အူတွေအကြောင်း သိထားသင့်တဲ့အချက် (၁၀) ချက်
အူတွေက ကျွနု်ပ်တို့ ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့အတွက် ကန့်လန်ကာ နောက်ကွယ်ကနေပြီး ပံ့ပိုးပေးနေပါတယ်။ ကျွနု်ပ်တို့ စားလိုက်တဲ့ အစားအစာတွေကို ဖြိုခွဲလိုက်တဲ့အခါမှာ စွမ်းအင်ထုတ်လုပ်ခြင်းကနေပြီးတော့ ဟော်မုန်းတွေညီမျှဖို့၊ အရေပြား ကျန်းမာရေးကနေပြီးတော့ စိတ်ကျန်းမာရေးအထိသာမက အဆိပ်အတောက်နဲ့ အညစ်အကြေးတွေ ဖယ်ထုတ်ဖို့အထိ ကျွနု်ပ်တို့ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်တွေအတွက် အရေးပါတဲ့ အာဟာရဓာတ်တွေကို အူတွေက စုပ်ယူပေးပါတယ်။
တကယ်တမ်းတော့ ကိုယ်ခံအားစနစ်ရဲ့ 70% လောက်က အူထဲမှာ အခြေခံတဲ့အတွက် အစာချေစနစ်ကို အကောင်းဆုံးဖြစ်စေခြင်းက ခန္ဓာကိုယ်အတွက် အလွန်အရေးကြီးပါတယ်။
1. ဝမ်းအချိန်မှန် သွားသလား?
ပုံမှန်အားဖြင့် တစ်နေ့ သုံးကြိမ်ကနေပြီးတော့ တစ်ပတ်သုံးကြိမ်အထိ ဝမ်းသွားလေ့ရှိကြပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက ဝမ်းအကျင့်ခြင်း မတူကြပေမယ့် ကျန်းမာတဲ့လူတစ်ယောက်မှာ ဝမ်းသွားတဲ့ပုံစံရှိပါတယ်။ အချိန်ကို အကြမ်းဖျဉ်းခန့်မှန်းဖို့ဆိုရင် အစာတွေက အစာချေလမ်းကြောင်းတစ်လျှောက် ရွေ့လျားလာဖို့အတွက် ၂၄ နာရီကနေပြီး ၇၂ နာရီကြာပါတယ်။ ၆-၈ နာရီ ကြာတဲ့အထိ အူမကြီးထဲကို အစာမရောက်သေးပါဘူး။ ဒါကြောင့် ဒီနောက်ပိုင်းမှပဲ အိမ်သာသွားချင်စိတ် ဖြစ်စေပါတယ်။ ဒါကြောင့် အိမ်သာထဲမှာ ဖြစ်ညှစ်မနေပါနဲ့၊ လိပ်ခေါင်းဖြစ်တာပဲ အဖတ်တင်ပါလိမ့်မယ်။
ကိုယ့်ရဲ့အချိန်ဇယားအတိုင်း မသွားဘူးဆိုရင် ဝမ်းချုပ်တာဖြစ်နိုင်ပါတယ်။ ရေဓာတ် ခမ်းခြောက်ခြင်းကြောင့်၊ အမျှင်ဓာတ်နည်းလို့ စတဲ့ အကြောင်းအရာကနေပြီးတော့ သိုင်းရွိုက်ပြဿနာအထိ အမျိုးမျိုးကြောင့် ဝမ်းချုပ်နိုင်ပါတယ်။ အကောင်းဆုံးကတော့ ကိုယ်စားနေတဲ့ အစားအစာတွေကို အရင်စစ်ဆေးပါ။ ရေ လုံလောက်စွာသောက်ပြီး ဟင်းသီးဟင်းရွက်နဲ့ သစ်သီး များများစားပါ။ ဝမ်းပုံမှန်မသွားဘူးဆိုရင် လွန်ခဲ့တဲ့ရက်တွေ၊ အပတ်တွေ ကစားထားတဲ့ အစားအစာတွေကို သယ်ဆောင်ထားတာ ဖြစ်နိုင်ပါတယ်။ အညစ်အကြေးတွေက ခန္ဓာကိုယ်ထဲမှာ ရှိသင့်တဲ့အချိန်ထက် ပိုကြာနေခြင်းက ခန္ဓာကိုယ်ထဲမှာ အကြာကြီး သန့်စင်နေရပြီး အနံ့နံစေပြီးတော့ အခြားကျန်းမာရေးပြဿနာတွေလည်း ဖြစ်နိုင်ချေရှိပါတယ်။
