသံအိုးကင်ဆာ၊ အစာပြွန်ကင်ဆာနဲ့ ရင်သားကင်ဆာတို့ဖြစ်နိုင်ချေမြင့်မားပြီး ၎င်းအနေနဲ့ ဆေးလိပ်ပါစွဲနေပါက ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေကို ပိုတိုးလာစေပါတယ်။

 

(5)   ကိုယ်၀န်ဆောင်မိခင်တွေအနေနဲ့ အရက်လုံး၀မသောက်သင့်ပါဘူး။ အရက်စွဲနေတဲ့ မိခင်မှမွေးဖွားလာတဲ့ ကလေးငယ်ဟာဦးနှောက်၊ နှလုံးနဲ့ အခြားသောအင်္ဂါအစိတ်အပိုင်း တစ်ခုခုချွတ်ယွင်းနေတဲ့ ကလေးငယ်တွေသာ ဖြစ်လာနိုင်မှာပါ။

 

(6)   အရက်သောက်ထားသူတစ်ယောက်ဟာ မိမိကိုယ်ကိုထိန်းချုပ်နိုင်စွမ်းမရှိတာကြောင့် ယာဉ်မတော်တဆမှုတွေဖြစ်နိုင်ခြင်း၊ လူသတ်မှုကျူးလွန်မိခြင်း၊ မိမိကိုယ်ကိုသတ်သေခြင်း၊ ရေနစ်ခြင်း၊ မီးလောင်မှုတွေဖြစ်စေနိုင်ခြင်းစတဲ့ အဆိုးဆုံးသောအဖြစ်မျိုးတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

 

(7)   အသက် 21 နှစ်မှ အရက်စသောက်သူတွေထက် အသက် 15 နှစ် မတိုင်မီအရက်သောက်သူများဟာ အရက်ရဲ့ကျေးကျွန်များဖြစ်သွားနိုင်ခြေပိုများပါတယ်။

 

(8)   အကြမ်းဖျဉ်းအနေနဲ့ ဘီယာတစ်ခွက်၊ ၀ိုင်တစ်ခွက် (သို့) အရက်ပြင်းတစ်ခွက်မှာ လူ့ခန္ဓာကိုယ်အတွက် အကျိုးမရှိစေတဲ့ ကယ်လိုရီ 150 ခန့်ပါ၀င်နေပါတယ်။

 

(9)   အရက်သောက်ခြင်းဖြင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတွေကိုသာမက အသက်မွေး၀မ်းကျောင်းဆိုင်ရာ လုပ်ငန်းနဲ့ပတ်သက်ပြီးတော့လည်း ထိခိုက်စေပါတယ်။ အရက်သောက်ထားသူတစ်ယောက်အနေနဲ့ စိတ်ကျရောဂါအလွယ်တကူ စွဲကပ်နိုင်တဲ့အပြင် စိုးရိမ်ပူပန်ခြင်း၊ အပြုအမူရိုင်းစိုင်းခြင်းတို့ကြောင့် လူအများရဲ့ ဥပက္ခာပြုခြင်းကိုရရှိမှာဖြစ်ပါတယ်။

 

(10) အရက်အလွန်အကျွံသောက်သုံးပါက ထိုင်းမှိုင်းခြင်း၊ သတိလက်လွတ်ဖြစ်ခြင်း၊ လေဖြတ်ခြင်း၊ မေ့မြောခြင်း တို့ ဖြစ်စေနိုင်တဲ့အပြင် အသက်သေဆုံးသည်အထိပါ ဖြစ်စေနိုင်ပါတယ်။

 

 

CMS

www.drmyanmar.com