ခံတွင်းခြောက်ခြင်း
ခံတွင်းခြောက်ရင်ဘယ်လိုခံစားရလဲ
ပါးစပ်ထဲမှာ တံတွေးမထွက်ရင် (သို့) နည်းနည်းပဲထွက်တယ်ဆိုရင် ရေဆာတာထက်ပိုပြီး ခံစားရနိုင်ပါတယ်။ တံတွေးက စားသောက်လိုက်တဲ့အစားအစာတွေကို အရသာခံနိုင်ဖို့နဲ့ အစာချေဖို့အတွက် ကူညီပေးပါတယ်။ နောက်ပြီး သွားမှာကပ်နေတဲ့ အစားအစာအကြွင်းအကျန်တွေကို ဆွဲချပေးတဲ့အပြင် သွားကိုတိုက်စားတဲ့ အက်ဆစ်ဓာတ်ကိုလည်းလျော့နည်းစေပါတယ်။
တံတွေးမရှိဘူးဆိုရင် ပါးစပ်အတွင်းနဲ့ အနီးအနားမှာရှိတဲ့အရေပြားတွေကို ခြောက်သွေ့နေစေ ပါတယ်။ နှုတ်ခမ်းတွေ၊ နှှုတ်ခမ်းထောင့်စွန်းတွေကွဲမယ်။ လျှာတွေလည်းကြမ်းပြီးခြောက်နေမယ်။ အစာမျိုချဖို့နဲ့ စကားပြောဖို့ခက်ခဲစေပါတယ်။
ဆိုးကျိုးများ
တံတွေးက ပါးစပ်ထဲအစာအကြွင်းအကျန်တွေကို ပုံမှန်ဆေးချမပေးနိုင်တော့တဲ့အတွက် ပါးစပ်ခြောက်တဲ့သူအများစုမှာ ခံတွင်းနံ့ဆိုးစေပါတယ်။ အသံပြာခြင်း၊ အက်ခြင်း၊ လည်ချောင်းထဲမှာ မသက်မသာဖြစ်နေခြင်း စတာတွေကလည်း ပါးစပ်ခြောက်ခြင်းကြောင့်ဖြစ်နိုင်ပါတယ်။
ခံတွင်းဘာကြောင့်ခြောက်ရသလဲ
ကုထုံးအမျိုးမျိုး
ဓာတ်မတဲ့တာကို သက်သာစေတဲ့ဆေးတွေနဲ့ အအေးမိပျောက်ဆေးတွေအပါအဝင် ဆေးအမျိုးပေါင်း 400 ကျော်ကြောင့် ပါးစပ်ခြောက်နိုင်ပါတယ်။ သွေးကျဆေး၊ ဆီးမကြာခဏသွားခြင်းအတွက်ပေးတဲ့ဆေး၊ စိတ်ရောဂါကုဆေးတွေကလည်း ပါးစပ်ခြောက်စေပါတယ်။ ဓာတ်ရောင်ခြည်တွေကြောင့် တံတွေးဂလင်းတွေပျက်စီးနိုင်ပြီး ကင်ဆာဆေးသွင်းကုသခြင်းကြောင့် တံတွေးပျစ်စေပြီး ပါးစပ်ခြောက်စေပါတယ်။
ဦးနှောက်နှင့် အာရုံကြော
ခေါင်း (သို့) လည်ပင်းထိခိုက်ဒဏ်ရာကြောင့် အာရုံကြောပျက်စီးသွားရင်လည်း ပါးစပ်ခြောက်နိုင် ပါတယ်။ အချို့အာရုံကြောတွေက ဦးနှောက်နဲ့ တံတွေးဂလင်းတွေအကြား အချက်ပြစကားတွေကို သယ်ဆောင်ပေးပြီး ဒီအာရုံကြောတွေပျက်စီးသွားမယ်ဆိုရင် တံတွေးဂလင်းကနေ တံတွေးထွက်ဖို့ အချက်မပြနိုင်တော့ပါဘူး။
အခြားအခြေအနေများ