2. အသင့်စား အစားအစာတွေက မကောင်းပါဘူး။
အသင့်စား အစားအစာတွေက အစာတွေကို စုပ်ယူတဲ့ အူလမ်းကြောင်းနံရံတွေကို ရောင်ရမ်းစေပါတယ်။ အူက ဒါတွေကို အစာချေနိုင်တဲ့ အစားအစာလို့ မသတ်မှတ်တဲ့အတွက် ဒီလိုမျိုး fructose corn syrup မြင့်မားတဲ့အစားအစာတွေကို ရန်သူအနေနဲ့ သတ်မှတ်ပါတယ်။ ဒီအခါမှာ ရောင်ရမ်းခြင်းဖြစ်စေတဲ့ တုံ့ပြန်မှုတွေ ဖြစ်လာပါတယ်။ ပြုပြင်ထားခြင်းမရှိတဲ့ အစားအစာတွေ၊ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ ပြုပြင်မထားသော အသားများစားသုံးခြငး်က ခန္ဓာကိုယ်အပေါ် သက်ရောက်တဲ့ဖိအားတွေကို လျော့ကျစေပါတယ်။
3. Gluten နဲ့ အမြဲမတည့်ပါဘူး။
Gluten က အူယိုစီးမှုကို များစေပါတယ်။ ဆိုလိုတာကတော့ မချေရသေးတဲ့ အစားအစာတွေ၊ စွန့်ပစ်ပစ္စည်းတွေ ကဲ့သို့သောအရာတွေနဲ့ ဘက်တီးရီးယားတွေက ယိုစိမ့်နေတဲ့ အူနံရံတွေကနေပြီးတော့ သွေးထဲကိုရောက်သွားပြီး ရောင်ရမ်းခြင်းနဲ့ ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီတော့ အစားအစာတွေ ဝယ်တဲ့နေရာမှာ ပါဝင်ပစ္စည်းစာရင်းကို သေချာဖတ်ဖို့ လိုပါတယ်။ ပီကေ၊ အသုပ်ထဲကိုထည့်တဲ့ dressing ၊ အာလူးကြော် စတဲ့ မထင်တဲ့အစားအစာတွေထဲမှာလည်း ဂျုံပါနေနိုင်ပါတယ်။
4. အူထဲမှာ အကျိုးပြု ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားစေဖို့ အထောက်အကူပြုတဲ့အရာတွေ ရှိနေဖို့လည်း လိုပါတယ်။
ပိုးသတ်ဆေးသောက်ထားတာ မကြာသေးဘူးဆိုရင် အူကို အကျိုးပြု ဘက်တီးရီးယားပိုးတွေ ပြန်ထည့်ပေးဖို့ လိုပါတယ်။ ပိုးသတ်ဆေးက lactobacillus, bifidobacterium စတဲ့ အကျိုးပြု ဘက်တီးရီးယားပိုးတွေကိုရော အကုန်လုံး ရှင်းပစ်လိုက်ပါတယ်။
ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငှက်ပျောသီး၊ ပဲ စတဲ့ အစားအစာတွေက အကျိုးပြု ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားဖို့အတွက် အရေးပါပါတယ်။ ဒါတွေက အူထဲက ကောင်းတဲ့ပိုးတွေ စားတဲ့အမျှင်ဓာတ်တွေပဲ ဖြစ်ပါတယ်။
5. အူထဲကို အကျိုးပြု ဘက်တီးရီးယားလည်း ဖြည့်ပေးပါ။
အကျိုးပြု ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားစေဖို့ အထောက်အကူပြုတဲ့အရာတွေနဲ့အတူ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အကျိုးပြု ဘက်တီးရီးယားပိုးပမာဏ ထည့်ပေးဖို့လိုပါတယ်။ ကင်ချီ၊ sauerkraut, miso, tempeh စတဲ့ အချဉ်ဖောက်ထားတဲ့ အစားအစာတွေ၊ ဒိန်ချည် စတဲ့ဖျော်ရည်တွေက အူတွေ အစားအစာကို ဖြိုခွဲတဲ့နေရာမှာ ကူညီပေးပြီးတော့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတဲ့ အကျိုးပြု ဘက်တီးရီးယားပိုးတွေ ပါဝင်ပါတယ်။
