/
news/ကျန်းမာရေး-z/သွေးလွှတ်ကြောကျဉ်းခြင်း

သွေးလွှတ်ကြောကျဉ်းခြင်း

Category
ကျန်းမာရေး (A-Z)

          ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အောက်ဆီဂျင်နဲ့အာဟာရဓာတ်တွေကို နှလုံးမှတဆင့် အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီကို ပို့ဆောင်ပေးတဲ့သွေးကြောတွေမာပြီး တုတ်လာတာကြောင့် သွေးရောက်တာနည်းသွားတဲ့အခြေအနေကို သွေးလွှတ်ကြောကျဉ်းတယ်လို့ဆိုကြပါတယ်။ ပုံမှန်အားဖြင့် သွေးကြောတွေဟာ ပျော့ပျောင်းပြီးကျုံ့နိုင်ဆန့်နိုင်ကြပေမယ့်လည်း အချိန်ကြာလာတာနဲ့အမျှ သွေးလွှတ်ကြောနံရံတွေကတဖြည်းဖြည်းမာလာကြပါတယ်။

          နှလုံးသွေးကြောကျဉ်းတယ်ဆိုတာ နှလုံးသွေးကြောကျဉ်းခြင်းရဲ့အမျိုးအစားတစ်ခုဖြစ်ပြီး   သွေးလွှတ်ကြောနံရံတွေမှာ အဆီတွေနဲ့အခြားအရာတွေစုပုံလာပြီး သွေးစီးဆင်းမှုကိုလျော့နည်းစေနိုင်ပါတယ်။

          ၎င်းနံရံမှာကပ်နေတဲ့အဖတ်တွေက ပေါက်ထွက်ပြီး သွေးခဲဖြစ်စေနိုင်ပါတယ်။ သွေးကြောကျဉ်းခြင်းကို အများအားဖြင့်နှလုံးပြဿနာလို့ယူဆကြပေမယ့်လည်း ခန္ဓာကိုယ်အနှံ့အပြားမှာဖြစ်နိုင်ပါတယ်။ နှလုံးသွေးကြောကျဉ်းခြင်းဟာ ကာကွယ်လို့လည်းရသလို ကုသလို့လည်းရနိုင်ပါတယ်။

ရောဂါလက္ခဏာများ

        သွေးကြောကျဉ်းခြင်းဟာ ဖြည်းဖြည်းချင်းဖြစ်လာတာကြောင့် အစပိုင်းမှာဘာရောဂါလက္ခဏာမျှမရှိပါဘူး။

          ကိုယ်တွင်းအင်္ဂါတွေနဲ့ တစ်သျှူးတွေဆီသွေးရောက်တာလုံလောက်မှုမရှိတာကြောင့် သွေးကြောတွေကျဉ်းတဲ့အချိန်မတိုင်မီအထိ ဘာရောဂါလက္ခဏာမှပြလေ့မရှိပါဘူး။ တခါတရံမှာ သွေးခဲတွေကြောင့် သွေးစီးဆင်းမှုလုံးဝပိတ်သွားတာကြောင့် (သို့) သွေးကြောကွဲသွားတာကြောင့် နှလုံးတိုက်ခိုက်ခံရခြင်း (သို့) လေဖြတ်ခြင်းများဖြစ်နိုင်ပါတယ်။

          ရောဂါလက္ခဏာပြင်းထန်မှုဟာ သွေးကြောဘယ်လောက်ပိတ်လဲပေါ်မူတည်ပြီး ကွဲပြားပါတယ်။

- နှလုံးသွေးကြောကျဉ်းပါက ရင်ဘတ်အောင့်ခြင်း (သို့) လေးခြင်းကို ခံစားရနိုင်ပါတယ်။

- ဦးနှောက်သို့သွားသော သွေးလွှတ်ကြောကျဉ်းပါက လက်မောင်း (သို့) ခြေထောက်ရုတ်တရက်ထုံကျဉ်၍ အားနည်းလာခြင်း၊ စကားမပီတော့ခြင်း၊ မျက်စိတစ်ဖက်ခဏတာကွယ်သွားခြင်း (သို့) မျက်နှာရွဲ့သွားခြင်းတို့ကို ကြုံတွေ့ရနိုင်ပါတယ်။ ၎င်းကိုခဏတာသွေးမရောက်သောသငေ်္ကတအဖြစ် သတ်မှတ်ကြပြီး ကုသမှုမခံယူပါက လေဖြတ်ခြင်းထိဖြစ်နိုင်ပါတယ်။

