/
news/ဂျာနယ်များ၊-မဂ္ဂဇင်းများနှင့်-သတင်းများ/ဆာကူရာဆေးရုံမှ-ကြီးမှူး၍-ကိုယ်၀န်ဆောင်များနှင့်

ဆာကူရာဆေးရုံမှ ကြီးမှူး၍ ကိုယ်၀န်ဆောင်များနှင့် ကလေးငယ်များအတွက် အသိပညာပေးဟောပြောပွဲ ပြုလုပ်

Category
ဂျာနယ်များ၊ မဂ္ဂဇင်းများနှင့် သတင်းများ

         ပျော်ရွှင်ကျန်းမာသောမိသားစုဘ၀တစ်ခုတွင် ကျန်းမာပြီး ဉာဏ်ရည်ထက်မြက်သော ရင်သွေးငယ်များ မွေးဖွားလာနိုင်စေရေးသည် လိုအပ်ချက်တစ်ခုဖြစ်နေသလို ယင်းကလေးငယ်များ ကို မွေးဖွားပေးမည့် မေမေများ၏ကျန်းမာရေးစောင့်ရှောက်ပေးမှုအပိုင်းများသည်လည်း ကောင်းမွန်သော အနာဂတ်မိသားစုဘ၀လေးများအား တည်ဆောက်ရာတွင် များစွာအရေးပါလှပါသည်။

          ထို့ကြောင့် မိခင်နှင့်ကလေးကျန်းမာရေးအသိပညာပေးဟောပြောပွဲတစ်ခုကို ဆာကူရာဆေးရုံမှ ကြီးမှူး၍ ဇူလိုင်လ 17 ရက်နေ့၌ Novotel ဟိုတယ်တွင် ပြုလုပ်ခဲ့ပြီး တွဲဖက်ပါမောက္ခ ဒေါက်တာဦးစိုးလွင် (သားဖွားနှင့်မီးယပ်အထူးကုဆရာ၀န်ကြီး)မှ “ခေတ်မီလှပမိခင်ဘ၀”ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပေးပြီး တွဲဖက်ပါမောက္ခ ဒေါက်တာဒေါ်ခင်ဆွေ (ကလေးအထူးကုဆရာ၀န်ကြီး)မှ “ကလေးများ၏ဖွံ့ဖြိုးမှုအစ အနာဂတ်ဘ၀”ခေါင်းစဉ်ဖြင့် ဟောပြောပေးခဲ့ကာ ကလေးငယ်များ၏ကြီးထွားမှုပိုင်းဆိုင်ရာလိုအပ်ချက်များနှင့် ပတ်သက်၍ ကလေးမိခင်များ၏မေးမြန်းမှုများအား ဖြေကြားပေးခဲ့သလို ကိုယ်၀န်ဆောင်မိခင်လောင်းများ၏ ကျန်းမာရေးပိုင်းဆိုင်ရာမေးမြန်းမှုများကိုလည််း တွဲဖက်ပါမောက္ခ ဆရာကြီး ဒေါက်တာဦးစိုးလွင်က ဖြေကြားပေး ခဲ့သည်။

          “ကိုယ်၀န်ဆောင်မိခင်တစ်ယောက်ရဲ့ဘ၀ဆိုတာ ဘာနဲ့များအလားသဏ္႑ာန်တူသလဲဆိုရင် ကျွန်တော်တို့က ဆရာ၀န်တစ်ယောက်အနေနဲ့လူနာတွေကိုနေ့စဉ်နဲ့အမျှ ကြည့်တဲ့အခါ ကျွန်တော်တို့မှာ လူနာ၂မျိုးရှိပါတယ်။ တစ်မျိုးကတော့ ကိုယ့်ရဲ့ ၀မ်းကြာတိုက်ထဲမှာ သားသားမီးမီးလေးကိုလွယ်ပိုပြီးတော့ ၀မ်းသာအားရနဲ့ မိခင်လောင်းတွေ။ သိပ်ကိုပျော်စရာကောင်းတာပေါ့။ ဆရာ၀န်နဲ့ပြမယ်။ ဒီကလေးလေး ကို ချောချောမောမောနဲ့ ပျော်ပျော်ရွှင်ရွှင်မွေးဖို့အတွက် ပြင်ဆင်နေတဲ့လူသားတွေ။ မင်္ဂလာအရှိဆုံး လူသားတွေပေါ့။ ဒါပေမယ့် နောက်ထပ်လူသားတွေ ရှိသေးတယ်၊ တစ်၀က်လောက်က ကလေးလိုချင်လွန်းလွန်း လို့ ရူးမတတ်ဖြစ်နေတဲ့သူတွေ။ ကျွန်တော်တို့ဆီမှာလာပြကြတဲ့ လူနာတွေလည်း ရှိပါတယ်။ တစ်ခါတလေကြလို့ရှိရင် သိပ်ကိုပြောရခက်တာ။ ဟိုးမိုးပေါ်ကနေ အပ်လေးတစ်ချောင်း ပစ်ချလိုက် မယ်။ အောက်ကနေ အပ်လေးတစ်ချောင်းထောင်ထားမယ်။ ဒီအပ်နှစ်ချောင်းထိဖို့ကမှ လွယ်သေးတယ်။ လူတစ်ယောက်ဖြစ်ဖို့ဆိုတာ မလွယ်ဘူးလို့ဗုဒ္ဓဘာသာမှာ ပြောလေ့ရှိပါတယ်။ လူသားတစ်ဦးဖြစ်လာဖို့ဆိုတာ မလွယ်ပါဘူး။ မိခင်တစ်ယောက်ဖြစ်လာဖို့ဆိုတာလည်း မလွယ်ဘူး။ ဘုရားသခင်ကပေးတဲ့ ကံကောင်းခြင်းလက်ဆောင်လို့လည်း ပြောလို့ရတယ်။

