/
news/ကျန်းမာရေး-z/ခြေစွယ်ငုတ်ခြင်း

ခြေစွယ်ငုတ်ခြင်း

Category
ကျန်းမာရေး (A-Z)

ခြေစွယ်ငုတ်တယ်ဆိုတာ ခြေသည်းတွေဟာ ခြေမထောင့် ထိပ်စွန်းပိုင်း အသားနုထဲ မူမမှန် ကြီးထွား၀င်ရောက်ရာကနေ ဖြစ်ပေါ်လာတဲ့ ေ၀ဒနာတစ်ရပ်ပဲ ဖြစ်ပါတယ်။ အရေပြားထဲသို့ ခြေသည်း စတင်၀င်ရောက်တာနဲ့ တစ်ပြိုင်နက် နာကျင်ရောင်ရမ်းခြင်းကို စတင်ခံစားရပါတော့တယ်။

          အချိန်မီကုသမှု မခံယူပါက ရောဂါပိုး ၀င်ရောက်ခြင်း၊ ပြည်တည်နာကြောင့် ခွဲစိတ်ကုသမှုခံယူရန် လိုအပ်ခြင်းတို့ကို ကြုံတွေ့ရနိုင်ပါတယ်။

          ခြေစွယ်ငုတ်တာဟာ လူကြီးတွေမှာပဲ အဖြစ်များပြီး ကလေးတွေမှာ သိပ်ဖြစ်လေ့မရှိပါဘူး။ ဘယ်ခြေသည်းမဆို ခြေစွယ်ငုတ်နိုင်ပေမယ့် အများအားဖြင့် ခြေမမှာ ပိုဖြစ်လေ့ရှိပါတယ်။

 

>>    ဖြစ်ပွားရသည့် အကြောင်းအရင်းများ

•        တင်းကြပ်လွန်းတဲ့ဖိနပ်တွေ၊ ဒေါက်မြင့်ဖိနပ်တွေကြောင့် ခြေချောင်းလေးတွေဟာ အဖိခံရပြီး ခြေသည်းခွံကိုလည်း ပုံမှန်အတိုင်း မကြီးထွားနိုင်အောင် အနှောင့်အယှက် ဖြစ်စေပါတယ်။

•        ခြေသည်းညှပ်တာ ပုံစံမကျတဲ့အတွက် ခြေသည်းထောင့်တွေဟာ အသားနုထဲသို့ စိုက်၀င်သွားတတ်ပါတယ်။ ဒါကြောင့် ခြေသည်းညှပ်တဲ့အခါမှာ အ၀ိုင်းပုံစံမညှပ်ဘဲ တည့်တည့်သာ ညှပ်သင့်ပါတယ်။

•        မှိုရောဂါ စွဲကပ်ပါကလည်း ခြေသည်းခွံ ထူလာ၍ ကျယ်လာစေပါတယ်။

•        ထိခိုက်ဒဏ်ရာ ရတာကြောင့်လည်း ခြေစွယ်ငုတ်နိုင်ပါတယ်။

•        မိသားစုမျိုးရိုးထဲမှာ ခြေစွယ်ငုတ်တတ်တဲ့သူရှိပါက ဖြစ်နိုင်ခြေအခွင့်အလမ်း ပိုများပါတယ်။

 

>>    ရောဂါလက္ခဏာများ

          ခြေစွယ်ငုတ်တယ်ဆိုတာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတစ်ခုဖြစ်ပြီး အများအားဖြင့် ခြေမရဲ့ အပြင်မျက်နှာပြင်မှာ ပိုဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ဘယ်ခြေသည်းခွံမှာမဆို ဖြစ်နိုင်ပြီး ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါလက္ခဏာတွေကတော့ နာကျင်ခြင်း၊ နီရဲခြင်းနဲ့ ခြေသည်းထောင့် အရေပြားရောင်ရမ်းခြင်းတို့ပဲ ဖြစ်ပါတယ်။

•        ခြေစွယ်ငုတ်ခြင်းရဲ့ ကနဦးလက္ခဏာကတော့ ခြေသည်းခွံထိပ်က အရေးပြားဟာ နီရဲရောင်ရမ်းလာပြီး နာကျင်လာပါတယ်။ ပြည်တည်နာ မဖြစ်သေးသော်လည်း ပူနွေးတဲ့အထိအတွေ့ကို ခံစားရနိုင်ပါတယ်။

•        ရောဂါပိုး ၀င်ပါက ရောင်ရမ်းတာဟာ ပိုဆိုးလာပြီး ပြည်တည်လာပါတယ်။ ပြည်တည်နာဘေးက အရေပြားကလည်း ပိုမိုနီရဲလာပါတယ်။ ဖြစ်လေ့သိပ်မရှိပေမယ့် တစ်ခါတစ်ရံမှာတော့ အဖျားတက်နိုင်ပါတယ်။

 

>>    ဘယ်အချိန်မှာ ကုသမှုခံယူသင့်ပါသလဲ?

