အိမ်မှာပဲ မိမိဘာသာ သွေးပေါင်ချိန်တိုင်းတယ်ဆိုရင် ဒါလေးတွေ သိထားဖို့ လိုတယ်နော်
သွေးတိုးသမားတွေအနေနဲ့ မကြာခဏ သွေးပေါင်တိုင်းပြီး စစ်ဆေးနေဖို့ လိုပါတယ်။ အခုခေတ်မှာက အော်တိုသွေးပေါင်တိုင်းတဲ့စက်တွေ ပေါ်လာတော့ အဲစက်တွေနဲ့ပဲ အိမ်မှာ မိမိဘာသာ တိုင်းတာတွေ များလာပါတယ်။ အိမ်မှာကိုယ့်ဟာကို သွေးပေါင်တိုင်းတော့မယ်ဆိုရင် ဒီအချက်လေးတွေတော့ သိထားဖို့ လိုပါတယ်။
1. အိမ်မှာပဲ ကိုယ့်ဟာကိုယ် သွေးပေါင်တိုင်းတဲ့အခါမှာ မလိုအပ်ဘဲ ဆေးမသောက်ရတော့ဘူးပေါ့။
တချို့လူတွေက ဆရာဝန်ဆီသွား ဆေးခန်းသွားပြတာနဲ့ စိတ်တွေ လှုပ်ရှားပြီးတော့ သွေးပေါင်က တက်နေတတ်ပါလေရော။ ဒီတော့ ဆရာဝန်က သွေးတိုးနေတယ် ထင်ပြီးတော့ ဆေးတွေ ထပ်ပေးပြန်ပါတယ်။ အိမ်မှာ အေးဆေးတိုင်းတဲ့အခါမှာ စိတ်လှုပ်ရှားမှုမရှိတော့ ပိုမှန်နိုင်ပါတယ်။
2. လက်မောင်းမှာတိုင်းရတဲ့ သွေးပေါင်တိုင်းကိရိယာတွေက ပိုမှန်ပါတယ်။
အခုခေတ်မှာ သွေးပေါင်ချိန်တိုင်းတဲ့ကိရိယာတွေက အမျိုးမျိုး ပေါ်လာပါတယ်။ ကြိုးမဲ့၊ လက်ကောက်ဝတ်၊ လက်ချောင်းမှာ တိုင်းလို့ရတာတွေ၊ ကြိုးနဲ့ကိုမှ လက်မောင်းမှာတိုင်းလို့ရတဲ့ အော်တိုသွေးပေါင်တိုင်းကိရိယာနဲ့ မိမိကိုယ်တိုင် တိုင်းရတာတွေဆိုပြီး အမျိုးမျိုးပါပဲ။ ဒီထဲမှာမှ လက်မောင်းမှာ တိုင်းရတဲ့စက်တွေက ပိုမှန်ပါတယ်လို့ လေ့လာမှုတွေအရ တွေ့ရှိရပါတယ်။
3. လက်မောင်းပတ်အရွယ်အစား မှန်ကန်ဖို့လည်း အရေးကြီးပါတယ်။
အများအားဖြင့်တော့ လက်မောင်းပတ်တစ်မျိုးပဲ လာတာဖြစ်ပေမယ့် လက်မောင်းပတ်က အရွယ်အစားအမျိုးမျိုး ရှိတတ်ပါတယ်။ လက်မောင်းပတ်အရွယ်အစားက ကိုယ့်လက်မောင်းအတွက် ကြီးလွန်းသေးလွန်းနေရင်လည်း သွေးပေါင်ချိန်မှန်မှန် မရနိုင်ပါဘူး။ ဒီတော့ ဝယ်ကတည်းက သေချာကိုယ့်လက်မောင်းနဲ့ အဆင်ပြေမယ့်အရွယ်အစားကို ရွေးဝယ်ပါ။
4. ကိုယ့်ရဲ့သွေးပေါင်ချိန်တိုင်းစက်ကို ဆရာဝန်ဆီ ယူသွားပြီး စစ်ကြည့်ပါ။
သွေးပေါင်တိုင်းစက်က မှန်လား (ဆရာဝန်တိုင်းတာနဲ့ စက်မှာတိုင်းတာနဲ့ တူလားဆိုတာနဲ့) ကိုယ်သွေးပေါင် တိုင်းပုံတိုင်းနည်းမှန်လားဆိုတာကို သိဖို့အတွက် ဆေးခန်းသွားပြရင် သွေးပေါင်တိုင်းစက်ကို ယူသွားပြီး စစ်ကြည့်ပါ။ ပြီးတော့ သွေးပေါင်တိုင်းစက် မှန်၊ မမှန်ဆိုတာကို နှစ်တိုင်းပြန်စစ်သင့်ပါတယ်။
5. သွေးပေါင်ချိန် အတိုင်းအတာတွေကို ဖုန်းထဲမှာ (သို့) စာအုပ်နဲ့ သေချာမှတ်ထားပါ။
သွေးပေါင်တိုင်းတိုင်းမှာ ရက်စွဲ၊ အချိန်၊ သွေးပေါင်ချိန်တွေကို စာအုပ်နဲ့ သေချာရေးမှတ်ထားဖို့ လိုပါတယ်။
6. အိမ်မှာ သွေးပေါင်ချိန်တိုင်းတဲ့အခါမှာ အဖြေမှန်စေဖို့ လိုက်နာရမယ့်အဆင့်တွေ ရှိပါတယ်။
သွေးပေါင်ချိန် တိုင်းတဲ့အချိန်တွေမှာ ငါးမိနစ်လောက် စကားမပြောဘဲ သက်သောင့်သက်သာ အနေအထားနဲ့ ထိုင်ပါ။ ခြေထောက် ၂ ချောင်းကိုခွဲထားပါ (ချိတ်ပြီးမထိုင်ပါနဲ့)။ သွေးပေါင်မတိုင်းမီ မိနစ် ၃၀ လောက်အလိုမှာ အစာစားတာ၊ ကော်ဖီသောက်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ ဆေးလိပ်သောက်၊ ဆေးရွက်ကြီးစားတာတွေရှောင်ပါ။ တိုင်းမယ့်လက်မောင်းကွေးထားတာက ကိုယ့်နှလုံးနဲ့အမြင့်တူရပါမယ်။ လက်အောက်မှာခေါင်းအုံးလေးခံထားပါ။ စိတ်ကိုလျှော့ထားပြီး သွေးပေါင်တိုင်းပါ။ ပြီးရင် ၂-၃ မိနစ်လောက်နားပြီး တစ်ခါပြန်တိုင်းပါ။ မနက်၊ ည စတဲ့ မတူတဲ့အချိန်တွေမှာတိုင်းကြည့်ပါ။
7. သွေးပေါင်တက်နေရင် ကိုယ်ပြနေကျဆရာဝန်ကို ဆက်သွယ်ပါ။
ယေဘုယျအားဖြင့်တော့ သွေးပေါင်ချိန်က 120/80 အောက် ရှိသင့်ပါတယ်။ သွေးပေါင် ဒီထက်တက်တယ် ဒါပေမဲ့ 140/90 မကျော်သေးဘူးဆိုရင် သွေးတိုးခါနီးလို့ သတ်မှတ်ပြီးတော့ 140/90 ကျော်သွားရင်တော့ သွေးတိုးပါ။ အပေါ်သွေးပေါင် 180 ထက် (သို့) အောက်သွေး 110 ထက်တက်ရင်တော့ အရေးပေါ်အခြေအနေ ဖြစ်တဲ့အတွက် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို ချက်ချင်းသွားပြပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)















