ကြက်ငှက်တုပ်ကွေးရောဂါအကြောင်း သိကောင်းစရာ
ကြက်ငှက်တုပ်ကွေးရောဂါက Avian Influenza ဆိုတဲ့ တုပ်ကွေးရောဂါပိုး တစ်မျိုးကြောင့်ဖြစ်ပြီး လူတွေကို ကူးစက်ခဲပါတယ်။ ကြက်ငှက်တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်အမျိုးအစားပေါင်း ဒါဇင်ကျော်လောက်ရှိပြီး လူတွေကို ကူးစက်မှုဖြစ်နိုင်ဆုံး ဗိုင်းရပ်စ် 2 မျိုးဖြစ်တဲ့ H5N1 နဲ့ H7N9 တို့ အပါအဝင် ဖြစ်ပါတယ်။ ဒီရောဂါကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးက လူတွေကို တိုက်ရိုက်ကူးစက်လေ့မရှိပေမယ့် ငှက်များမှတစ်ဆင့် ကူးစက်ခံရပါက အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါတယ်။
မကြာသေးခင် နှစ်တွေတုန်းက အာရှ၊ အာဖရိကနဲ့ ဥရောပ အစိတ်အပိုင်းအချို့မှာ ကြက်ငှက်တုပ်ကွေးရောဂါ ကျရောက်ဖြစ်ပွားခဲ့ပါတယ်။ ကြက်ငှက်တုပ်ကွေး ရောဂါလက္ခဏာ ခံစားရတဲ့သူတွေကို ကြည့်လိုက်ရင် ဖျားနာနေတဲ့ ကြက်ငှက်နဲ့ ထိတွေ့မှုရှိတာကို တွေ့ရပါတယ်။ ကြက်ငှက်တုပ်ကွေးက လူကနေလူကို ကူးစက်တာရှိပေမယ့် ရှားပါတယ်။
ကျန်းမာရေးဌာနရဲ့ တာဝန်ရှိသူတွေက ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်တွေက လူကနေလူကို ကူးစက်တတ်တဲ့ အမျိုးအစားအဖြစ် ပြောင်းလဲသွားပြီး တစ်ကမ်ဘာလုံးကို ရောဂါကျရောက်မှာကို စိုးရိမ်တဲ့အတွက် ကြက်ငှက်တုပ်ကွေး ကာကွယ်ဆေး ဖော်ထုတ်နိုင်ဖို့ သုတေသန ပြုလုပ်နေကြပါပြီ။
>> ရောဂါဖြစ်စေသော အကြောင်းအရင်းများ
ကြက်ငှက်တုပ်ကွေးရောဂါက ရေဘဲတွေကမှတစ်ဆင့် အိမ်မွေးတိရစၧာန်တွေဖြစ်တဲ့ ကြက်၊ ကြက်ဆင်၊ ငန်း၊ ဘဲ စတဲ့ တိရစၧာန်များဆီကို ပျံ့နှံ့သွားပါတယ်။ ရောဂါဖြစ်နေတဲ့ ငှက်တွေရဲ့မစင်နဲ့ ၎င်းတို့ခန္ဓာကိုယ်မှထွက်တဲ့ အရည်များကို ထိတွေ့ခြင်းဖြင့် ကူးစက်နိုင်ပါတယ်။
ဒါ့အပြင် ရောဂါဖြစ်နေသော တိရစၧာန်၏ အသားနှင့်ဥကို မကျက်တကျက် ချက်စားခြင်းဖြင့်လည်း ရောဂါပိုး ကူးစက်နိုင်ပါတယ်။ အသားတွေကို အပူချိန် 165°F (74°C) အပူချိန်အထိ ချက်စားမှ စိတ်ချရပါတယ်။ ဥတွေကို ဆိုရင်လည်း အနှစ်နဲ့အကာ လုံးဝမာပြီး ကျက်သွားတဲ့အထိ ချက်ပြုတ်ရပါမယ်။
>> ရောဂါလက္ခဏာများ
ရောဂါပိုး ၀င်ရောက်ပြီး 2 ရက်မှ 8 ရက်အတွင်း ရောဂါလက္ခဏာများကို ခံစားရလေ့ရှိပါတယ်။
• ဖျားခြင်း၊
• ချောင်းဆိုးခြင်း၊
• လည်ချောင်းနာခြင်း၊
• ကြွက်သား နာကျင်ခြင်း၊