ဒီလိုအစားအစာတွေကို စားလေ့စားထမရှိဘူးဆိုရင် နည်းနည်းခြင်း စပြီးစားပါ။ တစ်ခါတည်းနဲ့ အများကြီးစားရင်လည်း အစာချေပြဿနာ ဖြစ်စေနိုင်ပါတယ်။
6. အစားအစာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
အစာချေအား မကောင်းတဲ့အခါမှာ serotonin အထွက်နည်းစေပြီးတော့ ဒါနည်းရင် စိုးရိမ်ပူပန်မှု၊ စိတ်ကျခြင်းနဲ့ အခြားစိတ်ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။
7. အလုပ်ပိတ်ရက်တွေမှာ အိပ်စက်ပါ။
အထူးသဖြင့် အလုပ်သွားရတဲ့ရက်တွေမှာ ကောင်းကောင်း မအိပ်ရတဲ့သူတွေအနေနဲ့ အလုပ်ပိတ်ရက်မှာ ကောင်းကောင်းအိပ်ပါ။ မနက်စာနဲ့ နေ့လယ်စာ ပေါင်းစားရလည်း ကိစ္စမရှိပါဘူး။ အူကျန်းမာရေးနဲ့ အိပ်စက်ခြင်းကြား ဆက်သွယ်ချက်ကို သက်သေပြနိုင်ဖို့အတွက် ကြိုးစားနေကြတုန်း ဖြစ်ပေမယ့်လည်း အိပ်ရေးမဝခြင်းနဲ့ အူထဲကပိုးတွေရဲ့ ပတ်ဝန်းကျင်အကြား ဆက်သွယ်မှုရှိတာတော့ သေချာပါတယ်။ အိပ်ရေးဝဝ အိပ်စက်ခြင်းဖြင့် cortisol ပမာဏ ကျဆင်းစေပြီးတော့ အူတွေကို ပြင်ဆင်ချိန်ရစေပါတယ်။ ဒါကြောင့် မျက်လုံးကို အကာအုပ်ပြီး အိပ်ရေးဝဝ အိပ်စက်ပါ။
8. ဖြည်းဖြည်းမှန်မှန် အောင်ပွဲခံ။
အစာကို ဖြည်းဖြည်းစားခြင်းဖြင့် အစာ ဝါးချိန်ပိုရစေကာ အစာချေဖြစ်စဉ်အတွက်လည်း အထောက်အကူ ဖြစ်စေပါတယ်။ သွားနဲ့အစာတွေကို သေးသေးလေးဖြစ်အောင် ဝါးနေချိန်မှာ သွားရည်ထွက်တာကို လှုံ့ဆော်နေတဲ့အတွက် ဒါက တခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေကိုလည်း အစာချေစနစ် အလုပ်လုပ်တော့မယ်ဆိုတာကို အသိပေးရာရောက်ပါတယ်။
9. စိတ်ကို လျှော့ချထားပါ။
စိတ် သက်သောင့်သက်သာဖြစ်လေလေ ခန္ဓာကိုယ်အတွက် အာဟာရဖြစ်လေလေပါပဲ။ စိတ်ဖိစီးမှုက အူကို အပြောင်းအလဲ ဖြစ်စေပါတယ်။ သုတေသနတွေအရ အချိန်ယူပြီး တရားထိုင်ခြင်းက အူပြဿနာတွေကို သက်သာစေတယ်လို့ ဆိုပါတယ်။
10. ဘာသံမှမကြားရတာ သတင်းကောင်းပါ။
ဝမ်းပုံမှန်သွားနေပြီးတော့ လေတက်တာ၊ ဗိုက်အောင့်တာ စတာတွေ ဘာမှမရှိတော့ဘူးဆိုရင် ကောငး်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)
