          အိမ်ထောင်ရက်သားကျပြီး ဇနီးမယားတွေ၊ လင်မယားတွေဖြစ်ကြပေမယ့် ကလေးမရနိုင်လွန်းလို့ စိတ်သောကတွေရောက်ပြီးတော့ ရူးမတတ်ခံစားနေရတဲ့ မိခင်ဖခင်တွေအများကြီးပါ။ ကိုယ်၀န်ဆောင်မိခင်တစ်ယောက်ဖြစ်လာပြီဆိုရင်လည်း ဟိုးအရင်ကကြားဖူးတဲ့စကားတွေအရ မိခင်တစ်ယောက်ရဲ့ဘ၀ဟာ အင်မတန်ကြောက်စရာကောင်းတယ်။ အသက်အန္တရာယ်နဲ့ နီးတယ်လို့ပြောကြတဲ့ ရှေးရိုးအစဉ်အလာတွေရှိခဲ့တယ်။ ဒါပေမယ့် ခေတ်ကြီးက ပြောင်းလဲသွားပါပြီ။ ဟိုးအရင်တုန်းကလို ကိုယ်၀န်ဆောင်မိခင်ဘ၀ဟာ အဲ့လိုကြီး ကြောက်မက်ဖွယ်ကောင်းတဲ့ဘ၀မဟုတ်ပါဘူး။ ကျွန်တော်ဒီနေ့ပြောချင်တာက ကိုယ်၀န်ဆောင်မိခင်ဘ၀ဘာလဲဆိုရင် ခေတ်မီလှပတဲ့ မိခင်ဘ၀ဖြစ်တယ်။ ခေတ်မီတယ်။ လှပတယ်။ ဘာမှကြောက်စရာမရှိဘူး။ ပျော်စရာတွေချည်းပဲ။ တစ်ခုပဲပေါ့။ အဲ့ဘ၀ကိုပိုင်ဆိုင်ဖို့အတွက် ဘာတွေလိုအပ်သလဲ။ ဒီနေ့ဒီခေါင်းစဉ်လေးကို ပြောကြား တာဖြစ်ပါတယ်။’’ဟုပါမောက္ခဒေါက်တာဦးစိုးလွင်ကပြောကြားသည်။

          မိခင်လောင်းများအနေဖြင့် ကိုယ်၀န်ရလာပါက စိတ်ဓာတ်ပိုင်းဆိုင်ရာပြောင်းလဲလာမှုများ၊ အားငယ်စိတ်များရှိ်လာတတ်ကြသည်။ ထို့ကြောင့် မိခင်များကို ဂရုစိုက်မှုတွင် သူမ၏မိသားစုသည် အဓိကကြပြီး ခင်ပွန်းသည်၏ ဂရုတစိုက်ရှိမှုသည် မိမိ၏ ရင်သွေးနှင့်ဇနီးမယားအတွက် ကောင်းမွန်သည့် အနာဂတ်ဖြစ်ပါ သည်။ မိခင်လောင်းဖခင်လောင်းများသည် ကလေးယူတော့မည်ဆိုလျှင် သေချာစဉ်းစားရန်လိုအပ်ပြီး လိုချင်သည့် ကိုယ်၀န်များဖြစ်ဖို့ အရေးကြီးပါသည်။ သာသမီးရယူတော့မည်ဆိုပါက မိခင်များသည် ဆရာ၀န်နှင့်သေချာတိုင်ပင်၍ ရောဂါရှိ မရှိ စစ်ဆေးကာ စနစ်တကျပြင်ဆင်ပြီးရယူလျှင် ပိုမိုကောင်းမွန်ပါသည်။ မိခင်တစ်ဦးသည် ကလေးစယူမည်ဆိုကတည်းက အနည်းဆုံး၂လ ကြိုတင်ပြီး ဖော်လစ်အက်ဆစ်ကို သောက် သုံးပေးရန်လိုအပ်ပါသည်။ ဖော်လစ်အက်ဆစ်မှာ ကလေးငယ်၏ ကိုယ်အင်္ဂါတည်ဆောက်မှုကို ကူညီပေးကြောင်းသိရသည်။