          ရောဂါပိုး ၀င်ရောက်ပြီလို့ ထင်ရတဲ့ အခြေအနေတစ်ခုခု (ပြည်တည်ခြင်း၊ ကိုယ်အပူချိန်တက်ခြင်း၊ အရေပြား နီရဲရောင်ရမ်းခြင်း၊ အလွန်အမင်း နာကျင်ခြင်း) ကို ကြုံတွေ့ရပြီဆိုပါက ဆရာ၀န်နဲ့ သွားရောက်ပြသသင့်ပါတယ်။ ရောဂါပိုး ၀င်ရောက်ခြင်း မရှိသော်လည်း အောက်ပါအခြေအနေတွေ ရှိပါကလည်း ဆရာ၀န်နှင့် ပြသသင့်ပါတယ်။

•        မေးခိုင်ကာကွယ်ဆေး မထိုးထားခြင်း

•        သုံးရက်ကြာပြီးသည့်တိုင်အောင် မသက်သာခြင်း

•        ဆီးချိုရောဂါ၊ သွေးလည်ပတ်မှု မကောင်းသည့် ရောဂါ၊ ခုခံအားကျဆင်းတဲ့ရောဂါ (သို့) ဓာတုဆေးသွင်း ကုထုံးခံရနေခြင်းအပြင် အနာကျက်နှေးခြင်း၊ ရောဂါပိုး ၀င်လွယ်ခြင်း စတဲ့ အကြောင်းအရင်း တစ်ခုခုရှိခြင်း

 

>>    ရောဂါရှာဖွေ စစ်ဆေးခြင်း

          ရောဂါပိုး ရှိ/မရှိကို စစ်ဆေးပြီးမှသာ မည်သည့်ကုသမှုမျိုးကို ပေးသင့်တယ်ဆိုတာ ဆရာ၀န်မှ ဆုံးဖြတ်ပါလိမ့်မယ်။

•        ရောဂါရာဇ၀င်ကို မေးမြန်းခြင်း

•        ခန္ခာကိုယ် စမ်းသပ်စစ်ဆေးခြင်း

•        လိုအပ်ပါက ခြေထောက်ကို ဓာတ်မှန်ရိုက်ခြင်း

•        ရောဂါပိုး ရှိ/မရှိနဲ့ ဆီးချိုရောဂါ ရှိ/မရှိ သိရှိနိုင်ရန် သွေးစစ်ဆေးမှုများပြုလုပ်ခြင်း

          အကယ်၍ ခြေစွယ်ငုတ်တာနဲ့ အိမ်၌ပင် သေချာစွာ ဂရုစိုက်ပါက ခွဲစိတ်ကုသဖို့ မလိုအပ်ပါဘူး။

•        တစ်နေ့လျှင် ခြေထောက်ကို 4 ကြိမ်ခန့် ရေနွေး စိမ်ပေးပါ။ ဆပ်ပြာ (သို့) ပိုးသတ်ဆေးတွေ ထည့်ဖို့ မလိုပါဘူး။

•        ခြေစွယ်ငုတ်နေတဲ့ နေရာအပါအ၀င် ခြေထောက်တစ်ခုလုံးကို ဆပ်ပြာ၊ ရေတို့နဲ့ နှစ်ကြိမ်ခန့် သေချာစွာ ဆေးကြောပါ။ အခြားအချိန်များတွင် ခြေထောက်ကို ခြောက်သွေ့သန့်ရှင်းနေအောင် ထားပါ။

•        ဒေါက်မြင့်ဖိနပ်၊ တင်းကြပ်လွန်းတဲ့ဖိနပ်တွေ စီးခြင်းမှ ရှောင်ကြဉ်ပါ။ ဖြစ်နိုင်ပါက လုံး၀ သက်သာသွားတဲ့အချိန်အထိ ခြေညှပ်ဖိနပ်ကိုသာ စီးသင့်ပါတယ်။

•        အရေးပြားထဲကို နစ်၀င်နေတဲ့ ခြေသည်းထောင့်ကို ကလော်ထုတ်ပါ။ ဂွမ်းအပိုင်းအစလေးကိုယူ၍ အလိပ်အသေးလေးဖြစ်အောင် လိပ်ကာ ခြေသည်းခွံနဲ့ အရေပြားကြားထဲသို့ ထိုးသွင်းလိုက်ပါ။ နာကျင်မှုကို ခံစားရနိုင်သော်လည်း အရေးကြီးတဲ့ ကုသမှုဖြစ်တံအတွက် ပြုလုပ်သင့်ပါတယ်။ ရေဆေးပြီးတဲ့အချိန်တိုင်း ဂွမ်းလိပ်ကို ညှပ်ထားပေးပါ။

