/
news/ကျန်းမာရေး-z/ပန်ကရိယ-မုန့်ချိုအိတ်-ကင်ဆာ

ပန်ကရိယ (မုန့်ချိုအိတ်) ကင်ဆာ

Category
ကျန်းမာရေး (A-Z)

အစာအိမ်အောက်ပိုင်းရဲ့ အနောက်ဘက်မှာ တွေ့ရတဲ့ ပန်ကရိယလို့ခေါ်တဲ့ ကိုယ်တွင်းအင်္ဂါ တစ်သျှူးတွေမှာဖြစ်တဲ့ ကင်ဆာကို ပန်ကရိယကင်ဆာလို့ ခေါ်ပါတယ်။ ပန်ကရိယက အစာခြေခြင်းကို ကူညီပေးတဲ့ အင်ဇိုင်းတွေနဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ဖို့အတွက် ဟော်မုန်းတွေ ထုတ်ပေးပါတယ်။

          ပန်ကရိယကင်ဆာကို အစောပိုင်းအဆင့်မှာကတည်းက သိတယ်ဆိုတာ ရှားပြီး ဒီကင်ဆာက အခြားအနီးမှာရှိတဲ့ ကိုယ်တွင်းအင်္ဂါတွေကို လျင်မြန်စွာ ပျံ့နှံ့နိုင်ပါတယ်။ ပန်ကရိယမှာ ရေအိတ်ရှိတဲ့သူ၊ မိသားစုမျိုးရိုးထဲမှာ ပန်ကရိယကင်ဆာ ရှိတဲ့သူတွေအနေနဲ့ ပုံမှန်ဆေးစစ်မှု ခံယူခြင်းအားဖြင့် ကင်ဆာကို စောစောသိနိုင်ပါတယ်။ ပန်ကရိယကင်ဆာရဲ့ လက္ခဏာတစ်ခုကတော့ ဆီးချိုပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ဆီးချိုနဲ့အတူ ကိုယ်အလေးချိန် ကျလာခြင်း၊ အသားဝါ (သို့) ဝမ်းဗိုက်အပေါ်ပို်င်း အောင့်တာကနေ ကျောဘက်ကိုပါအောင့်ခြင်း စတာတွေနဲ့ တွဲဖြစ်ရင် ပိုပြီးဖြစ်နိုင်ခြေ ရှိပါတယ်။

 

>>    ရောဂါလက္ခဏာများ

        ပန်ကရိယကင်ဆာရဲ့ ရောဂါလက္ခဏာတွေက ရောဂါရင့်လာမှ စပြတတ်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ -

•        ဝမ်းဗိုက်အထက်ပိုင်း အောင့်ခြင်း (နောက်ကျောပါ အောင့်တတ်ပါတယ်)

•        အစာစားချင်စိတ် မရှိခြင်း (သို့) ကိုယ်အလေးချိန် လျော့ကျခြင်း

•        စိတ်ကျခြင်း

•        ဆီးချိုဖြစ်ခြင်း

•        သွေးခဲခြင်း

•        ပင်ပန်းနွမ်းနယ်ခြင်း

•        အသားဝါခြင်း၊ မျက်လုံးများဝါခြင်း

 

>>    ရောဂါဖြစ်စေသော အကြောင်းအရင်းများ

        ပန်ကရိယကင်ဆာအများစုက ဖြစ်ရတဲ့အကြောင်းအရင်းကို သေချာမသိရပါဘူး။ ဆေးလိပ်သောက်ခြင်း စတဲ့အချက်တွေကြောင့်တော့ ကင်ဆာ ပိုဖြစ်နိုင်ခြေ များပါတယ်။

 

>>    ပန်ကရိယအကြောင်း

        ပန်ကရိယဆိုတာ ဝမ်းဗိုက်အပေါ်ပိုင်း အစာအိမ်အောက်ခြေပိုင်းရဲ့ အနောက်မှာရှိပြီး 6 လက်မခန့် ရှည်ပါတယ်။ အင်ဆူလင်ဟော်မုန်းကို ထုတ်ပေးပြီး စားလိုက်တဲ့ သကြားဓာတ်တွေကို ချေဖျက်ပေးပါတယ်။ အစာချေဖျက်ဖို့အတွက် အထောက်အကူပြုတဲ့ အစာချေရည်တွေကို ထုတ်ပေးပါတယ်။

 

>>    ပန်ကရိယကင်ဆာ ဘယ်လိုဖြစ်လာလဲ?

