/
news/ကျန်းမာရေး-z/အစာအိမ်လှုပ်ရှားမှု-အားနည်းခြင်း

အစာအိမ်လှုပ်ရှားမှု အားနည်းခြင်း

Category
ကျန်းမာရေး (A-Z)

          အစာအိမ်မှာရှိတဲ့ ကြွက်သားတွေရဲ့လှုပ်ရှားမှုတွေ ပုံမှန်အတိုင်းမဖြစ်ဘဲ မကောင်းတဲ့အခြေအနေကို အစာအိမ်လှုပ်ရှားမှု အားနည်းတယ်လို့ ခေါ်ဆိုကြပါတယ်။ သာမန်အားဖြင့် အစာအိမ်ထဲက အစာတွေ အူလမ်းကြောင်းထဲကို ရောက်ဖို့ရာ ကြွက်သား ညှစ်အားကောင်းကောင်းရှိဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ အစာအိမ် လှုပ်ရှားမှုတွေ နှေးကွေးနေပါက အစာတွေကို ကုန်စင်အောင် ညှစ်ချဖို့ မဖြစ်နိုင်တော့ပါဘူး။

          အချို့သော အကိုက်အခဲပျောက်ဆေးများ၊ စိတ်ကျရောဂါ ကုသဆေးများ၊ သွေးတိုးကျဆေးများ၊ ဓာတ်မတည့်ခြင်းအတွက် ကုသသောဆေးများ စသည်တို့ဟာ အစာခြေနှုန်းကို နှေးကွေးစေကာ အလားတူ ရောဂါလက္ခဏာတွေကို ခံစားရတတ်ပါတယ်။ အရင်ကတည်းက အစာအိမ် လှုပ်ရှားမှု အားနည်းတဲ့သူတွေက အထက်ပါဆေးဝါးများကို သောက်သုံးမိပါက ရောဂါအခြေအနေကို ပိုဆိုးစေနိုင်ပါတယ်။

          အစာအိမ် လှုပ်ရှားမှု အားနည်းခြင်းဟာ ပုံမှန်အစာချေခြင်းကို အနှောင့်အယှက် ပေးတဲ့အတွက် ပျို့အန်ခြင်း၊ သွေးတွင်းသကြားဓာတ်တက်ခြင်းနဲ့ အာဟာရမပြည့်၀မှုတို့ကို ဖြစ်စေတတ်ပါတယ်။ ဖြစ်ပွားရသည့် အကြောင်းအရင်းကို တိတိကျကျ မသိသော်လည်း ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ ဖြစ်နိုင်သလို ခွဲစိတ်ကုသမှု ခံယူပြီးတဲ့ အခါတွေမှာလည်း ဖြစ်တတ်ပါတယ်။ အစာအိမ် လှုပ်ရှားမှု အားနည်းခြင်းအတွက် ကုထုံး တိတိကျကျ မရှိပေမယ့် ဆေးဝါးများရဲ့ အကူအညီနဲ့အတူ အစားအသောက်ပုံစံကို ပြောင်းလဲလိုက်ခြင်းဖြင့် သက်သာစေနိုင်ပါတယ်။

 

>> ရောဂါလက္ခဏာများ

•        ပျို့ခြင်း

•        အန်ခြင်း

•        အစာ အနည်းငယ်စားရုံမျှဖြင့် ဗိုက်ပြည့်ခြင်း

•        ပြီးခဲ့တဲ့ နာရီပိုင်းက စားခဲ့တဲ့အစားအစာများကို မကြေညက်ဘဲ ပြန်အန်ခြင်း

•        ရင်ပူခြင်း

•        လေပွလေထခြင်း

•        ဗိုက်အောင့်ခြင်း

•        သွေးတွင်းသကြားဓာတ်ပမာဏ ပြောင်းလဲခြင်း

•        အစာ စားချင်စိတ် မရှိခြင်း

•        ကိုယ်အလေးချိန် ကျဆင်းခြင်းနှင့်

•        အာဟာရ ချို့တဲ့ခြင်း

          အစာအိ်မ် လှုပ်ရှားမှု အားနည်းတဲ့ရောဂါ ခံစားနေရတဲ့သူ အများစုဟာ ထူးခြားတဲ့ မည်သည့်ရောဂါ လက္ခဏာမျှ မခံစားတတ်ပေ။

 

Kremil-S 1

>> ဖြစ်ပွားရသည့် အကြောင်းအရင်းများ

          ဘာကြောင့်ဖြစ်တယ်ဆိုတာ သေချာမသိရပေမယ့် အစာအိမ် ကြွက်သားတွေကို ထိန်းချုပ်တဲ့ အာရုံကြော (vagus nerve) ပျက်စီးသွားလို့,လို့ ယူဆကြပါတယ်။

          Vagus အာရုံကြောဟာ အစာအိမ်ရဲ့ ကြွက်သားတွေကို ညှစ်ဖို့နဲ့ အစာတွေကို အူလမ်းကြောင်းအတွင်း တွန်းချဖို့အတွက် အချက်ပေးလမ်းညွှန်ချက်တွေကို သယ်ဆောင်လာမှု အပါအ၀င် အစာအိမ် အူလမ်းကြောင်းစနစ်ရဲ့ ရှုပ်ထွေးတဲ့ ဖြစ်စဉ်အမျိုးမျိုးကို စီမံခန့်ခွဲနိုင်ပါတယ်။ ထိုအာရုံကြော ပျက်စီးသွားပါက အစာအိမ်ကြွက်သားတွေဆီသို့ အချက်ပေးလမ်းညွှန်ချက်တွေ မပို့ပေးနိုင်တော့တာကြောင့် အစာတွေကို ချေဖျက်ဖို့ရာ အူလမ်းကြောင်းအတွင်းသို့ မရောက်တော့ဘဲ အစာအိမ်ထဲမှာပဲ အချိန်ကြာမြင့်စွာ ရှိနေပါတယ်။

          ဆီးချိုကဲ့သို့ ရောဂါများ၊ အစာအိမ် အူလမ်းကြောင်းဆိုင်ရာ ခွဲစိတ်ကုသမှုများကြောင့် vagus အာရုံကြော ပျက်စီးတတ်ပါတယ်။

 

>> ဖြစ်ပွားမှုနှုန်း မြင့်တက်စေတဲ့အချက်များ

•        ဆီးချိုရောဂါ

•        ၀မ်းဗိုက်ပိုင်းဆိုင်ရာ ခွဲစိတ်မှုများ

•        ရောဂါပိုး ၀င်ရောက်ခြင်း (အထူးသဖြင့် ဗိုင်းရပ်စ်ပိုး)

•        အစာအိမ် လှုပ်ရှားမှုကို နှေးကွေးစေသောဆေးများ (ဥပမာ - အကိုက်အခဲပျောက်ဆေးအချို့)

•        တွယ်ဆက်တစ်သျှူးရောဂါ (Scleroderma)

•        အာရုံကြောဆိုင်ရာ ရောဂါများ (ဥပမာ - ပါကင်ဆန်ရောဂါ)

•        သိုင်းရွိုက်ဟော်မုန်းနည်းခြင်း

          အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပို၍ဖြစ်နိုင်ခြေ များပါတယ်။

 

>> နောက်ဆက်တွဲဆိုးကျိုးများ

•        ပြင်းထန်စွာ ရေဓာတ် ခန်းခြောက်ခြင်း - အဆက်မပြတ် ပျို့အန်ခြင်းကြောင့် ရေဓာတ် ခန်းခြောက်ခြင်း ဖြစ်စေနိုင်ပါတယ်။

•        အာဟာရချို့တဲ့ခြင်း - အစာ ကောင်းကောင်းမစားတာ (သို့) ပျို့အန်ခြင်းကြောင့် အာဟာရဓာတ်တွေကို ကောင်းစွာ မစုပ်ယူနိုင်တာကြောင့် ဖြစ်နိုင်ပါတယ်။

•        အစာများကို မချေဖျက်နိုင်ဘဲ အစာအိမ်အတွင်း၌ ဒီအတိုင်း ရှိနေခြင်း - အစာအိမ်က မချေဖျက်နိုင်တဲ့ အစာတွေဟာ အစာလုံးဖြစ်သွားပြီး ပျို့အန်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အကယ်၍ ထိုအစာလုံးက အူထဲမှာ ပိတ်ဆို့နေပါက အသက်အန္တရာယ်ပင် ရှိနိုင်ပါတယ်။