- လက်မောင်းနှင့် ခြေသလုံးသွေးပြန်ကြောများကျဉ်းပါက လမ်းလျှောက်များသည့်အချိန်တွင် ခြေသလုံးနာကျင်မှုများကို ခံစားရနိုင်ပါတယ်။

- ကျောက်ကပ်သို့သွားသော သွေးကြောများကျဉ်းပါက သွေးတိုးခြင်း (သို့) ကျောက်ကပ်အလုပ်မလုပ်ခြင်းတို့ဖြစ်နိုင်ပါတယ်။

ဖြစ်ပွားရသောအကြောင်းအရင်းများ

        နှလုံးသွေးကြောကျဉ်းခြင်းဟာ တဖြည်းဖြည်းဖြစ်လာတာဖြစ်ပြီး ငယ်ရွယ်စဉ်ကလေးဘဝကပင်စတင်ကာ ဖြစ်နိုင်ပါတယ်။ ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းကိုမသိရသော်လည်း သွေးလွှတ်ကြောအတွင်းလွှာကိုထိခိုက်တာ (သို့) ပျက်စီးတာကြောင့်ဖြစ်ရတာဖြစ်နိုင်ပါတယ်။ ထိခိုက်ပျက်စီးမှုကိုဖြစ်စေသော အကြောင်းအရင်းများမှာ -

- သွေးပေါင်ချိန်တက်ခြင်း

- ကိုလက်စထရောလ်များခြင်း

- သွေးတွင်းအဆီဓာတ် (triglyceride) များဖြင့်

- ဆေးလိပ်နှင့် ဆေးရွက်ကြီးသောက်ခြင်း

- အင်ဆူလင်းဟော်မုန်းကို ခန္ဓာကိုယ်မှအသုံးမပြုနိုင်ခြင်း၊ အဝလွန်ခြင်း၊ ဆီးချိုရောဂါ

- အဆစ်အမြစ်ရောင်ခြင်း၊ ပိုးဝင်ခြင်း (သို့) အကြောင်းအရင်းမသိဘဲ ရောင်ရမ်းခြင်း

          သွေးလွှတ်ကြောအတွင်းနံရံများပျက်စီးခြင်းကြောင့် သွေးဆဲလ်တွေနဲ့အခြားပစ္စည်းတွေဟာ ၎င်းထိခိုက်ဒစ်ရာရတဲ့နေရာမှာ စုပုံလာပြီးတော့ အတွင်းနံရံကိုပြန်လည်ဖာထေးပါတယ်။

          အချိန်ကြာလာတာနဲ့အမျှ အဆီဖတ်တွေစုပုံလာခြင်းကြောင့် ဒဏ်ရာရထားတဲ့နေရာဟာ မာကျောလာပြီး သွေးလွှတ်ကြောတွေကျဉ်းလာရတာဖြစ်ပါတယ်။ ပိတ်နေတဲ့ သွေးကြောနဲ့ဆက်စပ်နေတဲ့ အင်္ဂါအစိတ်အပိုင်းတွေနဲ့ တစ်သျှူးတွေဟာ အလုပ်ကောင်းစွာလုပ်နိုင်ဖို့အတွက် သွေးအလုံအလောက်မရတော့ပါဘူး။