•        အကိုက်အခဲပျောက်ဆေးများကို အသုံးပြုနိုင်ပါတယ်။ (ဥပမာ - ပါရာစီတမော)

•        အကယ်၍ 3 ရက်အတွင်းမှ မသက်သာပါက ဆရာ၀န်ထံ သွားရောက်သင့်ပါတယ်။

 

>>    ဆေးဝါးများ အကူအညီနဲ့ ကုသမှုခံယူခြင်း

          ရောဂါပိုးမရှိပါက ခြေသည်းကို ကလော်ထုတ်၍ ဒီတိုင်းထားရန် ဆရာ၀န်မှ အကြံပေးပါလိမ့်မယ်။ ခြေသည်းကို ရေစိမ်ခြင်း၊ သင့်တော်တဲ့ ဖိနပ်စီးခြင်း၊ ခြေသည်းများကို မကြာခဏ သန့်ရှင်းရေး ပြုလုပ်ခြင်းတွေဟာလည်း ကုသမှုနည်းလမ်းတချို့ ဖြစ်ပါတယ်။

 

>>    ခွဲစိတ်ကုသမှု ခံယူခြင်း

          အကယ်၍ ရောဂါပိုး ၀င်နေပါက (သို့) အချိန်ကြာတဲ့အထိ မသက်သာပါက ခြေသည်းခွံကို ဖယ်ရှား၍ ပြည်တွေကို စုပ်ထုတ်ပစ်ဖို့ လိုအပ်ပါတယ်။ ဆရာ၀န်ရဲ့ ဆေးခန်းမှာဖြစ်စေ၊ ဆေးရုံမှာဖြစ်စေ ပြုလုပ်နိုင်၍ ဘယ်လောက်အတိုင်းအတာထိ လိုအပ်လဲဆိုတာကတော့ ရောဂါပိုး၀င်ရောက်မှု အခြေအနေ၊ ကျန်းမာရေးပြဿနာတွေနဲ့ ထပ်တလဲလဲ ဖြစ်ပွားမှု ဟုတ်/မဟုတ်တို့အပေါ်မှာ မူတည်ပါတယ်။

          ခြေစွယ်ငုတ်တာကို ဘယ်လိုဖယ်ရှားမလဲ ဆိုတာကတော့ -

•        အနာကိုဖွင့်ဖို့ လိုအပ်နိုင်တဲ့အတွက် မေးခိုင်ကာကွယ်ဆေးကို ကြိုတင်ထိုးပေးခြင်း

•        ခြေချောင်းနဲ့ ခြေထောက်ကြားကို ထုံဆေးထိုးခြင်း

•        ခြေထောက်မှာရှိတဲ့ ပြည်များကို စုပ်ထုတ်ခြင်း

•        ခြေသည်းခွံရဲ့ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ၊ တစ်ခုလုံးကိုဖြစ်စေ ဖယ်ရှားလိုက်ခြင်းဖြင့် အနာကျက်မြန်ခြင်း၊ နောက်တစ်ကြိမ် ထပ်မံဖြစ်ပွားဖို့ အခွင့်အလမ်းနည်းပါးခြင်း

•        ခြေသည်းရဲ့အရင်းကို ဖယ်ရှားခြင်းဖြင့်သော်လည်းကောင်း၊ ခြေသည်းအောက်ရှိ အရေပြားကို ဓာတုပစ္စည်းတစ်မျိုး သုတ်လိမ်း၍ ခြေသည်းဆဲလ်များကို ဖျက်ဆီးပစ်ခြင်းဖြင့်လည်းကောင်း ခြေသည်းအနားစွန်းတွေ ထပ်မံဒုက္ခမပေးနိုင်အောင် ကာကွယ်ခြင်း

•        ပိုးသတ်ဆေးပေးခြင်း

•        ခြေသည်းကို ဂွမ်းဖြင့်အုပ်၍ ကာထားခြင်း

 

>>    နောက်တစ်ကြိမ် ပြန်လည်စစ်ဆေး ကြည့်ရှုခြင်း

          ဆရာ၀န် စည်းပေးလိုက်တဲ့ ပတ်တီးကို နှစ်ရက်ကြာအောင် ဒီအတိုင်းထားဖို့ လိုပါတယ်။

•        နှစ်ရက်မြောက်တဲ့နေ့မှာ ပတ်တီးဖြည်ခြင်း

•        ဆပ်ပြာရေတို့နဲ့ သေချာဆေးကြော သန့်စင်၍ ပတ်တီး ပြန်စည်းပေးခြင်း၊

          အနာမကျက်မချင်း နှစ်ရက်တစ်ကြိမ်ပြုလုပ်ရန် လိုအပ်ခြင်း

•        3 ရက်မှ 5 ရက်ကြာလျှင် ဆရာ၀န်နှင့် တစ်ခေါက်ပြန်ပြရန် လိုအပ်ခြင်း

•        ဆရာ၀န်ညွှန်ကြားသည့်အတိုင်း ပဋိဇီ၀ဆေးဝါးများကို သောက်သုံးခြင်း

•        အနာကို သန့်ရှင်းခြောက်သွေ့အောင်ထား၍ ဆရာ၀န်ရဲ့ ညွှန်ကြားချက်များကို လိုက်နာခြင်း