•        မမျှော်လင့်ဘဲ သွေးတွင်းသကြားဓာတ်ပမာဏ ပြောင်းလဲခြင်း - အစာအိမ် လှုပ်ရှားမှု အားနည်းခြင်းဟာ ဆီးချိုရောဂါကို မဖြစ်စေနိုင်ပေမယ့် အူသိမ်ထဲသို့ အစာရောက်ရှိတဲ့နှုန်းနဲ့ ပမာဏဟာ မကြာခဏ ပြောင်းလဲနေတာကြောင့် သွေးတွင်းသကြားဓာတ်ပမာဏကို ပြောင်းလဲစေကာ ဆီးချိုရောဂါကို ပိုဆိုးစေတတ်ပါတယ်။ အပြန်အလှန်အနေနဲ့ ဆီးချိုထိန်းသိမ်းမှု မကောင်းခြင်းကြောင့်လည်း အစာအိမ် လှုပ်ရှားမှုကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။

•        အသက်ရှင် နေထိုင်မှု ဘ၀စံသတ်မှတ်ချက်များကို မပြည့်မီခြင်း - ရောဂါလက္ခဏာတွေ ပေါ်လာတဲ့အချိန်ဆို လုပ်ငန်းခွင်မှာသာမက အခြားတာ၀န်ယူမှုအပိုင်းတွေမှာပါ အခက်အခဲ တွေ့စေနိုင်ပါတယ်။

Kremil-S 2

>> ရောဂါ ရှာဖွေခြင်း

          အစာအိမ် လှုပ်ရှားမှု နှေးကွေးခြင်းကို ရောဂါအမည်တပ်ရန် အလားတူေ၀ဒနာတွေ ခံစားရနိုင်တဲ့ အခြားအကြောင်းအရင်းတွေကို ဖယ်ထုတ်နိုင်ဖို့အတွက် စစ်ဆေးမှုတွေကို ပြုလုပ်ဖို့ လိုပါတယ်။

•        အစာချေဖျက်နှုန်းကို တိုင်းတာခြင်း

•        အစာအိမ်နှင့် အူလမ်းကြောင်း အပေါ်ပိုင်းကို မှန်ပြောင်းထည့်ကြည့်ခြင်း

•        တယ်လီဗွီးရှင်း ဓာတ်မှန်ရိုက်ခြင်း

•        အစာအိမ်နှင့် အူလမ်းကြောင်း အပေါ်ပိုင်းကို ဘေရီယမ်ဓာတ်မှန် အတွဲလိုက်ရိုက်ခြင်း

 

>> ကုသမှုခံယူရန် နည်းလမ်းများ

          အစာအိမ် လှုပ်ရှားမှု အားနည်းခြင်း ကုထုံးကို စတင်ရန်အတွက် ဖြစ်ပွားရတဲ့ နောက်ခံအကြောင်းအရင်းကို ဦးစွာကုသရန် လိုအပ်ပါတယ်။ အကယ်၍ ဆီးချိုရောဂါကြောင့် ဖြစ်ပါက သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းရန် ဆရာ၀န်မှ အကူအညီပေးပါလိမ့်မယ်။

 

>> စားသောက်မှုပုံစံ ပြောင်းလဲခြင်း

          အစာအိမ် လှုပ်ရှားမှု အားနည်းတာကို ကုသရခြင်းရဲ့ အဓိကရည်ရွယ်ချက်မှာ အာဟာရဓာတ် လုံလောက်နေစေဖို့ပဲ ဖြစ်ပါတယ်။ ရောဂါေ၀ဒနာ ခံစားနေရသူ တော်တော်များများဟာ စားသောက်မှုပုံစံ ပြောင်းလဲလိုက်ရုံဖြင့် သက်သာသွားလေ့ ရှိတာကြောင့် အစားအသောက် ပြောင်းလဲခြင်းကို ပထမဆုံးအဆင့်အနေနဲ့ လုပ်ဆောင်သင့်ပါတယ်။ စားသောက်မှု ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးကာ အာဟာရဓာတ် လုံလောက်စွာ ရရှိနိုင်၍ အစာကြေလွယ်တဲ့ အစားအစာတွေကို ရွေးချယ်စားသောက်နိုင်ပါတယ်။ ဆရာ၀န်တွေရဲ့ လမ်းညွှန်ချက်အချို့မှာ -