• မျက်စိနာကျင်ခြင်း၊
• ပျို့အန်ခြင်း၊ ၀မ်းလျှောခြင်း၊
• ခေါင်းကိုက်ခြင်း
• အသက်ရှူမြန်ခြင်း စတာတွေကို ခံစားရလေ့ ရှိပါတယ်။
>> ရောဂါအဖြစ်များဆုံး အချက်များ
လူအသက်အရွယ်မရွေး ကူးစက်ခံရနိုင်ပါတယ်။ လူကနေလူကို ကူးစက်နိုင်နှုန်းတော့ နည်းပါတယ်။
>> နောက်ဆက်တွဲဆိုးကျိုးများ
ကြက်ငှက်တုပ်ကွေး ကူးစက်ခံရသူတွေက အသက်အန္တရာယ် စိုးရိမ်ရတဲ့လက္ခဏာတွေ ကြုံတွေ့ရနိုင်ပါတယ်။
• အဆုတ်ရောင်ရောဂါ
• အဆုတ် အလုပ် မလုပ်နိုင်တော့ခြင်း
• အသက်မရှူနိုင်တော့ခြင်း
• ကျောက်ကပ် မကောင်းခြင်း
• နှလုံးပြဿနာများဖြစ်ခြင်း
ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ခံရသူရဲ့ တစ်ဝက်လောက်က အသက်ဆုံးရှုံးရပေမယ့် အခုချိန်အထိတော့ ရောဂါကူးစက်ခံရနှုန်းနဲ့ သေဆုံးမှုနှုန်းက နည်းပါးပါတယ်။
>> ရောဂါ စစ်ဆေးခြင်း
ဓာတ်ခွဲခန်းတွင် စစ်ဆေးခြင်း - နှာခေါင်းနဲ့ လည်ချောင်းထဲက အရည်ကိုယူပြီး ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ပိုး ရှိ/မရှိ စစ်ဆေးနိုင်ပါတယ်။
ရင်ဘတ် ဓာတ်မှန်ရိုက်ခြင်း - အဆုတ်အခြေအနေကို ကြည့်ရှုနိုင်ပြီး ရောဂါအမည် သတ်မှတ်ဖို့နဲ့ ကုသမှုပေးဖို့ အသုံးဝင်ပါတယ်။
>> ကုထုံးများ
အမြန်ကုသမှု ခံယူရပါမယ်။ ဆေးရုံတင်ရပါမယ်။ Oseltamivir (Tamiflu), Zanamivir (Relenza) စတဲ့ဆေးတွေကို ဆရာ၀န်ညွှန်ကြားချက်အတိုင်း သောက်သုံးရပါမယ်။ ဒီဆေးတွေကို ရောဂါလက္ခဏာပြပြီး 2 ရက်အတွင်း သောက်ရပါမယ်။
>> ကာကွယ်ခြင်း
အောက်ပါနည်းလမ်းများဖြင့် ကြက်ငှက်တုပ်ကွေးရောဂါကို ကာကွယ်နိုင်ပါတယ်။
• ကာကွယ်ဆေးထိုးပါ။
• ငှက်များဖြင့် မလိုအပ်ဘဲ မထိတွေ့ပါနဲ့။
• လက်ကို အနည်းဆုံး စက္ကန့် 20 ခန့် ဆပ်ပြာဖြင့် သေချာစွာ ဆေးကြောပါ။ ရေနှင့်ဆပ်ပြာ မရနိုင်ပါက အရက်ပြန်ပါသော လက်သန့်စင်ဆေးရည်ကို အသုံးပြုပါ။
• ကြက်ငှက်တုပ်ကွေးနှင့် ပတ်သက်သော ကျန်းမာရေးဗဟုသုတများကို လေ့လာလိုက်စားပါ။
• ကြက်၊ ငှက်များဖြင့် ထိတွေ့ထားတဲ့ပစ္စည်းများကို သေချာပိုးသတ်ပါ။ စဉ်းတီတုံးနှင့် မီးဖိုချောင်သုံး ပစ္စည်းများကို ဆပ်ပြာရည်ပူပူဖြင့် သေချာဆေးပါ။
• အသားနှင့် ဥများများကို သေချာစွာ ချက်ပြုတ်စားသောက်ပါ။
• ဥအခွံတွေမှာ ကြက်ငှက်တွေရဲ့အရည်တွေ ထိတွေ့နေနိုင်တဲ့အတွက် သေချာဆေးကြောပါ။
Dr. Mya Myo Myo Swe (www.drmayanmar.com)