ဦးနှောက်ကျန်းမာသန်စွမ်းဖို့ ...
အသက်ကြီးလာတဲ့အခါမှာ ငယ်ငယ်ကလို ဦးနှောက်ကို ကျန်းမာဖျတ်လတ်နေအောင် ထိန်းသိမ်းလို့ရလား? ဦးနှောက်ကို ကာကွယ်ဖို့နည်းလမ်းတွေ ရှိသလား? လေ့ကျင့်ခန်းလုပ်ခြင်းက တကယ်ကာကွယ်ပေးနိုင်လား? ကျန်းမာရေးနဲ့ ညီညွတ်အောင်စားရင်ရော ရနိုင်လား?
ဒါတွေဟာ လူကြီးတွေ သိချင်လေ့ရှိတဲ့မေးခွန်းတွေပါ။ အခု ဒီမေးခွန်းလေးတွေကို ဖြေပေးမယ်နော်။
ကျန်းမာရေးနဲ့ ညီညွတ်တဲ့လူနေမှုပုံစံဟာ ဦးနှောက်ကျန်းမာရေးအတွက် အရေးပါပါတယ်။ ကိုယ်စားတာသောက်တာ၊ ကိုယ်လက်လှုပ်ရှားတာ၊ အိပ်ရေးဝဝအိပ်တာ၊ စိတ်ဖိစီးမှုတွေကို ဖြေဖျောက်တာ၊ ဘယ်လိုပေါင်းသင်းဆက်ဆံတာ စတာတွေအားလုံးဟာ ဦးနှောက်ကျန်းမာရေးအတွက် အရေးပါပါတယ်။
Ultra B 1

၁။ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ။
ကြွက်သားတွေကို အသုံးပြုခြင်းဟာ ဦးနှောက်အတွက်လည်း ကောင်းတယ်လို့လေ့လာမှုတွေက ဆိုပါတယ်။ လေ့ကျင့်ခန်းနဲ့ ဦးနှောက်ကျန်းမာရေးဟာ ဆက်စပ်မှုရှိနေပါတယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းက သွေးသွားလာကို ကောင်းစေပြီး မှတ်ဉာဏ်ကို တိုးစေနိုင်ပါတယ်။ သွေးပေါင်ကိုကျစေ၊ ကိုလက်စထရောပမာဏကို ကောင်းစေ၊ သွေးအချိုဓာတ်ကို ကျစေပြီး စိတ်ဖိစီးမှုတွေကို လျှော့ချပေးပါတယ်။
၂။ ကျန်းမာရေးနဲ့ ညီညွတ်အောင်စားပါ။
အငန်တွေ၊ အချိုတွေ အလွန်အကျွံစားခြင်းဟာ သွေးတိုးစေပြီး လေဖြတ်လေဖြန်းခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ အသီးအရွက်တွေ များများစားပါ။ သကြားတွေ၊ ဆားတွေ လျှော့စားပါ။ ပဲပိစပ်တို့၊ ငါးတို့လို ပြည့်ဝဆီနည်းတဲ့အစားအစာတွေ စားပေးပါ။
၃။ ဆေးလိပ်ဖြတ်ပါ။ အရက်ကို လျှော့သောက်ပါ။
ဆေးလိပ်ကို လုံးဝဖြတ်ပြီး အရက်ကို လျှော့သောက်ပေးပါ။ သွေးတိုး၊ လေဖြတ်လေဖြန်း ဖြစ်စေနိုင်တာမို့ပါ။
၄။ အိပ်ရေးဝဝအိပ်ပါ။
အိပ်ရေးဝဝအိပ်ခြင်းဟာ အင်အားပြည့်ဝစေပြီး စိတ်ကို ကြည်လင်စေပါတယ်။ ကိုယ်ခံအားလည်း ကောင်းစေပါတယ်။ အိပ်ရေးမဝတဲ့အခါ နုံးချိနေပြီး ကိုယ်ခံအားတွေကျလာတာ၊ မှတ်ဉာဏ်တွေ၊ အာရုံစူးစိုက်နိုင်မှုတွေ မကောင်းတာမျိုး ဖြစ်နိုင်ပါတယ်။
Ultra B 2

၅။ ဦးနှောက်သွေးပါ။
ဦးနှောက်ကို လှုံ့ဆော်စေနိုင်တဲ့ စာဖတ်ခြင်း၊ ကတ်ဆော့ခြင်း၊ ဘုတ်ဂိမ်းဆော့ခြင်း၊ ပဟေဠိဖြေခြင်း စတာတွေ ပြုလုပ်ပေးပါ။ အသစ်အသစ်တွေ လေ့လာပါ။ ဘာသာစကားအသစ် သင်ကြားပါ။ တီးခတ်စရာတူရိယာတစ်ခုခု သင်ကြားပါ။ ဒါတွေဟာ ဦးနှောက်ကို ထက်မြက်နေစေပြီး မှတ်ဉာဏ်ချို့ယွင်းမှုကို တားဆီးပေးပါတယ်။
၆။ ကိုယ့်ဘေးနားကလူတွေနဲ့ ပေါင်းသင်းဆက်ဆံပါ။
မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ လည်ပတ်ပါ။ လူမှုအဖွဲ့အစည်းတွေမှာ ပါဝင်ပါ။
၇။ ကိုယ်ခန္ဓာကို ကာကွယ်ပါ။
ချော်လဲတာ၊ ထိခိုက်ရှနာတွေကို ကာကွယ်ဖို့ အိမ်မှာ ကွဲပြတ်နိုင်တဲ့ပစ္စည်းတွေကို ရှင်းထားပါ။ ဆိုင်ကယ်၊ စက်ဘီးစီးရင် ဦးထုပ်ဆောင်းပါ။ ကားစီးရင် ခါးပတ်ပတ်ပါ။
လေ့လာမှုတွေအရတော့ ကျန်းမာရေးနဲ့ ညီညွတ်အောင်နေထိုင်ခြင်းဟာ မှတ်ဉာဏ်ချို့ယွင်းမှုကို တားဆီးနိုင်တယ်လို့ ဆိုပါတယ်။ ကဲ ... ဒီတော့ အခုပြောခဲ့တဲ့နည်းလမ်းတွေကို လက်တွေ့ကျင့်သုံးလိုက်ကြတော့နော်။
Dr. Mya Phoo Ngon (www.drmyanmar.com)
















