/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/၀မှ-လှတာလား

၀မှ လှတာလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          တကယ်တော့ အားဆေးသောက်တိုင်းလဲ မဝပါဘူး။ ပိန်တဲ့အတွက် အလွယ်တကူ အားဆေးတွေ ၀ဆေးတွေ အကိတ်ဆေးတွေ လက်မလှမ်းခင် အကြံပြုချက်ကောင်းလေးတွေ သတိပေးချက်လေးတွေ လေ့လာကြည့်ကြရအောင်နော်။

          မိမိရဲ့ မိဘမျိုးရိုး နေထိုင်စားသောက်ပုံ ပတ်ဝန်းကျင် ရေမြေကိုလိုက်ပြီး တစ်ယောက်နဲ့တစ်ယောက် ခန္ဓာကိုယ်အနေအထား ကွာခြားချက်တွေ အများကြီးပါ။ လှချင်လို့၊ ၀ချင်လို့၊ ကြိုးစားမပြုပြင်ခင် ဗဟုသုတလေးနှစ်ခု မျှေ၀ပေးပါရစေ။

          ညီမတစ်ယောက် ပိန်ပေမယ့် နေ့စဉ် ထိုင်ထလုပ်ပါတယ်။ အချိန်ကာလတစ်ခု ရောက်တဲ့အခါ တင်ပါးလေးက ကားစွင့်လာပြီး ကြည့်ကောင်းလာပါတယ်။ ခါးလေးပေါ်လာပြီး ပိန်ပိန်ပါးပါး တင်ကားကား ကိုယ်လုံးလှလှလေး ဖြစ်လာတဲ့အတွက် မြန်မာ၀တ်စုံ ၀တ်တဲ့အခါ အတော်လိုက်ဖက်လှပတာကို တွေ့ရပါတယ်။

          မိုးမိုးက နေ့စဉ်ပြေးပါတယ်။ သူမဟာ ပိန်ပေမယ့် ကိုယ်လက်လှုပ်ရှားတဲ့အတွကိ ကြံ့ခိုင်သန်မာတဲ့ အသွင်ပေါ်နေပါတယ်။ သူက ဖျတ်လက်ပြီး သမင်မလေးလို ပေါ့ပါးကြည့်ကောင်းနေပါတယ်။ အ၀တ်အစား ၀တ်တဲ့အခါ၊ သွားလာတဲ့အခါ သူမရဲ့ ကျန်းမာပေါ့ပါးတဲ့ အသွင်ကြောင့် ဆွဲဆောင်မှုတစ်မျိုး ရှိနေပါတယ်။ ဒီနေရာမှာ ပိန်တာထက် ကြံ့ခိုင်ပြီး မာတဲ့အသွင်ဟာ ပိုဆွဲဆောင်မှုရှိပါတယ်။

          ကိုယ်နဲ့ သင့်တော်တဲ့ ဗီတာမင်အားဆေးတစ်မျိုးမျိုးကို စွဲမသောက်ခင် ဆရာ၀န်ကို အရင်တိုင်ပင်ပြီး သေချာရွေးချယ်စေလိုပါတယ်။ ဒါပေမဲ့ အားဆေးသောက်တိုင်း သေချာပေါက် ၀လာမယ်လို့ မပြောနိုင်သေးပါဘူး။

          မြန်မာဆေး၊ အင်္ဂလိပ်ဆေး၊ ဝဆေးတွေကို မယုံပါနဲ့။ ဆရာ၀န်ကို တိုင်ပင်ပါ။ ပါ၀င်တဲ့ ဓာတုဖွဲ့စည်းပုံတွေကို ဖတ်ပါ။ သိကျွမ်းသူကို အရင်မေးမြန်းတိုင်ပင်ပါ။

          တချို့ဆေးတွေမှာ ခန္ဓာကိုယ်ကို ဒုက္ခပေးတဲ့ စတီးရွိုက်တွေ ပါနေတတ်တဲ့အတွက် ...

●        ရာသီ ရပ်သွားတတ်တယ်

●        မျက်နှာ အမ်းလာတာ

●        ဖောရောင်လာတာ

●        အသားအရေ ခြောက်သွေ့ကြမ်းတမ်းလာတာ

●        အမွေးအမျှင် ထူပြောလာတာ

●        ရေရှည်မှာ ကျောက်ကပ် ထိခိုက်တာ

●        အရိုး ကျွတ်ဆတ်တာတွေ ဖြစ်လာတတ်လို့ပါ။

          တကယ်တော့ ဆိုးကျိုးက ကောင်းကျိုးထက် အများကြီး ပိုများတာမို့ ဘယ်လောက် အန္တရာယ်ကင်းတယ်ပြောပြော သတိထားစေလိုပါတယ်။

          ကျန်းမာရေးနဲ့ ညီညွတ်ပြီး လက်တွေ့ကျကျ အကြံဉာဏ်ကတော့ ၀စေဖို့ ဆေးသောက်မယ့်အစား အာဟာရ ပြည့်ပြည့်၀၀လေး စား၊ လေ့ကျင့်ခန်းလေး တွဲဖက်ပြီး ကျစ်လျစ်လာစေဖို့ ကြိုးစားကြရအောင်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)