•        အစားကို နည်းနည်းချင်းစီ မကြာခဏ စားပေးပါ။

•        အစာကို ကြေညက်အောင် ဝါးစားပါ။

•        ဟင်းသီးဟင်းရွက်တွေကို အစိမ်းစားမယ့်အစား ချက်ပြုတ်ပြီးမှ စားသုံးပါ။

•        အမျှင်ဓာတ်များတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေဖြစ်တဲ့ လိမေ္မာ်သီး၊ ပန်းဂေါ်ဖီစိမ်းတို့ စားသုံးခြင်းကို ရှောင်ကြဉ်ပါ။

•        အဆီပါ၀င်မှုနည်းတဲ့ အစားအစာတွေကိုသာ ရွေးချယ်ပါ။

•        အရည်တွေက အစာချေရ လွယ်တာကြောင့် စွပ်ပြုတ်နဲ့ အနှစ်တွေကို များများစားပေးပါ။

•        တစ်နေ့လျှင် ရေ 1 လီတာမှ 1 လီတာခွဲထိ သောက်ပါ။

•        အစာစားပြီးတိုင်း လမ်းလျှောက်ပါ။

•        ကာဗွန်ပါတဲ့ အချိုရည်၊ အရက်နဲ့ ဆေးလိပ်သောက်ခြင်းများကို ရှောင်ကြဉ်ပါ။

•        အစာစားပြီး 2 နာရီအတွင်း လဲလျောင်းခြင်းကို ရှောင်ကြဉ်ပါ။

•        ဗီတာမင်အစုံပါ၀င်တဲ့ အားဆေးတွေကို တစ်နေ့ 1 လုံး မှီ၀ဲပါ။

 

          အစာအိမ် လှုပ်ရှားမှု အားနည်းတဲ့သူတွေ စားသင့်တဲ့ အစားအစာအချို့မှာ -

>> ကစီဓာတ် ပါ၀င်သော အစားအစာများ

•        မြေပဲ၊ အစေ့အဆံတွေ မပါ၀င်တဲ့ ပေါင်မုန့်ဖြူ

•        ဒိုးနပ်ပေါင်မုန့်

•        ကိတ်မုန့်

•        ဂျုံပြား

•        ခေါက်မုန့်

•        ဂျုံ (သို့) ဆန်နဲ့လုပ်တဲ့ ပတ်ဖ်

•        ခရင်မ်

•        မုန့်ကြွပ်

•        အာလူး၊ ကန်စွန်းဥ

•        အာလူးချောင်းမီးဖုတ်

•        ထမင်း

•        ဂျုံပြားခေါက်ဆွဲ

 

>> ပရိုတင်း ပါ၀င်သော အစားအစာများ

•        အဆီနည်းတဲ့ အမဲသား၊ ၀က်သား (အကြော် မဟုတ်ပါ)

•        အရေခွံမပါတဲ့ ကြက်သား (သို့) ကြက်ဆင်သား (အကြော် မဟုတ်ပါ)

•        ကဏန်း၊ ပုစွန်ထုပ်၊ ပုစွန်ကျော့၊ ခရု၊ ကမာ၊ ဂုံး

•        တူနာပါး

•        အနံ့မပြင်းတဲ့ ဒိန်ခဲ

•        ကြက်ဥ

•        တို့ဖူး

•        ဟင်းအနှစ်များ

 

>> ဟင်းသီးဟင်းရွက်နဲ့ သစ်သီးများ

•        ကလေးစားနိုင်သော အသစ်အရွက်နဲ့ သစ်သီး၀လံများ

•        ခရမ်းချဉ်သီး အနှစ်၊ ဖျော်ရည်၊ အချဉ်ရည်

•        ချက်ပြုတ်ထားသော မုန်လာဥနီ

•        ချက်ပြုတ်ထားသော သကြားမုန်လာ

•        ချက်ပြုတ်ထားသေား မှို

•        ဟင်းသီးဟင်းရွက်ဖျော်ရည်

•        ဟင်းသီးဟင်းရွက်စွပ်ပြုတ်

•        သစ်သီးဖျော်ရည်များ

•        ပန်းသီးအနှစ်

•        ငှက်ပျောသီး

•        မက်မွန်သီးနှင့် သစ်တော်သီး စည်သွတ်ဘူး

 

