/
news/ဂျာနယ်များ၊-မဂ္ဂဇင်းများနှင့်-သတင်းများ-3

"မိန်းမသားတို့ကျန်းမာရေးသိလိုရာမေး"ခေါင်းစဉ်ဖြင့်ကျန်းမာရေးဟောပြောပွဲကျင်းပ

Category
ဂျာနယ်များ၊ မဂ္ဂဇင်းများနှင့် သတင်းများ

            အမျိုးသမီးများ၏ ကျန်းမာရေးဆိုင်ရာပြဿနာများအား အသိပညာပေးဟောပြောပေးခြင်းနှင့်အတူ သိလိုသောအကြောင်းအရာများအား မေးမြန်းနိုင်သည့် အမျိုးသမီးတိုင်းအတွက် Eposoft မှ တင်ဆက်သည့် သားဖွားမီးယပ်အထူးကုဆရာ၀န်ကြီးတွဲဖက်ပါမောက္ခဒေါက်တာစိုးလွင်၏ "မိန်းမသားတို့ကျန်းမာရေးသိလိုရာမေး" အခမ်းအနားကို ဇွန်လ 10 ရက်နေ့တွင် ရန်ကုန်မြို့ UMFCCIခန်းမ၌ ကျင်းပခဲ့သည်။

            ကျန်းမာရေးဟောပြောပွဲတွင် ပါမောက္ခဒေါက်တာဦးစိုးလွင်က အမျိုးသမီးများ၏ကျန်းမာရေးပြသနာများဖြစ်သော ဓမ္မတာလာခြင်း၊ သွေးဆုံးခြင်းနှင့်ပတ်သက်သော အကြောင်းအရာများအပြင် ဟောပြောပွဲသို့တက်ရောက်လာသော အမျိုးသမီးများ၏ကျန်းမာရေးပြဿနာများကို ဖြေကြားပြောပြခဲ့ပါသည်။

