/
news/ကျန်းမာရေး-z/အာသီးရောင်ခြင်း

အာသီးရောင်ခြင်း

Category
ကျန်းမာရေး (A-Z)

          အာသီးရောင်ခြင်းဟာ လည်ချောင်းအနောက်ဘက်ဘယ်ညာ 2 ခုစီမှာရှိတဲ့ ဘဲဥပုံသဏ္႑ာန်တစ်သျှူးဖတ်ရောင်ရမ်းခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ များသောအားဖြင့် ဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်းကြောင့်ဖြစ်ပြီး ကုသမှုနည်းလမ်းတွေက ဖြစ်ပေါ်စေတဲ့ အကြောင်းပေါ်မူတည်ပြီး ကွဲပြားနိုင်တာကြောင့် ရောဂါကိုအမြန်ဆုံးနှင့် အတိကျဆုံးဖော်ထုတ်နိုင်ဖို့လိုအပ်ပါတယ်။

ရောဂါလက္ခဏာများ

          အာသီးရောင်ခြင်းဟာ ကလေးငယ်တွေမှာ အဖြစ်များပြီး ရောဂါလက္ခဏာတွေအနေဖြင့် -

- အာသီးနီမြန်းရောင်ရဲခြင်း

- အာသီးတွင် အဖြူရောင် (သို့) အဝါရောင်အဖတ်များရှိနေခြင်း

- လည်ချောင်းနာခြင်း

- အစာမျိုချရာတွင် အခက်အခဲရှိခြင်း

- ကိုယ်ပူခြင်း

- လည်ပင်းရှိ အကျိတ်များနာကျင်ရောင်ရမ်းခြင်း

- ခံတွင်းအနံ့ဆိုးခြင်း

- ကလေးငယ်များတွင် အစာအိမ်အောင့်ခြင်း

- ဇတ်တောင့်ခြင်း

- ခေါင်းကိုက်ခြင်း

          ကလေးများက ခံစားချက်ကိုထုတ်ဖော်မပြောတတ်တာကြောင့် အောက်ပါလက္ခဏာတွေတွေ့ရှိပါက အာသီးရောင်ခြင်းကို မမေ့သင့်ပါဘူး။

- အစာမျိုချရန် ခက်ခဲတာကြောင့် ခံတွင်းမှတံတွေးများစီးကျနေခြင်း

- အစာစားရန်ငြင်းဆန်ခြင်း

- ပုံမှန်မဟုတ်ဘဲ ဂျီကျနေခြင်း

          အာသီးရောင်တယ်လို့ သံသယရှိပါကပေါ့ဆမနေဘဲ သေချာစေရန်အောက်ပါလက္ခဏာတွေ့ရှိပါက ဆရာဝန်နှင့်ပြသပါ။

- လည်ချောင်းနာခြင်းသည် 24 နာရီမှ 48 နာရီအတွင်း မသက်သာခြင်း

- အစာမျိုချရာတွင် ခက်ခဲခြင်း

- နုံးခွေနေခြင်း၊ အားနည်းခြင်း

- ပုံမှန်မဟုတ်ဘဲ ဂျီကျနေခြင်း

- အသက်ရှုခက်ခြင်း

- ခံတွင်းမှတံတွေးများစီးကျနေခြင်း

ဖြစ်ပွားရသည့်အကြောင်းရင်း

        များသောအားဖြင့် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တယ်ဆိုပေမယ့် streptococcus ဘက်တီးရီးယားအပါအဝင် အခြားသောဘက်တီးရီးယားတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အဖြစ်အများဆုံးဘက်တီးရီးယားက streptococcus pyogenes ဖြစ်ပါတယ်။

          အာသီးဟာ ခံတွင်းထဲသို့ဝင်ရောက်လာတဲ့ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေကို ကာကွယ်ပေးတဲ့ရှေ့တန်းခံတပ်တခုဖြစ်တာကြောင့် ရောဂါပိုးကူးစက်ခံရခြင်းနှင့် ရောင်ရမ်းခြင်းတို့ဖြစ်ဖို့အလား အလာပိုများတာဖြစ်ပါတယ်။