>> နို့နှင့် နို့ထွက်ပစ္စည်းများ

•        နွားနို့

•        သစ်သီး မပါ၀င်တဲ့ ဒိန်ချဉ်

•        ပူတင်း

•        အေးခဲထားသော ဒိန်ချဉ်

 

>> ဆေးဝါးများ

          အစာအိမ် လှုပ်ရှားမှု အားနည်းတာကို ကုသပေးနိုင်တဲ့ ဆေးဝါးတွေကတော့ -

•        အစာအိမ် ကြွက်သားတွေကို လှုံ့ဆော်နိုင်တဲ့ဆေးများ (ဥပမာ - Metoclopromide)

•        ပျို့အန်ခြင်းကို သက်သာစေနိုင်သောဆေးများ (ဥပမာ - Prochlorperazine)

 

>> ခွဲစိတ်ကုသခြင်း

          ရောဂါလက္ခဏာ အလွန်ဆိုးရွားနေတဲ့သူတွေ ဆိုရင်တော့ အစာအိမ်ထဲ (သို့) အူလမ်းကြောင်းထဲကို အစာပြွန်ထည့်ဖို့ ဆရာ၀န်တွေက ညွှန်ကြားလေ့ရှိပါတယ်။ အစာပြွန် ထည့်ထားခြင်းဖြင့် အစာတွေဟာ အရေပြားမှတစ်ဆင့် အူအတွင်းသို့ တန်းရောက်သွားတတ်ပါတယ်။ ထိုကဲ့သို့ ပြုလုပ်ခြင်းဟာ ယာယီဖြစ်၍ ေ၀ဒနာဆိုးဆိုးရွားရွား ခံစားနေရသူတွေ၊ ဆီးချိုမထိန်းနိုင်တဲ့သူတွေမှာ လုပ်လေ့ရှိပါတယ်။  

 

>> အစာအိမ်ကြွက်သားတွေကို လျှပ်စစ်ဖြင့် လှုံ့ဆော်နိုင်မယ့်စက် ထည့်သွင်းခြင်း

          အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက ထိုစက်ကို အစားအသောက်ပြောင်းမှု (သို့) ဆေးဝါးများကြောင့် ေ၀ဒနာ ပြင်းပြင်းထန်ထန် ခံစားနေရသူတွေ၌သာ ထည့်သွင်းရန် ခွင့်ပြုထားပါတယ်။

          စက်ရဲ့လုပ်ဆောင်ချက်မှာ အစာအိမ် ကြွက်သားတွေကို လျှပ်စစ်လှိုင်းဖြင့် လှုံ့ဆော်ခြင်းအားဖြင့် အစာချေဖျက်ရာတွင် ပိုမိုလျင်မြန်စေပါတယ်။ လက်ရှိမှာတော့ ထိုစက်ဟာ ကြီးလွန်းတဲ့အပြင် သက်သောင့်သက်သာ မရှိတာကြောင့် လေ့လာစမ်းသပ်မှုအဆင့်မှာသာ ရှိနေပါသေးတယ်။

 

>> နေထိုင်မှုပုံစံပြောင်းလဲခြင်း

          ဆေးလိပ် သောက်သုံးတတ်ပါက ဆေးလိပ် ဖြတ်ပါ။ ဆေးလိပ်သောက်ခြင်းဟာ အစာအိမ် လှုပ်ရှားမှု နှေးကွေးတာကို ကုသရာမှာ တိုးတက်မှုနှုန်း နှေးကွေးစေနိုင်ပါတယ်။

          ထို့ပြင် အ၀လွန်ရောဂါ ရှိတဲ့သူတွေဟာလည်း ရောဂါအခြေအနေ သက်သာကောင်းမွန်ဖို့ ပိုမိုနှေးကွေးတတ်ပါတယ်။

 

Dr. Thinzar Wynn (www.drmyanmar.com)