          တဖြည်းဖြည်းနဲ့ အဆီစုပုံခဲအပိုင်းအစတွေဟာပြုတ်ထွက်ပြီး သွေးကြောထဲရောက်သွားပါတယ်။ ထို့ပြင်၎င်းအဖတ်တွေပေါက်ထွက်ပြီး ကိုလက်စထရောလ်နဲ့ အခြားပစ္စည်းတွေဟာသွေးကြောထဲရောက်သွားနိုင်ပါတယ်။ နောက်ဆက်တွဲအနေဖြင့် သွေးခဲဖြစ်ပေါ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီသွေးရောက်မှုကို ဟန့်တားလိုက်ပါတယ်။ ၎င်းသွေးခဲဟာ အခြားတစ်နေရာသို့ရောက်ရှိပြီးနောက်ထပ်ကိုယ်တွင်အင်္ဂါတွေဆီ သွေးစီးဆင်းမှုကိုလည်းရပ်တန့်စေနိုင်ပါတယ်။

အန္တရာယ်ရှိသောအချက်များ

        အချိန်ကြာလာတာနှင့်အမျှ သွေးလွှတ်ကြောတွေဟာ မာလာနိုင်ပါတယ်။ အသက်ကြီးခြင်းအပြင် အခြားအန္တရာယ်ရှိတဲ့အချက်တွေကတော့ -

- သွေးပေါင်ချိန်မြင့်တက်ခြင်း

- ကိုလက်စထရောလ်များခြင်း

- ဆီးချိုရောဂါ

- အဝလွန်ခြင်း

- ဆေးလိပ်နှင့်ဆေးရွက်ကြီးသောက်ခြင်း

- နှလုံးရောဂါမျိုးရိုးဗီဇရှိခြင်း

- လေ့ကျင့်ခန်းမပြုလုပ်ခြင်း

- ကျန်းမာရေးနှင့်မညီညွတ်သောအစားအစာများတို့ဖြစ်ပါတယ်။

နောက်ဆက်တွဲဆိုးကျိုးများ

        မည်သည့်သွေးလွှတ်ကြောပိတ်သလဲပေါ်မူတည်၍ နောက်ဆက်တွဲဆိုးကျိုးအမျိုးမျိုးရှိနိုင်ပါတယ်။ ဥပမာအားဖြင့် -

- နှလုံးသွေးကြောများကြောင့်ဖြစ်သော နှလုံးရောဂါသည်နှလုံးအနီးတစ်ဝိုက်ရှိ သွေးလွှတ်ကြောများ ကျဉ်းခြင်းကြောင့်ဖြစ်ပြီး ရင်ဘတ်အောင့်ခြင်း၊ နှလုံးတိုက်ခိုက်ခံရခြင်းနဲ့ နှလုံးကောင်းစွာအလုပ်မလုပ်ခြင်းတို့ဖြစ်နိုင်ပါတယ်။

- ဦးနှောက်အနီးတစ်ဝိုက်ရှိ သွေးလွှတ်ကြောများကျဉ်းပါက carotid artery disease ဖြစ်နိုင်ပြီး လေဖြန်းခြင်း (သို့) လေဖြတ်ခြင်း တို့ဖြစ်နိုင်ပါတယ်။

- လက်မောင်း (သို့) ခြေသလုံး သွေးလွှတ်ကြောများကျဉ်းပါက လက်မောင်းနှင့် ခြေသလုံးတို့တွင် သွေးလည်ပတ်မှုမကောင်းတော့ဘဲ အပူ၊ အအေးဒဏ်ကိုမခံနိုင်ခြင်း၊ မီးလောင်ဖုများကဲ့သို့ဖြစ်ခြင်းတို့ကိုကြုံတွေ့ရနိုင်ပါတယ်။ ရှားရှားပါးပါးဖြစ်စဉ်များတွင် တစ်သျှူးများသေ၍ ပုတ်သွားသည်အထိဖြစ်နိုင်ပါတယ်။

- သွေးကြောများဖောင်းခြင်းသည် သွေးကြောကျဉ်းခြင်းကြောင့်ဖြစ်တဲ့ ဆိုးရွားတဲ့နောက်ဆက်တွဲဆိုးကျိုးတစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်အနှံ့အပြားမှာဖြစ်နိုင်ပြီး သွေးကြောနံရံမှာဖောင်းထွက်နေတာဖြစ်ပါတယ်။