•        ပထမ 3 ရက်လောက်မှာ ခြေထောက်ကို တတ်နိုင်သမျှ မြှောက်ထားခြင်းဖြင့် အနာကို သက်သာစေခြင်း

•        အကိုက်အခဲ ပျောက်ဆေးများကို ဆရာ၀န်နှင့် တိုင်ပင်၍ သောက်သုံးနိုင်ခြင်း

 

>>    ခြုံငုံသုံးသပ်ခြင်း

          အထက်ပါနည်းလမ်းများအတိုင်း လိုက်နာပါက မကြာခင်မှာပင် အနာကောင်းစွာ ကျက်သွားနိုင်ပါတယ်။ ဒါပေမဲ့ စိတ်ပူဖို့ကောင်းတာက ခြေစွယ်ငုတ်နိုင်တဲ့ ဆဲလ်တွေကို ဖျက်ဆီး ပြီးသည့်တိုင်အောင် ထပ်မံ၍ ခြေစွယ်ငုတ်နိုင်သေးတာပါပဲ။

          ဖယ်ရှားလိုက်တဲ့ ခြေသည်းခွံ အစိတ်အပိုင်းတွေဟာ 12 လအတွင်း အသစ်ပြန်လည် ဖြစ်ပေါ်လာနိုင်ပါတယ်။

 

>>    ကာကွယ်ခြင်း

          ခြေစွယ်ငုတ်တာကို အကောင်းဆုံး ကာကွယ်နိုင်တဲ့ နည်းလမ်းကတော့ ခြေသည်းတွေကို သေချာညှပ်ပေးတာပ ဲဖြစ်ပါတယ်။ ခြေသည်းညှပ်တဲ့အခါမှာ ၀ိုက်မညှပ်ဘဲ တည့်တည့်ညှပ်ပြီး အစွန်းတွေကို ပိုရှည်နေအောင်ထားဖို့ ဂရုပြုသင့်ပါတယ်။ ဤနည်းအားဖြင့် အရေပြားထဲသို့ ခြေသည်းစွန်းတွေ စိုက်၀င်ခြင်းကို ကာကွယ်နိုင်ပါတယ်။ ခြေသည်းကို အရမ်းတိုအောင် မညှပ်သင့်ပါဘူး။

•        မိမိခြေထောက်နဲ့ သင့်တော်မယ့် ခြေအိတ်၊ ဖိနပ်များကိုသာ ရွေးချယ်၀တ်ဆင်ပါ။ ခြေထောက်ကို ခြောက်သွေ့သန့်ရှင်းနေအောင် ထားပါ။

          သက်ကြီးရွယ်အိုတွေဟာ အမြင်အာရုံ မကောင်းတဲ့အပြင် ခြေညှပ်ဖို့ အခက်အခဲ ရှိနိုင်တာကြောင့် ကူညီလုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ မိဘတွေအနေနဲ့ ကလေးတွေရဲ့ ခြေသည်းတွေကို အမြဲမပြတ် စစ်ဆေးပေးနေဖို့ လိုပါတယ်။

          ခြေသည်းခွံတွေ ပျော့သွားအောင် ခြေထောက်ကို ဦးစွာရေစိမ်ထားပါ။ ခြေသည်းညှပ်ကို အသုံးပြု၍ ခြေသည်းခွံတွေကို တိတိပပဖြစ်အောင် ညှပ်ပါ။ ခြေသည်းခွံကို အရမ်းမတိုဘဲ ခြေချောင်းများကို ကာကွယ်ပေးနိုင်မယ့် အနေအထားလောက်ထိကို ချန်ထားပေးပါ။ ကတ်ကြေးများကို အသုံးပြုခြင်းဟာ ခြေသည်းထောင့်ကို ညှပ်ရခက်တာကြောင့် မသုံးသင့်ပါဘူး။ အမျိုးသမီးတွေအနေနဲ့ တင်းကြပ်လွန်းတဲ့ ဒေါက်မြင့်ဖိနပ်တွေ စီးတဲ့အခါမှာ ခြေချောင်းတွေအပေါ်ကို ဖိအားသက်ရောက်စေတာကို သတိပြုသင့်ပါတယ်။

Dr. Thinzar Wynn (www.drmyanmar.com)