          ပန်ကရိယထဲက ဆဲလ်တွေရဲ့ DNA ပြောင်းလဲသွားခြင်းကြောင့် ကင်ဆာဖြစ်ရပါတယ်။ ဒီပြောင်းလဲသွားတဲ့ ပုံမမှန်တဲ့ဆဲလ်တွေက အထိန်းအချုပ်မရှိ ပွားလာပြီး ပုံမှန်ဆဲလ်တွေရဲ့နေရာမှာ အစားထိုး ဝင်ရောက်လာပါတယ်။ အများအားဖြင့် ပန်ကရိယပြွန်မှာ ကင်ဆာဖြစ်တာများပြီး ဟော်မုန်းထုတ်တဲ့ ဆဲလ်တွေမှာတော့ ဖြစ်ခဲပါတယ်။

 

>>    ကင်ဆာဖြစ်နိုင်ခြေများသော အချက်များ

          ပန်ကရိယကင်ဆာ ဖြစ်နိုင်ခြေများစေတဲ့ အချက်တွေကတော့ -

•        နာတာရှည် ပန်ကရိယ ရောင်ရမ်းခြင်း

•        ဆီးချို

•        မိသားစုမျိုးရိုးထဲတွင် ကင်ဆာဖြစ်နိုင်ခြေများသော မျိုးရိုးဗီဇရှိခြင်း

•        မိသားစုထဲတွင် ပန်ကရိယကင်ဆာ ဖြစ်ဖူးခြင်း

•        ဆေးလိပ်သောက်ခြင်း

•        အဝလွန်ခြင်း

•        အသက်ကြီးသူများ (အများအားဖြင့် အသက် 65 နှစ်အထက်မှာ အဖြစ်များပါတယ်။)

 

          လေ့လာမှုကြီးတစ်ခုအရ ဆေးလိပ်သောက်ခြင်း၊ ဆီးချိုရောဂါရှိတာ နှစ်ကြာခြင်းနှင့် ကျန်းမာရေးနှင့် မညီညွတ်သော အစားအစာများ စားသုံးခြင်း စတဲ့အချက်သုံးချက်စလုံး ရှိမယ်ဆိုရင် ကင်ဆာဖြစ်နို်င်ခြေ ပိုပြီးများပါတယ်။

 

>>    နောက်ဆက်တွဲဆိုးကျိုးများ

          ကင်ဆာ ပိုဆိုးလာတဲ့အခါ အောက်ပါနောက်ဆက်တွဲ ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။

•        ကိုယ်အလေးချိန် လျော့ကျခြင်း - ကင်ဆာကြောင့် ဖြစ်နိုင်သလို ကင်ဆာဆေးတွေက ပျို့အန်စေတဲ့အတွက်လည်း ပိန်သွားနိုင်ပါတယ်။ ကင်ဆာကျိတ်က အစာအိမ်ကို ဖိထားတဲ့အခါမှာလည်း အစားအသောက်စားရတာ ခက်ခဲစေနိုင်ပါတယ်။ ပန်ကရိယက အစာချေရည် အလုံအလောက် မထုတ်ပေးနိုင်တဲ့အတွက်လည်း အာဟာရဓာတ်တွေကို ကောင်းကောင်းမရနိုင်ပါဘူး။ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဖြည့်စွက်စာတွေ၊ အားဆေးတွေ စားဖို့ လိုပါတယ်။

•        အသားဝါခြင်း - ကင်ဆာက သည်းခြေပြွန်ကို ပိတ်သွားတဲ့အခါမှာ အသားဝါ ဖြစ်စေပါတယ်။ လက္ခဏာတွေကတော့ မျက်လုံးနှင့် အသားများ ဝါခြင်း၊ ဆီးရောင်ရင့်ခြင်းနှင့် ဝမ်းရောင်ဖျော့ခြင်းတို့ ဖြစ်ကြပါတယ်။ အများအားဖြင့် ဗိုက်မအောင့်ဘဲ အသားဝါ ဖြစ်တတ်ပါတယ်။

•        ဗိုက်အောင့်ခြင်း - ကြီးထွားလာတဲ့ ကင်ဆာကျိတ်က ဝမ်းဗိုက်ထဲမှာရှိတဲ့ အာရုံကြောကို ဖိတဲ့အခါ ပြင်းထန်စွာ နာကျင်စေနိုင်ပါတယ်။