          “ဖွံ့ဖြိုးမှုအစအနာဂတ်ဘ၀ဆိုတာ ကလေးလေးစပြီးဖြစ်ဖို့အတွက် ဒီအတိုင်းနေပြီးမဖြစ်ပါဘူး။ ဘယ်လိုဖြစ်လာလဲဆိုတော့ မိခင်နှင့်ဖခင်ပေါင်းဆုံပြီး မွေးကင်းစလေးဖြစ်လာပါတယ်။ မွေးပြီးဖြစ်လာတဲ့ အူ၀ဲလို့စပြီး ငိုလိုက်တဲ့အချိန်ကစပြီး 28 ရက်အထိ မွေးကင်းစလို့ ခေါ်ပါတယ်။ ဒီမွေးကင်းစလေးရဲ့ဖွံ့ဖြိုးမှုက အရမ်းမြန်ပါတယ်။ ဘယ်ပေါ်မှာမူတည်လဲဆိုရင် ဒီကလေးရဲ့အာဟာရပြည့်၀မှုအပေါ်မှာ မူတည်ပါတယ်။ ဒီအဟာရပြည့်၀မှုမှာ ကျွန်မတို့က အဓိကက မိခင်နို့တစ်မျိုးတည်း ဖြစ်ပါတယ်။ အဲ့ဒါကြောင့် မိခင်နို့ကို မွေးကင်းစ ထွက်ထွက်ခြင်းအူ၀ဲလို့စပြီးငိုလိုက်ကတည်းက စောလျင်စွာတိုက်လိုက်မယ်စို့။ လိုအပ်မယ့်အာဟာရတွေရလိုက်မယ်ဆိုရင် ကျွန်မတို့ရဲ့မွေးကင်းစလေးဟာ ကျန်းမာသန်စွမ်းဖွံ့ဖြိုးလာမှာဖြစ်ပါ တယ်။ ကလေးကို မွေးစကနေ 6 လ အထိ မိခင်နို့တိုက်လိုက်မယ်။

         အဲ့ဒီနောက်ပိုင်းမှာဖြည့်စွက်စာလို့ခေါ်တဲ့ အာဟာရကိုပြည့်စုံစွာရရှိရင် ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူပြုမှာပါ။ ဗီတာမင် B လို့ခေါ်တဲ့အာဟာရချို့တဲ့မှုမဖြစ်အောင် ကလေးဘယ်အရွယ်ကတည်းက ဒါနဲ့ပတ်သက်တဲ့အာဟာရကို စားသောက်ပေးဖို့လိုလဲဆိုရင် မိခင်ဗိုက်ထဲမှာ ကလေးရှိကတည်းက ဒီချို့တဲ့မှုမဖြစ်အောင် ပြုလုပ်ရမှာပါ။ ဒီ ဗီတာမင် B အာဟာရက ဘယ်မှာပါသလဲဆိုရင် နေ့စဉ်စားသုံးနေတဲ့ ဆန်မှာ ပါ၀င်ပါတယ်။ ဆန်ကိုစစချင်း မချက်ပြုတ်မီကတည်းက အချိို့လည်းအသန့်အရမ်းကြိုက်တဲ့အခါ လက်ဝါးနဲ့ပွတ်သပ်ပြီးဆေးတဲ့အခါ အဲ့ဒီမှာပါ၀င်တဲ့ အာဟာရတွေပါသွားရင် ကိုယ်၀န်ဆောင်မိခင်တွေ စားတဲ့အခါ ဗီတာမင် B ချို့တဲ့မယ်။ အဲ့ဒါချို့တဲ့ရင် မွေးလာတဲ့ ကလေးမှာ ရုတ်တရက်သေဆုံး တာတွေ ဖြစ်နိုင်ခြေရှိလို့ ကိုယ်၀န်ဆောင်မိခင်တွေက ကိုယ်၀န်ကိုစအပ်ကတည်းက ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အစာအုပ်စု၃ခုမှာပါတဲ့ အစားအစာတွေအတိုင်း အာဟာရစုံလင်စွာ စားသုံးပေးမယ် ဆိုရင် မွေးလာတဲ့ကလေးငယ်က ကျန်းကျန်းမာမာရောဂါကင်းကင်းနဲ့ ဘ၀တစ်လျောက် ဖြတ်သန်းနိုင်မှာပါ’’ ဟု ကလေးအထူးကုဆရာ၀န်ကြီး တွဲဖက်ပါမောက္ခ ဒေါက်တာဒေါ်ခင်ဆွေက ပြောကြားသည်။

          ကလေးငယ်များသည် မိမိ၏အသက်အရွယ် ရက်၊ နှစ်၊ လ အလိုက်ရှိသင့်သည့် ကိုယ်အလေးချိန်နှင့် အရွယ်အစားများအတိုင်းမရှိဘဲ ကြီးထွားဖွံ့ဖြိုးမှုနှေးနေသည်ဖြစ်စေ၊ ရပ်တန့်နေသည်ဖြစ်စေ ယင်းကဲ့သို့ဖြစ်ပွားနေပါလျှင် ကလေးအထူးကုဆရာ၀န်များနှင့်တိုင်ပင်၍ လိုအပ်သည်များကို လိုက်နာဆောင်ရွက်သင့်ကြောင်းလည်း သိရသည်။

 

May Su Hlaing

www.drmyanmar.com