အံဆုံးညပ်ခြင်း
အံဆုံးပေါက်ပြီဆိုတာနဲ့ လူကြီးဖြစ်ပြီလို့ သတ်မှတ်လို့ရသတဲ့။ ဒါပေမဲ့ အံဆုံးပေါက်ချိန်မှာ မကြာမကြာ ပြဿနာကြုံရတတ်တာ ကြားဖူးကြမှာပါ။ အံဆုံးပေါက်ချိန် သွားဖုံးကိုက်လို့ ဆေးခန်းပြေးရတာလည်း မနည်းပါဘူးနော်။
ဒီတော့ အံဆုံးဆိုတာဘာလဲဆိုတာက စပြောကြရအောင်။
အံဆုံးဆိုတာဟာ ၃ ချောင်းမြောက် အံသွားပါ။ လူအများစုမှာ အပေါ် ၂ ချောင်း အောက် ၂ ချောင်းရယ်လို့ အံသွား ၄ ချောင်း ရှိပါတယ်။ အသက် ၁၆ နှစ်ကနေ ၂၁ နှစ်ကြားမှာ ပေါက်တတ်တာမို့ အင်္ဂလိပ်လိုအခေါ် Wisdom teeth ပညာရှိသွားဆိုပြီး တွင်နေတာပါပဲ။
ဒီလို အံဆုံးပေါက်ချိန်မှာ ကောင်းကောင်း မထွက်လာနိုင်လို့ပဲဖြစ်ဖြစ်၊ ဘေးက သွားတွေ၊ အရိုးတွေ၊ သွားဖုံးတွေနဲ့ နေရာကျပ်နေလို့ပဲဖြစ်ဖြစ် အံဆုံးညပ်တဲ့ပြဿနာ ဖြစ်တော့တာပါ။
သူ့ရဲ့ရောဂါလက္ခဏာတွေကတော့ -
● အံဆုံးနားက သွားဖုံးတစ်ဝိုက် နာကျင်တာ
● ပါးစပ် ကောင်းကောင်း ဟမရတာ
● သွားဖုံးရောင်နေတာ
● အဲနားတစ်ဝိုက် အထိမခံနိုင်တာ
● လင့်ပြန်ကျိတ်တွေ ရောင်တာ
● အရမ်းဆိုးလာခဲ့ရင် မျက်နှာကြီးပါ ရောင်လာတာ၊ ဖျားတာ၊ လည်ချောင်းနာတာ၊ အသက်ရှူ မဝတာတွေပါ ဖြစ်လာနိုင်ပါတယ်။
>> ဒီလိုမဖြစ်ရလေအောင် ဘယ်လိုကာကွယ်ကြမလဲ?
သွားနဲ့ခံတွင်း သန့်ရှင်းရေးက အရေးကြီးပါတယ်နော်။ တစ်ခါတလေကျတော့လည်း အံဆုံးပေါက်တဲ့နေရာက သွားကောင်းကောင်း တိုက်မရတဲ့အခါ ရောဂါဖြစ်တော့တာပါပဲ။ ဒါကြောင့် သွားဆရာဝန်နဲ့ မှန်မှန်ပြပေးဖို့ အရေးကြီးပါတယ်။
အံဆုံးညပ်နေတဲ့အခါ ဘက်တီးရီးယားပိုးတွေ အလွယ်တကူ ပွားလာနိုင်ပြီး သူတင်မက ရှေ့ကသွားကိုပါ သွားပိုးစားလာနိုင်ပါတယ်။
သွားဖုံးကြီး ပိုးတွေဝင်၊ ရောင်လာပြီးတော့ နာတာ ကျင်တာ၊ အရိုးတွေ ဆုံးရှုံးတာမျိုးပါ ဖြစ်လာနိုင်ပါတယ်။
အစောပိုင်းတွေမှာ ဘာလက္ခဏာမှ မပြတတ်တာမို့ စောစောသိနိုင်အောင် သွားဆရာဝန်နဲ့ မှန်မှန်ပြပေးဖို့ အေရေးအကြီးဆုံးပါ။
>> အံဆုံး တကယ် ညပ်၊ မညပ် သိနိုင်ဖို့ ...
သွားကိုစမ်းသပ်ပြီး အံဆုံးအနေအထား သေချာသိနိုင်ဖို့ ဓာတ်မှန်ရိုက်ရပါမယ်။
ဘေးက သွားတွေ၊ အရိုးတွေ ပြည့်ကျပ်ပြီး နေရာမပေးတဲ့အခါ အံဆုံး ကောင်းကောင်းမထွက်နိုင်ဘဲ ညပ်နေနိုင်တာမို့ တစ်ခါတလေ ကြိုပြီးနှုတ်ထားဖို့ လိုနိုင်ပါတယ်။
>> ဘယ်လိုကုသကြမလဲ?
များသောအားဖြင့်တော့ နှုတ်ပစ်လိုက်ကြတာ များပါတယ်။ ကြီးကြီးမားမားလည်း မဟုတ်ပါဘူး။ ဆေးခန်းမှာပဲ ထုံဆေးလေးထိုး နှုတ်ရုံပါပဲ။
ညပ်နေတဲ့သွားကို မြင်ရအောင် အပေါ်ကသွားဖုံးကို လှန်ပစ်ရတတ်ပါတယ်။
နှုတ်ပြီးရင်တော့ သွားဖုံးကို သူ့နေရာသူ သေချာပြန်ချုပ်ပေးခဲ့ရတာပေါ့။
>> ခွဲစိတ်ဖို့ ပြင်ဆင်ရာမှာ -
● မခွဲစိတ်ခင်မှာ ဆရာဝန် ညွှန်ကြားတဲ့အတိုင်း သွားနဲ့ခံတွင်း သန့်ရှင်းရေးလုပ်ဖု့ိ လိုပါတယ်။
● ဆေးလိပ် သောက်တတ်သူတွေအနေနဲ့ အနည်းဆုံး မခွဲခင် တစ်ပတ်၊ ခွဲပြီး ၂ ပတ်လောက် ဆေးလိပ် ဖြတ်သင့်ပါတယ်။
>> ခွဲပြီးနောက်မှာတော့ -
ခွဲပြီးချိန်မှာ သွေး နည်းနည်းပါးပါး ထွက်တာလောက် ရှိနိုင်ပါတယ်။ နာရီဝက်လောက် ဂွမ်းလေး ဖိကိုက်ထားလိုက်ရင် တိတ်သွားမှာပါ။
မျက်နှာကြီး ရောင်လာတာ၊ အညိုအမည်းတွေ စွဲလာတာမျိုးလည်း ပထမ ၇၂ နာရီအတွင်း ဖြစ်တတ်ပြီး နောက်ပိုင်း သက်သာသွားပါလိမ့်မယ်။ ရက်ပိုင်းလောက်လည်း ပါးစပ်ကောင်းကောင်း ဖွင့်လို့ရမှာ မဟုတ်ဘူးပေါ့။
အကိုက်အခဲပျောက်ဆေးတွေ၊ ပိုးသတ်ဆေးတွေနဲ့ ပိုးသေပလုတ်ကျင်းဆေးတွေ အသုံးပြုဖို့ လိုနိုင်ပါတယ်နော်။ ရက်ပိုင်းလောက်ကို အစာပျော့ပျော့ပဲ စားပေးသင့်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)