•        အူပိတ်ခြင်း - ကင်ဆာက အူသိမ်ဦးပိုင်းကို ဖိပိတ်ထားတဲ့အတွက် အစာအိမ်ထဲက အစာချေပြီးသား အစာတွေက အူထဲကို မဆင်းနိုင်တော့ဘဲ ပိတ်နေတတ်ပါတယ်။

 

>>    ရောဂါရှာဖွေ ဖော်ထုတ်ခြင်း

•        ဝမ်းဗိုက်အတွင်းရှိ ကိုယ်တွင်းအင်္ဂါများအား ပုံရိပ်ရိုက်ကြည့်ခြင်း (CT, MRI, PET)

•        မှန်ပြောင်းသုံးပြီး ပန်ကရိယ၏ပုံရိပ်ကို ကြည့်ခြင်း

•        အသားစယူပြီး စစ်ဆေးခြင်း

•        သွေးစစ်ခြင်း - ပန်ကရိယကင်ဆာဆဲလ်တွေကနေ ကြွေထွက်လာတဲ့ဓာတ်တွေကို စစ်နိုင်ပါတယ်။

          ပန်ကရိယကင်ဆာလို့ သေချာရောဂါ ဖော်ထုတ်နိုင်ပြီဆိုရင် ဘယ်အဆင့်လဲဆိုတာ သိအောင်လုပ်ပြီး ကုထုံးအမျိုးမျိုး ရှိပါတယ်။

 

>>    ပန်ကရိယကင်ဆာ အဆင့်များ

•        ကင်ဆာအဆင့် 1 - ကင်ဆာဆဲလ်တွေက ပန်ကရိယမှာပဲ ရှိနေသေးပြီး ခွဲစိတ်ဖယ်ရှားလို့ ရပါတယ်။

•        ကင်ဆာအဆင့် 2 - ကင်ဆာဆဲလ်တွေက ပန်ကရိယကနေပြီး အနီးအနားမှာရှိတဲ့ ကိုယ်တွင်းအင်္ဂါတွေနဲ့ ပြန်ရည်ကျိတ်တွေကို ပျံ့နေပါပြီ။ ကင်ဆာဆဲလ်တွေကို ခွဲစိတ်ပြီး ဖယ်ထုတ်လို့ ရနိုင်ပါသေးတယ်။

•        ကင်ဆာအဆင့် 3 - ကင်ဆာဆဲလ်တွေက ပန်ကရိယကနေပြီး ဘေးမှာရှိတဲ့ အဓိကသွေးကြောတွေနဲ့ ပြန်ရည်ကျိတ်တွေကို ပျံ့န့ှံနေပါပြီ။ ခွဲစိတ်ပြီး ဖယ်ရှားနိုင်ဖို့ ဖြစ်နိုင်၊ မဖြစ်နိုင် မသေချာပါဘူး။

•        ကင်ဆာအဆင့် 4 - ကင်ဆာက ပန်ကရိယကနေ အခြားအဝေးမှာရှိတဲ့ ကိုယ်တွင်းအင်္ဂါတွေဖြစ်တဲ့ အသည်း၊ အဆုတ်၊ ဝမ်းဗိုက်အမြှေးပါ စတာတွေအထိပါ ပျံ့နှံ့သွားပါပြီ။ ဒီအဆင့်မှာတော့ ခွဲစိတ်ကုသလို့ မရတော့ပါဘူး။

          ဆရာဝန်နဲ့ သေချာတိုင်ပင် ဆွေးနွေးပြီး ကုသမှုနည်းလမ်းတွေကို ရွေးချယ်နိုင်ပါတယ်။

 

>>    ကုထုံးများ

        ကုထုံး ရွေးချယ်ရာမှာ ကင်ဆာဖြစ်တဲ့နေရာ၊ အဆင့်၊ ခန္ဓာကိုယ်ကျန်းမာရေးနဲ့ လူနာရဲ့ရွေးချယ်မှုစတဲ့ အချက်မျိုးစုံပေါ်မှာ မူတည်Nပီး စဉ်းစားရပါတယ်။ လူအများစုအတွက် ပထမဦးစားပေးပန်းတိုင်ကတော့ အတတ်နိုင်ဆုံးကင်ဆာကို ဖယ်ထုတ်နိုင်ဖို့ပါပဲ။ ကင်ဆာဖယ်ထုတ်ဖို့ မဖြစ်နိုင်တော့ဘူး ဆိုရင်တော့ သက်သောင့်သက်သာ နေနိုင်ဖို့နဲ့ ကင်ဆာ ဆက်မကြီးအောင်၊ နောက်ဆက်တွဲဆိုးကျိုးတွေ မဝင်အောင် လုပ်ရပါမယ်။