          သို့ပေမယ့် ကြီးကောင်ဝင်ချိန်နောက်ပိုင်းမှာ အာသီးရဲ့ခုခံအားစနစ်လုပ်ဆောင်ချက်တွေ ကျဆင်းလာတာကြောင့် အရွယ်ရောက်ပြီးသားလူတွေမှာ အာသီးရောင်ခြင်းအဖြစ်နည်းလာပါတယ်။

          အာသီးရောင်ခြင်းဖြစ်ပွားစေဖို့ အားပေးနေတဲ့အကြောင်းအရာတွေကတော့ -

1. အသက်ငယ်ရွယ်ခြင်း

        အသက်နှစ်နှစ်နှင့်အထက်ကလေးငယ်တွေမှာအဖြစ်များလေ့ရှိပြီး အသက် 5 နှစ်မှ 15 နှစ်အရွယ်ကလေးတွေမှာ ဘက်တီးရီးယားကြောင့် အာသီးရောင်တာပိုဖြစ်ပါတယ်။

2. ရောဂါပိုးမွှားတွေနှင့်ထိတွေ့မှုများခြင်း

        ကျောင်းနေအရွယ်ကလေးများတွင် ကလေးအချင်းချင်းဆော့ကစားရာမှ ရောဂါပိုးကူးစက်နိုင်ပါတယ်။

နောက်ဆက်တွဲဆိုးကျိုးများ

- အသက်ရှုကြပ်ခြင်း

- အိပ်ပျော်နေစဉ် အသက်ရှုရပ်ခြင်း

- အနီးအနားရှိ တစ်ရှူးများသို့ရောဂါပိုးများပျံ့နှံ့သွားခြင်း

- အာသီးရောင်ရာမှ ပြည်တည်လာခြင်း

          Group A streptococcus အပါအဝင် Streptococcal ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အာသီးရောင်ခြင်းကို သေချာမကုသပါက အဖျားတက်ခြင်း၊ အဆစ်ရောင်ရမ်းနာကျင်ခြင်း၊ နှလုံးကြွက်သားနှင့် အဆို့ရှင်များရောင်ရမ်းခြင်းတို့ဖြစ်သော ရူပတစ်အဖျားရောဂါ (Rheumatic fever) နှင့် ကျောက်ကပ်ရောင်ရမ်းခြင်း (Poststreptococcal Glomerulonephritis) တို့ ဖြစ်စေနိုင်ပါတယ်။

စစ်ဆေးခြင်း

        အာခံတွင်းအတွင်းသို့ လက်နှိပ်ဓာတ်မီးဖြင့်ထိုးကြည့်ရုံနဲ့ အာသီးရောင်ခြင်းရှိ/မရှိ သိနိုင်ပါတယ်။

          Step ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အာသီးရောင်ရောဂါမှာ Scarlatina လို့ခေါ်တဲ့ အနီစက်ထွက်တာကိုတွေ့ရပါတယ်။ အခြားသောစမ်းသပ်စစ်ဆေးမှုတွေအနေဖြင့် အကျိတ် ရှိ/မရှိ စမ်းသပ်ခြင်း၊ နားကြပ်ဖြင့်နားထောင်ခြင်း၊ Throat Swab လို့ခေါ်တဲ့ လည်ချောင်းရှိအရည်ကိုယူ၍ Streptococcal ဘက်တီးရီးယားရှိ/မရှိ စစ်ဆေးခြင်း၊ Complete Blood Cell Count လို့ခေါ်တဲ့ သွေးစစ်ဆေးခြင်းတို့ ပြုလုပ်နိုင်ပါတယ်။

ကုသမှု

        အာသီးရောင်ခြင်းကိုကုသရာမှာ အိမ်တွင်းကုထုံးတွေကလည်း ကလေးငယ်ကိုပိုမိုသက်သောင့်သက်သာဖြစ်စေသလို အမြန်ဆုံးပြန်လည်နေကောင်းလာစေဖို့ အထောက်အကူပြုပါတယ်။