          လူအများစုမှာရောဂါလက္ခဏာပြလေ့မရှိဘဲ ၎င်းသွေးကြောဖောင်းတဲ့နေရာမှာ နာကျင်ခြင်းနှင့်စူးခနဲအောင့်ပါက အရေးပေါ်အခြေအနေလို့သတ်မှတ်နိုင်ပါတယ်။

          သွေးကြောဖောင်းတဲ့နေရာမှာပေါက်ထွက်ပါက ကိုယ်တွင်းသွေးယိုစီးမှုကြောင့် အသက်အန္တရာယ်ထိရှိနိုင်ပါတယ်။ အများအားဖြင့် ရုတ်တရက်ဖြစ်တတ်ပေမယ့်လည်း တခါတရံမှာတော့ ဖြည်းဖြည်းချင်းယိုစိမ့်တတ်ပါတယ်။ ၎င်းသွေးကြောဖောင်းအတွင်းရှိ သွေးခဲပြုတ်ထွက်သွားပါက အခြားသွေးကြောတစ်ခုခုမှာသွားပိတ်နေနိုင်ပါတယ်။

- နာတာရှည်ကျောက်ကပ်ရောဂါဆိုသည်မှာ ကျောက်ကပ်သွေးကြောများပိတ်ခြင်းကြောင့် ကျောက်ကပ်သို့သွေး စီးဆင်းမှုလျော့နည်းပြီး ကျောက်ကပ်လုပ်ငန်းဆောင်တာများကိုထိခိုက်ခြင်းကြောင့် ကိုယ်တွင်းအဆိပ်အတောက်များကို မဖယ်ရှားနိုင်တော့ပါဘူး။

ရောဂါရှာဖွေခြင်း

- သွေးကြောကျဉ်းတဲ့နေရာအောက်ဖက်နေရာတွင် သွေးခုန်နှုန်းအားနည်းခြင်း (သို့) မရှိခြင်း

- သွေးကြောပိတ်နေတဲ့လက် (သို့) ခြေထောက်တစ်ဖက်တွင် သွေးပေါင်ချိန်ကျခြင်း

- နားကြပ်ဖြင့်နားထောင်ပါက သွေးစီးသံများကြားရခြင်း

          ခန္ဓာကိုယ်စမ်းသပ်စစ်ဆေးခြင်း၏ အဖြေပေါ်မူတည်၍ ဆရာဝန်သည်အောက်ပါစစ်ဆေးမှုများကို ပြုလုပ်ရန်ညွှန်ကြားပါလိမ့်မယ်။

သွေးစစ်ဆေးမှုများ

        သွေးတွင်းကိုလက်စထရောလ်နှင့် သကြားဓာတ်စစ်ဆေးခြင်းများပြုလုပ်ရန် သွေးမဖောက်မီ 9-12 နာရီခန့်မတိုင်မီအထိ ရေမှလွဲ၍မည်သည့်အစာကိုမျှ မစားသောက်ရန်

အထူးပြုလုပ်ထားသောတယ်လီဗွီးရှင်းဓာတ်မှန်

        လက်မောင်းနှင့် ခြေထောက်ရှိ သွေးပေါင်ချိန်များကိုတိုင်းတာ၍ သွေးကြောပိတ်သည်အနေအထားကို သိနိုင်ပါတယ်။

- လက်မောင်းသွေးပေါင်ချိန်နှင့် ခြေကျင်းဝတ်သွေးပေါင်ချိန်တို့ကို အချိုးကျကြည့်ခြင်းဖြင့် ခြေထောက်တွင်သွေးကြောပိတ်ခြင်း ရှိ/မရှိ ကို သိနိုင်ပါတယ်။