          ကုထုံးတွေကတော့ ခွဲစိတ်မှု၊ ဓာတ်ကင်ခြင်း၊ ဆေးသွင်းခြင်း စသည်တို့ ဖြစ်ကြပါတယ်။ ကင်ဆာ အရမ်းဆိုးပြီး ဒီကုထုံးတွေနဲ့လည်း မရတော့ဘူးဆိုရင်တော့ ဆရာဝန်က ခံစားနေရတဲ့ဝေဒနာတွေ အတတ်နိုင်ဆုံး သက်သာစေမယ့်ဆေး ပေးပါလိမ့်မယ်။

 

>>    ခွဲစိတ်ကုသခြင်း

        ကင်ဆာဖြစ်တဲ့နေရာအပေါ် မူတည်ပြီး ခွဲစိတ်မှုအမျိုးမျိုး ရှိပါတယ်။

•        ပန်ကရိယခေါင်းပိုင်းတွင် ဖြစ်ပါက - ပန်ကရိယခေါင်းပိုင်း၊ အူသိမ်ဦးပိုင်း၊ သည်းခြေအိတ်နဲ့ သည်းခြေပြွန် အပိုင်းအစတွေ ဖယ်ထုတ်ရပါတယ်။ အချို့အခြေအနေတွေမှာ အစာအိမ်အပိုင်းအချို့နဲ့ အနားမှာရှိတဲ့ ပြန်ရည်ကျိတ်တွေကို ဖယ်ရတာမျိုးလည်း ရှိပါတယ်။ ပြီးမှ ကျန်တဲ့ပန်ကရိယအပိုင်းကို အစာအိမ်အူတွေနဲ့ ပြန်ဆက်ပေးရပါတယ်။

•        ပန်ကရိယ ကိုယ်လုံးပိုင်းတွင် ဖြစ်ပါက - ပန်ကရိယကိုယ်လုံးပိုင်းနဲ့ အမြီးပိုင်းကို ဖြတ်ထုတ်ရပါတယ်။ ဘေလုံးပါထုတ်ရင် ထုတ်ရနိုင်ပါတယ်။

•        ပန်ကရိယတစ်ခုလုံး ထုတ်ရသော ခွဲစိတ်မှု - အချို့သော လူတွေမှာတော့ ပန်ကရိယတစ်ခုလုံး ဖယ်ထုတ်ပစ်ဖို့ လိုပါတယ်။ ပန်ကရိယ မရှိလည်း အသည်းက ပုံမှန်အလုပ်လုပ်နိုင်ပေမယ့် အင်ဆူလင်နဲ့ အင်ဇိုင်းအစားထိုးဆေးတွေ ဘဝတစ်လျှောက်လုံး သောက်နေဖို့ လိုပါတယ်။

•        အနားမှာရှိတဲ့ သွေးကြောတွေကိုပါ ကင်ဆာ ပျံ့နေပြီဆိုရင်တော့ ခွဲစိတ်ကုသဖို့ တော်တော်ခက်သွားပါပြီ။ အမေရိကမှာရှိတဲ့ ဆေးရုံအနည်းငယ်က ခွဲစိတ်အထူးကုဆရာဝန်ကြီးတွေကပဲ သွေးကြောအစိတ်အပိုင်းအချို့ကို ဖြတ်ထုတ်ပြီး ပြန်ပိတ်တဲ့ ခွဲစိတ်မှုမျိုးကို ရွေးချယ်ထားတဲ့ လူနာတွေမှာပဲ လုပ်နိုင်ပါတယ်။

          ခွဲစိတ်မှုတိုင်းကတော့ သွေးထွက်ခြင်း၊ ရောဂါပိုးဝင်ခြင်းစတဲ့ အန္တရာယ်တွေ ဖြစ်နိုင်ခြေ ရှိပါတယ်။ အချို့လူတွေက အစာအိမ် ပုံမှန်အလုပ်မလုပ်တဲ့အတွက် ပျို့တာ၊ အန်တာတွေ ဖြစ်တတ်တယ်။ ဒါကြောင့် ခွဲစိတ်ပြီးရင် ဆေးရုံမှာ ပြန်ကောင်းတဲ့အထ်ိ အကြာကြီး နေရနိုင်ပါတယ်။