ခန္ဓာကိုယ်ထဲမှာရှိတဲ့သွေးဖြူဥတွေက ကိုယ့်ရဲ့ မျက်ရည်နဲ့ တံတွေးဂလင်းတွေကို ပြန်ပြီးတိုက်တဲ့ ခုခံအားရောဂါတစ်မျိုးဖြစ်တဲ့ Sjogren’s syndrome လို့ခေါ်တဲ့ရောဂါတစ်မျိူးမှာလည်း ပါးစပ်ခြောက်တတ်ပါတယ်။ ဆီးချိုဝေဒနာရှင်တွေနဲ့ HIV ပိုးရှိသူတွေမှာလည်း ပါးစပ်ခြောက်တတ်ပါတယ်။
ဆေးလိပ်သောက်ခြင်းကြောင့်ပိုဆိုးနိုင်
ဆေးလိပ်ဖြတ်သင့်တဲ့ အကြောင်းအရင်းများစွာထဲမှာ ခံတွင်းခြောက်တာလည်း တစ်ခုအပါအဝင်ပါ။ ဆေးလိပ်သောက်လို့ ပါးစပ်မခြောက်ပေမယ့် စီးကရက်သောက်ခြင်း၊ အခြား ဆေးလိပ်နှင့်ဆေးရွက်ကြီးများကို အသုံးပြုခြင်းကြောင့် ပါးစပ်ခြောက်တာကို ပိုဆိုးစေပါတယ်။
ဆေးကုသမှုခံယူပါ။
ပါးစပ်ခြောက်ခြင်းကို ခံစားနေရတယ်ဆိုရင် ဆရာဝန်ပြသပြီး ဖြစ်ရတဲ့အကြောင်းအရင်းကို ရှာဖွေကုသပါ။
သွားတွေကိုသေချာဂရုစိုက်ပါ။
တံတွေးမရှိရင် သွားတွေကိုပျက်စီးစေနိုင်တဲ့အတွက် သွားပုံမှန်စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။ နေ့စဉ် သွားတိုက်ပါ။ သွားကြားက အကြွင်းအကျန်တွေကို သွားချည်ကြိုးနဲ့ သေချာဆွဲထုတ်ပါ။ အစာစားပြီးတိုင်း သွားမတိုက်နိုင်ရင်တောင် ပလုတ်ကျင်းပါ။ တစ်နေ့လုံးရေမကြာခဏသောက်ပေးပါ။ အရက်ပြန်မပါတဲ့ ခံတွင်းသန့်ဆေးရည်အသုံးပြုပါ။
သိထားသင့်သည့်အချက်များ
- ဆေးတွေနဲ့ အဆင်ပြေ/မပြေဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။
- သကြားမပါတဲ့ ချိုချဉ် စုပ်ပါ။ သကြားမပါတဲ့ ပီကေဝါးပါ။
- မကြာခဏရေသောက်ပေးခြင်းဖြင့် ပါးစပ်စိုစွတ်မှုကို ထိန်းထားနိုင်ပါလိမ့်မယ်။
- ရေ၊ နို့ စသည်တို့ကို အစားအစာနဲ့တွဲပြီးသောက်ပေးမယ်ဆိုရင် အစာဝါးဖို့နဲ့ မျိုချဖို့ကို အထောက်အကူဖြစ်စေနိုင်ပါတယ်။
- အစိုထိန်းစက်ရှိတဲ့ အခန်းမှာအိပ်ပါ။
- သကြား၊ အက်စစ်နဲ့ ကဖင်းဓာတ်ပါတဲ့ အချိုရည်တွေကို ဝေးဝေးကရှောင်ပါ။
- ပုံမှန်စစ်ဆေးဖို့နဲ့ သန့်ရှင်းရေးလုပ်ဖိို့အတွက် သွားဆရာဝန်နဲ့ ပုံမှန်ပြပေးပါ။
Dr. Mya Myo Myo Swe
