- (အီးစီဂျီဆွဲခြင်း) နှလုံးကြွက်သားများအတွင်း ဖြတ်သန်းစီးဆင်းနေတဲ့ လျှပ်စစ်ဓာတ်ကိုပုံဖော်မှတ်တမ်းတင်ခြင်း

- လေ့ကျင့်ခန်းပြုလုပ်စဉ် နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန်နှင့် အသက်ရှုနှုန်းတို့အား တိုင်းတာခြင်း

- နှလုံးသွေးကြောများထဲသို့ဆေးထိုးပြီး ပိတ်ဆို့နေသောနေရာများကို ရှာဖွေခြင်း (နှလုံးဓာတ်မှန်ရိုက်ခြင်း)

အခြားစစ်ဆေးမှုများ

        တယ်လီဗွီရှင်းဓာတ်မှန်၊ ကွန်ပျူတာဓာတ်မှန် (သို့) သံလိုက်ဓာတ်မှန်ရိုက်ခြင်း

ကုသခြင်း

        ကျန်းမာရေးနဲ့ညီညွတ်မျှတတဲ့အစားအစာများစားခြင်းနဲ့ လေ့ကျင့်ခန်းပြုလုပ်ခြင်း စတဲ့လူနေမှုပုံစံပြောင်းလဲခြင်းဟာ နှလုံးသွေးကြောကျဉ်းခြင်းအတွက် အသင့်တော်ဆုံးကုသမှုတစ်ခုဖြစ်ပါတယ်။ တခါတရံမှာ ဆေးဝါးများအကူအညီရယူနိုင်သလို ခွဲစိတ်ကုသဖို့လည်းလိုအပ်နိုင်ပါတယ်။

ဆေးဝါးများ

အဆီကျဆေးများ - မကောင်းတဲ့အဆီ (LDL) ကိုကျဆင်းစေ၍ ကောင်းတဲ့အဆီအမျိုးအစား (HDL) ကိုမြှင့်တင်ပေးရုံမျှမက အချို့ဆေးများသည် နှလုံးသွေးလွှတ်ကြောနံရံတွေကိုပို၍ ကောင်းမွန်စေပြီး နှလုံးသွေးကြောကျဉ်းခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

သွေးမှုန်များကပ်ငြိမှုကို လျှော့ချပေးသောဆေးများ - သွေးကြောကျဉ်းနေတဲ့နေရာတွေမှာ သွေးမှုံများမကပ်ငြိအောင်ပြုလုပ်ပေးခြင်းဖြင့် ထပ်မံပိတ်ဆို့ခြင်းကို ဟန့်တားနိုင်ပါတယ်။

နှလုံးခုန်နှုန်းကိုနှေးစေ၍ သွေးပေါင်ချိန်ကိုကျစေသောဆေးများ (Beta blocker) - နှလုံးရဲ့သွေးလိုအပ်ချက်ကိုလျှော့နည်းစေတာကြောင့် ရင်ဘတ်အောင့်တာကိုလည်း သက်သာစေနိုင်ပါတယ်။ ထို့ပြင် နှလုံးတိုက်ခိုက်ခံရနိုင်ခြေနှင့် နှလုံးခုန်နှုန်းမမှန်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

သွေးတိုးကျဆေးများ (ACEI) - နောက်တစ်ကြိမ်နှလုံးတိုက်ခိုက်ခံရနိုင်ချေကို လျော့ချပေးနိုင်ပါတယ်။

အခြားဆေးများ - အခြားအန္တရာယ်ရှိတဲ့အချက်တွေကိုလျှော့ချနိုင်ဖို့ဆေးဝါးများ (ဥပမာ - ဆီးချိုကျဆေး) နှင့် ရောဂါလက္ခဏာတွေကို သက်သာစေဖို့ဆေးဝါးများ (ဥပမာ - ခြေထောက်ကိုက်လျှင် သောက်သုံးသင့်သောအကိုက်အခဲပျောက်ဆေးများ) လည်း လိုအပ်ပါတယ်။