            "မိန်းကလေးတွေရဲ့ ရာသီချိန်ဆိုတာ တော်တော်လေးကိုထူးခြားဆန်းပြားပါတယ်။ စိတ်တွေအမျိုးမျိုးဖြစ်နေတတ်တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်က “ရာသီမလာခင် လူသတ်ချင်” ဆိုတဲ့ စာအုပ်လေးရေးဖူးပါတယ်။ ရာသီမလာခင်မှာ စိတ်ရောကိုယ်ပါတင်းကျပ်လာတာတွေ ဖြစ်တတ်တယ်။ အဲ့လိုအချိန်မှာ မိန်းကလေးတွေက အမျိုးမျိုးသော စိတ်မတင်မကျမှုတွေ ရှိနေတတ်တယ်။ တချို့ဆိုရင် ရင်သားတွေ တင်းလာတတ်တာ။ ရင်းသားနာကျင်ပြီး အထိမခံနိုင်တာတွေလည်း ရှိတတ်တယ်။ အဲ့အချိန်မှာ ဟော်မုန်းတွေအပြောင်းအလဲတွေ အများကြီးဖြစ်တယ်။ တစ်ယောက်တစ်မျိုးစီပေါ့။ အဲ့အချိန်မှာ ခွေပြီးတော့ ပုဇွန်ထုပ်လေးလို ကွေးနေချင်တယ်။ ဘာမှကိုမလုပ်ချင်တော့တာတွေ ဖြစ်တတ်တယ်။ အဲ့အချိန်မှာ ဘ၀အတွက်အရေးအကြီးဆုံးအလုပ်တွေကိုလုပ်မယ်ဆိုရင် လုပ်ရောလုပ်နိုင်ပါ့မလား။ အဲ့အချိန်မှာ ဘ၀အတွက် အရေးအကြီးဆုံးစားမေးပွဲတစ်ခု ဖြေရမယ်။ ဆယ်တန်းစာမေးပွဲလိုမျိုးအဲ့ရက်မှာအဲ့လိုတွေဖြစ်နေရင် စာမေးပွဲဘယ်လိုဖြေမလဲနော်။ အားကစားပြိုင်တာတို့ ဘာတို့ဆိုလည်း ဘယ်လိုတွေ ပြိုင်နိုင်ပါ့မလဲ။ တော်တော်ကို မိန်းမသားတွေဘ၀မှာ ရာသီရက်က အရေးပါတာတွေထိခိုက်နိုင်တာပေါ့နော်။ အဲ့လိုဖြစ်တာတွေက ဟော်မုန်းတစ်မျိုးကြောင့် ဖြစ်တာပေါ့နော်။ အဲ့အတွက်က သက်သာအောင်လုပ်ချင်တယ်။ ဘယ်လိုလုပ်ရမလဲဆိုတော့ အခု Eposoft လို ဆေးမျိုးသောက်လိုက်ရင် သက်သာတာပေါ့နော်။ နောက်တစ်ခုက တစ်ခါတလေကျတော့လည်း ဘာလုပ်ရလဲဆိုတော့ မိန်မသားတွေရာသီကို သိပ်အရေးကြီးတဲ့ကိစ္စတွေရှိတယ်ဆိုရင် ရာသီမလာအောင်ရက်ရွှေ့လိုက်တာ၊ ဆေးသောက်ပြီး ရွှေ့့လိုက်တာ၊ သူလာစေချင်တဲ့အချိန်မှသာ ဆေးကိုရပ်လိုက်ပြီး ရာသီကိုပြန်လာစေတာရှိတယ်။ အဲ့လိုမျိုးလုပ်လို့ရတာရှိတယ်။ ဘာအကြောင်းမှမရှိဘဲ ကိုက်ခဲတတ်တဲ့အမျိုးသမီးတွေရှိသလို သားအိမ်ထဲမှာအလုံးရှိလို့ဖြစ်တာ၊ ပိုး၀င်ပြီးရောင်ရမ်းတာ၊ တစ်ခါတလေကျရင် သားအိမ်ထဲမှာပစ္စည်းလေးတွေ ကိုယ်၀န်မရအောင်ထည့်တာလေးတွေကလည်း ကိုက်ခဲတတ်တာရှိတယ်။ အဲ့ဒါကြောင့် အကြောင်းအရင်းကို လိုက်ရှာပြီးတော့ ဆေးကုရပါတယ်။ မိန်းမသားတွေဘ၀မှာ ရာသီဟာ လာတာလည်း မကောင်းဘူး။ မလာတာလည်း မကောင်းဘူးလို ဖြစ်နေတတ်ပါတယ်။ အမျိုးသမီးတွေက အပျိုဖော်ဘ၀စတဲ့အခါမှာ ရာသီစလာတယ်။ ရာသီဟာ အချိန်အတိုင်းအတာတစ်ခုကိုရောက်တဲ့အခါမှာ ပြီးဆုံးသွားပါတယ်။ အဲ့ဒါဘာလဲဆိုတော့ သားဥအိမ်လေးသည် စပြီးတာ၀န်ထမ်းဆောင်တဲ့အချိန်မှာ အပျိုဖြစ်လာပြီ ဥလေးတွေကြွေပြီဆိုရင် အဲ့ဒီသားဥအိမ်လေးအလုပ်မလုပ်တော့တဲ့အချိန် ဥလေးတွေမကြွေတော့ဘူး၊ ဟော်မုန်းတွေမထွက်တော့ဘူးဆိုရင် သွေးဆုံးချိန်ကိုရောက်လာတာ။ အဲ့ဒီတော့ မြန်မာအမျိုးသမီးအများစုသည် အသက် 45 ကနေ 50 ကြား သွေးဆုံးလေ့ ရှိတယ်။ သွေးဆုံးပြီးတိုင်း ပုံမှန်ရာသီမလာတော့ဘူးဆိုတာ သေချာပါတယ်။ သို့သော် အဲ့ဟိုမုန်းတွေ ရုတ်တရက်ကျဆုံးသွားတဲ့အချိန်မှာ တချို့အမျိုးသမီးတွေဟာ သွေးဆုံးကိုင်လိုက်တာဖြစ်တတ်တယ်။ အဲ့အချိန်မှာ မီးယပ်ပူမီးယပ်ချမ်းဖြစ်တယ်။ အဲ့ဒါက သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ဘာကြောင့်ဖြစ်မှန်းမသိဘဲ မီးလိုပူတာ၊ ရှိန်းရှိန်းနဲ့မီးစထိုးသလိုပူလာတယ်။ နောက်ညအိပ်နေရင်း ချေွးတွေတောက်တောက်ကျလာမယ်။ ညဆိုလည်း အိပ်မပျော်ဘဲ ချေွးတွေကျမယ်။ အလကားနေရင်း စိတ်တိုမယ်။ လူတွေကို သံသယမျက်လုံးနဲ့ကြည့်တယ်။ ခင်ပွန်းသည်ကို ဘယ်သူ့ကို ကြည့်နေမယ်ဆိုပြီး တွေးနေတာ စိတ်တွေဂယောက်ဂယက်ဖြစ်မယ်။ အရိုးတွေပါးလာ၊ ပွလာမယ်။ တစ်ခါတလေ ချောင်းဆိုးရင် ဆီးတွေထွက်ကျတာမျိုး အဲ့ဒါမျိုးတွေ။ အိမ်ထောင်ရေးကို စိတ်ကုန်လာမယ်။ ယောကျာ်းကို အနားမကပ်စေချင်သလို မကပ်ပြန်ရင်လည်း စိတ်တိုမယ်။ တကယ် နားလည်ရခက်တဲ့အချိန်ပါပဲ။ အဲ့အချိန်မှာ အမျိုးသမီးတိုင်း စိတ်မတင်မကျဖြစ်တာများတယ်။ ဒါ့ကြောင့် မိသားစုကလည်း ဖေးမကူညီဖို့လိုတယ်။ လိုအပ်လာရင် ဆရာ၀န်နဲ့ပြသဖို့လိုတယ်။ ကိုယ်လုပ်မိတာတွေကို မသိတာဖြစ်တတ်တယ်။ သဘာ၀အားဖြင့် အမျိုးသမီးဟော်မုန်းတွေက ပဲနို့တို့၊ ပဲနဲ့လုပ်တဲ့အစားအသောက်တွေက အထောက်အကူဖြစ်နိုင်တယ်။ ကယ်လ်စီယမ်ပါတဲ့ ငါးလေးတွေ၊ နို့တွေ စားသောက်ပေးသင့်ပါတယ်။ မိန်းမတွေသွေးဆုံးပြီးရင် နောက်တစ်ကြိမ် သွေးပြန်ဆင်းတာက အန္တရာယ်များပါတယ်။ အဲ့ဒါသည် သားအိမ်ခေါင်းကင်ဆာတို့၊ သားအိမ်နဲ့ပတ်သက်တဲ့ ရောဂါတွေဖြစ်ပွားနိုင်တယ်၊ မပေါ့ဆသင့်ပါဘူး။ ဆရာ၀န်နဲ့ သေချာတိုင်ပင်ပြသသင့်ပါတယ်။"ဟု သားဖွားမီးယပ်အထူးကုဆရာ၀န်ကြီး တွဲဖက်ပါမောက္ခဒေါက်တာဦးစိုးလွင်က ပြောသည်။

            Eposoft နှင့် ဆရာကြီးဒေါက်တာဦးစိုးလွင်တို့ လက်တွဲ၍ အမျိုးသမီးများအတွက် ကျန်းမာရေးပညာပေးပွဲများပြုလုပ်လျက်ရှိရာ ယခုပြုလုပ်သောအခမ်းအနားသည် တတိယအကြိမ်မြောက်ဖြစ်ကာ နောင်နှစ်များတွင်လည်း နှစ်စဉ်နှစ်တိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း သတင်းရရှိသည်။

 

May Su Hlaing (www.drmyanmar.com)