 

>>    ကင်ဆာဆေးသွင်း ကုသခြင်း

        ကင်ဆာဆဲလ်တွေကို သတ်နိုင်တဲ့ဆေးတွေကို အကြောကနေ ထိုးထည့်တာပဲဖြစ်ဖြစ်၊ ပါးစပ်က သောက်တာပဲဖြစ်ဖြစ် လုပ်နိုင်ပါတယ်။ ဆေးတစ်မျိုး (သို့) နှစ်မျိုး သုံးမျိုးပေါင်းပြီး ကုသဖို့ လိုပါတယ်။

          ကင်ဆာဆေးသွင်းတာနဲ့ ဓာတ်ကင်တာနှစ်မျိုးလုံးနဲ့ ကုသမှုလည်း ပြုလုပ်ရနိုင်ပါတယ်။ ကင်ဆာ အရမ်းဆိုးတဲ့ အဆင့်တွေမှာတာ့ ကင်ဆာ ဆက်ပြီးမကြီးထွားဖို့နဲ့ သက်တမ်းကို ဆွဲဆန့်ဖို့အတွက် ကင်ဆာဆေးသွင်း ရပါတယ်။

 

>>    ဓာတ်ကင်ခြင်း

        ဓာတ်ကင်တယ် ဆိုတာကတော့ စွမ်းအင်မြင့် ရောင်စဉ်တန်းတွေကို သုံးပြီး ကင်ဆာဆဲလ်တွေကို ဖျက်ဆီးခြင်း ဖြစ်ပါတယ်။ မခွဲမီနဲ့ ခွဲပြီးအချိန်တွေမှာ ဓာတ်ကင်ကြရသလို ကင်ဆာဆေးသွင်းတာနဲ့ ဓာတ်ကင်တာ ပေါင်းပြီးလည်း ကုသဖို့ လိုပါတယ်။

 

>>    ခံစားနေရသော ရောဂါလက္ခဏာ သက်သာအောင် ဆေးပေးခြင်း

        ဒါကတော့ ရောဂါ ပျောက်အောင်ကုတာ မဟုတ်ဘဲ ခံစားနေရတဲ့ နာကျင်မှုတွေနဲ့ အခြားပြင်းထန်တဲ့ ဝေဒနာတွေ သက်သာအောင် စောင့်ရှောက်မှုပေးခြင်း ဖြစ်ပါတယ။် ခွဲစိတ်မှု၊ ဆေးသွင်းခြင်း၊ ဓာတ်ကင်ခြင်းစတဲ့ ကုထုံးတွေ တစ်လျှောက်မှာလည်း သုံးနိုင်ပါတယ်။

 

>>    စိုးရိမ်သောကတွေကို ဘယ်လိုဖြေလျော့ပေးကြမလဲ?

        ကင်ဆာရောဂါ ခံစားနေရသူတွေက ပူပင်သောကတွေ ခံစားကြရပါတယ်။ လေ့လာမှုတွေအရ အခြားကင်ဆာအမျိုးအစားတွေထက် ပန်ကရိယကင်ဆာ ရှိသူတွေက ပိုပြီးပူပင်သောက များတယ် ဆိုကြပါတယ်။

          ပူပင်သောကတွေ များလာပြီဆိုရင် ရောဂါအကြောင်းကိုပဲ တစ်ချိန်လုံး တွေးနေပြီး အိပ်မပျော်တာတွေ ဖြစ်လာပါမယ်။ ဒေါသတွေထွက်၊ ဝမ်းနည်းတာတွေ ခံစားရပါမယ။် ကိုယ့်ခံစားချက်ကို ဆရာဝန်နဲ့ သေချာဆွေးနွေးပြီး ဒါတွေကို ပြေလျော့စေနိုင်မယ့် နည်းလမ်းကို ရှာရပါမယ်။ လေ့ကျင့်ခန်းလုပ်ခြင်း၊ တရားထိုင်ခြင်း၊ ဂီတနားထောင်ခြင်း၊ စိတ်ဖြေလျော့သော လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ကျင့်စဉ်များ ပြုလုပ်ခြင်း စတဲ့ မိမိနဲ့ကိုက်ညီတာတွေကို ကြိုးစားကြည့်ပါ။

 

Dr. Mya Myo Myo Swe (www.drmyanmar.com)