ခွဲစိတ်ကုသမှုခံယူခြင်း

        ဆိုးဆိုးရွားရွားရောဂါလက္ခဏာတွေခံစားနေရပါက (သို့) ခန္ဓာကိုယ်အစိတ်အပိုင်းတွေပျက်စီးနိုင်ချေရှိသည်အထိ သွေးကြောများကျဉ်းနေပါက ခွဲစိတ်ကုသမှုခံယူသင့်ပါတယ်။

- သွေးကြောထောက် ကိရိယာထည့်၍သွေးကြောချဲ့ခြင်း

- သွေးကြောနံရံတွင် စုပုံနေသောအဆီများကိုဖယ်ရှားခြင်း

- သွေးခဲများကိုဖျော်ပေးသောဆေးဝါးများသောက်သုံးစေခြင်း

- သွေးစီးဆင်းနိုင်ရန်လမ်းလွှဲဖန်တီးပေးခြင်း

          ထို့ပြင် ယောဂ (သို့) အသက်ပြင်းပြင်းရှုခြင်း စတဲ့အပန်းဖြေနည်းတွေကိုလည်း ပြုလုပ်ခြင်းဖြင့် စိတ်ဖိစီးမှုကိုလျှော့ချနိုင်ပါတယ်။ ထိုကဲ့သို့ပြုလုပ်ခြင်းဖြင့် သွေးပေါင်ချိန်ကိုခဏတာလျော့ကျစေနိုင်တာကြောင့် သွေးကြောကျဉ်နိုင်ချေ ကိုလည်း လျော့နည်းစေပါတယ်။

လူနေမှုပုံစံနှင့် အိမ်တွင်းဆေးဝါးများ

        လူနေမှုပုံစံပြောင်းလဲခြင်းဖြင့် သွေးကြောကျဉ်းခြင်းကိုကာကွယ်ပေးနိုင်သည့်အပြင် ဖြစ်ပွားမှု ကိုလည်းနှောင့်နှေးစေနိုင်ပါတယ်။

- ဆေးလိပ်သောက်ခြင်းသည် သွေးကြောတွေကိုထိခိုက်စေနိုင်တာကြောင့် ဆေးလိပ်ဖြတ်နိုင်အောင်ကြိုးစားပါ။

- လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်းဟာ ကြွက်သားများမှအောက်စီဂျင်ကိုကောင်းစွာအသုံးချနိုင်ရန် ကူညီပေးပါတယ်။

- ကိုယ်လက်လှုပ်ရှားမှုကြောင့် သွေးလည်ပတ်မှုကောင်းပြီး ပိတ်ဆို့နေတဲ့နေရာတစ်ဝိုက်မှာ သဘာဝလမ်းလွှဲတွေကိုဖြစ်ပေါ်စေနိုင်တဲ့အပြင် သွေးပေါင်ချိန်မတက်အောင်နှင့် ဆီးချိုရောဂါမဖြစ်ပွားအောင်လည်း အကူအညီပေးနိုင်ပါတယ်။

- တစ်နေ့လျှင် အနည်းဆုံးမိနစ် 30 ခန့် လေ့ကျင့်ခန်းပြုလုပ်ပေးပါ။ တစ်ခါတည်းအများကြီးမလုပ်နိုင်လျှင် 10 မိနစ်ခန့်တစ်ကြိမ်စီခွဲ၍ ပြုလုပ်သင့်ပါတယ်။

- ဓာတ်လှေကားအစား ရိုးရိုးလှေကားကိုသာအသုံးပြုပါ။ နေ့လည်ထမင်းစားပြီးနောက် ခဏတဖြုတ်လမ်းလျှောက်ခြင်း (သို့) တီဗီကြည့်နေစဉ် ထိုင်ထလေ့ကျင့်ခန်းပြုလုပ်ခြင်းများလုပ်နိုင်ပါတယ်။

- ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာများကိုစားသုံးပါ။ အသီးအနှံ၊ ဟင်းသီးဟင်းရွက်နဲ့ အစေ့အနှံတွေကိုပိုမိုစားသုံး၍ ကစီဓာတ်၊ သကြားဓာတ်၊ ပြည့်ဝအဆီနဲ့ ဆားဓာတ်တွေကိုလျှော့စားခြင်းဖြင့် ကိုယ်အလေးချိန်ကိုထိန်းသိမ်းနိုင်ရုံသာမက သွေးပေါင်ချိန်၊ ကိုလက်စထရောလ်ပမာဏနဲ့ သွေးတွင်းသကြားဓာတ်တွေကိုလည်း လျော့နည်းစေနိုင်ပါတယ်။

- အဖြူရောင်ပေါင်မုန့်တွေအစား ပေါင်မုန့်ညိုတွေကိုအစားထိုးစားသုံးပါ။ ပန်းသီး၊ ငှက်ပျောသီး (သို့) မုန်လာဥနီတွေကို အဆာပြောစာအဖြစ်စားနိုင်ပါတယ်။ သံလွင်ဆီကဲ့သို့ မပြည့်ဝဆီများနှင့် သကြားအစားထိုးပစ္စည်းများကိုအသုံးပြုပေးပါ။

- ကိုယ်အလေးချိန်လျှော့ပါ။ အဝလွန်နေသူတစ်ဦးသည် 5 ပေါင်မှ 10 ပေါင်အထိ မိမိကိုယ်အလေးချိန်ကိုလျှော့ချနိုင်ပါက သွေးကြောကျဉ်းခြင်းကိုဖြစ်စေနိုင်တဲ့ အဓိကအကြောင်းအရင်းနှစ်ခုဖြစ်တဲ့ သွေးတိုးခြင်းနဲ့ ကိုလက်စထရောလ်မြင့်တက်ခြင်းတို့ကို လျော့နည်းအောင်ကူညီပေးနိုင်ပါတယ်။

- ကိုယ်အလေးချိန်လျှော့ချခြင်းဖြင့် ဆီးချိုရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ရုံသာမက ဖြစ်နေပါကလည်း မဆိုးရွားအောင်ကူညီပေးနိုင်ပါတယ်။

- စိတ်ဖိစီးမှုကိုတတ်နိုင်သမျှလျှော့ချပါ။ ကြွက်သားများကို သက်တောင့်သက်သာဖြစ်အောင်ပြုလုပ်ခြင်းနှင့် အသက်ပြင်းပြင်းရှူခြင်း စတဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့နည်းလမ်းများကို ကျင့်သုံးပါ။

          ကိုလက်စထရောလ်ပမာဏများခြင်း၊ သွေးတိုးခြင်း၊ ဆီးချိုရောဂါ (သို့) အခြားနာတာရှည်ရောဂါတွေရှိပါက ဆရာဝန်နှင့် သေချာစွာတိုင်ပင်၍ ကျန်းမာရေးတိုးတက်ကောင်းမွန်အောင်ပြုလုပ်သင့်ပါတယ်။

ကာကွယ်ခြင်း

        လူနေမှုဘဝပုံစံပြောင်းလဲခြင်းဟာ သွေးကြောကျဉ်းခြင်းကို ကုသနိုင်တဲ့အပြင် မဖြစ်ပွားအောင်လည်းကာကွယ်ပေးနိုင်ပါတယ်။

- ဆေးလိပ်ဖြတ်ခြင်း

- ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာများကိုစားခြင်း

- လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ခြင်း

- ကျန်းမာရေးနဲ့သင့်တော်မယ့် ကိုယ်အလေးချိန်ကိုထိန်းသိမ်းခြင်း

          သတိပြုရမှာကတော့ တစ်ကြိမ်လျှင် တစ်ဆင့်ချင်းစီသာ ပြောင်းလဲသွားရန်ဖြစ်ပြီး ရေရှည်မှာမိမိအတွက် မည်သည့်ပြောင်းလဲခြင်းက အကျိုးရှိတယ်ဆိုတာသိရှိရန်အရေးကြီးပါတယ်။

Dr.Thinzar Wynn (www.drmyanmar.com)