1. အပြည့်အဝအနားယူပါစေ။ အိပ်ချိန်ပြည့်ဝနေစေရန် ဂရုစိုက်ပါ။

2. ရေဓာတ်က လည်ချောင်းတလျှောက်ကို စိုစွတ်နေစေတာကြောင့် ရေများများတိုက်ပေးပါ။

3. စွပ်ပြုတ်နွေးနွေး၊ ကဖင်းဓာတ်ပါဝင်မှုမရှိတဲ့ လက်ဖက်ရည်နွေးနွေး၊ ငုံဆေး၊ ပျားရည်နှင့် ရေနွေး၊ ရေငုံခြင်း စတာတွေကလည်း လည်ချောင်းနာခြင်းကို သက်သာစေပါတယ်။ အသက် 4 နှစ်အထက် ကလေးကစပြီး ငုံဆေးအသုံးပြုနိုင်ပါပြီ။

4. ဆားရည်ဖြင့်ပလုတ်ကျင်းပေးပါ။

5. အခန်းတွင်း၌ လေထုခြောက်သွေ့နေခြင်းက လည်ချောင်းယားယံခြင်းကို ပိုမိုဆိုးဝါးစေတာကြောင့် လေထုစိုထိုင်း ထိန်းစက်အသုံးပြုပါ။

6. Ibuprofen (အိုင်ဗျူပရိုဖန်), paracetamol (ပါရာစီတမော) စတာတွေက ကိုယ်ပူကျစေသလို့ အရောင်ကျအောင်လည်း ကူညီပေးနိုင်ပါတယ်။

7. ဘက်တီးရီးယားကြောင့် အာသီးရောင်ခြင်းအတွက် ပဋိဇီဝပိုးသတ်ဆေးဝါးများကို သတ်မှတ်ထားတဲ့အတိုင်းပြည့်မီအောင် သောက်သုံးရမှာဖြစ်ပါတယ်။ ပဋိဇီဝဆေးကို သတ်မှတ်ထားတဲ့အတိုင်းပြည့်မီအောင် မသောက်သုံးပါက အာသီးရောင်ခြင်းရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။

          နာတာရှည် အာသီးရောင်ခြင်း၊ အိပ်ပျော်နေစဉ် အသက်ရှုရပ်သွားခြင်း၊ အသက်ရှုရခက်ခဲခြင်း၊ အစာမျိုရာတွင် ခက်ခဲခြင်း၊ ပဋိဇီဝဆေးပေးသော်လည်း ပြည်တည်နာမသက်သာခြင်း စတဲ့အခြေအနေတွေမှာ အာသီးဖြတ်တောက်ခြင်း (Tonsillectomy) ပြုလုပ်နိုင်ပါတယ်။

ကာကွယ်ခြင်း

        ကာကွယ်ခြင်းဟာ ကုသမှုထက်ပိုကောင်းပါတယ်။ ရောဂါပိုးမွှားတွေကူးစက်ခံရခြင်းလျော့နည်းစေရန် ကလေးငယ်ကို ချောင်းဆိုးပြီးချိန်၊ နှာချေပြီးချိန်၊ အစာမစားခင်နှင့် အိမ်သာဝင်ပြီးချိန်တို့တွင် လက်ကိုဆပ်ပြာနှင့် စင်ကြယ်စွာဆေးကြောတတ်စေရန် သင်ကြားပေးထားပါ။ နှာချေးချောင်းဆိုးရာမှာ လက်ကိုင်ပဝါအသုံးပြုတတ်အောင်၊ ပဝါမရှိက တံတောင်ကိုအသုံးပြုတတ်အောင်သင်ကြားပေးထားပါ။ အာသီးရောင်ခြင်းဖြစ်ပွားပြီးပါက ကလေးငယ်ရဲ့သွားပွတ်တံကိုလဲလှယ်ပေးပါ။

Dr.Htet Htet Aung

www.drmyanmar.com