H1N1 ပြင်းထန်အဆင့် လူနာများအား ဝေဘာဂီဆေးရုံကြီးတွင်သာ လက်ခံကုသပေးတော့ရန် စီစဉ်မှုများ ပြုလုပ်ထား
အမြို့မြို့ အနယ်နယ်ရှိ တိုင်းနဲ့ပြည်နယ်များမှ ရန်ကုန်ရှိဆေးရုံများသို့ ပြောင်းရွှေ့ကုသလာသော H1N1 ပြင်းထန်အဆင့် လူနာများကို ဝေဘာဂီဆေးရုံကြီးတွင်သာ လက်ခံကုသတော့ရန် စီစဉ်ထားရှိပြီးဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လုပ်ငန်းညှိနှိုင်း အစည်အဝေး၏ သတင်းစာရှင်းလင်းပွဲတွင် သတင်းထုတ်ပြန်ခဲ့သည်။
H1N1 ပိုးတွေ့လူနာများ ဆေးရုံတက်ရောက်ကုသနေမှု အခြေအနေများနှင့် ပတ်သက်ပြီး "ရောဂါအတွက် Guide line ရှိပါတယ်။ H1N1 ပိုးတွေ့လူနာတိုင်း ဆေးရုံတက်ဖို့ မလိုဘူး။ တုပ်ကွေးဆရာဝန်နဲ့ ဆေးရုံ၊ ဆေးခန်းပြလို့ သံသယဖြစ်တယ်၊ စစ်တဲ့အခါမှာ ပိုးတွေ့တိုင်းလည်း ဆေးရုံတက်ဖို့ မလိုဘူး။ ပိုးတွေ့ပြီး သူက ကောင်းနေတယ်၊ လူကောင်းလိုပဲ ပိုးသာ တွေ့တာလေ။ လူက ကျန်းကျန်းမာမာပဲ ဖျားတာမရှိဘူး။ မောတာ၊ ရင်ကျပ်တာ မရှိဘူးဆိုရင် သူ့ကို အိမ်မှာပဲ နားခိုင်းတယ်။ ဘယ်မှမသွားရဘူး။ mask နဲ့ နေခိုင်းတယ်။ သူများကို မကူးစက်အောင် အနည်းဆုံး အိမ်မှာ ၃ ရက်လောက် နေပါ။ နောက် ပြန်ပြီးတော့ ဆရာဝန် ပြခိုင်းတယ်။ အဲ့ဒါသည် H1N1 ပိုးတွေ့တိုင်းသာ ဆေးရုံတက်နေရရင် တို့ဆေးရုံတွေ သိပ်အရေးကြီးတဲ့လူနာ ကုဖို့နေရာမရှိဘဲ နေမှာပေါ့နော်။ H1N1 ရှိတဲ့အထဲမှာမှ ပြင်းထန်အဆုတ်ရောင်ရောဂါဖြစ်မှ ဆရာတို့အခေါ် serie လို့ ခေါ်တယ်။ Serie ဖြစ်သွားပြီ၊ စောစောက ပြောတဲ့အချက်တွေအတိုင်း အဆုတ်လည်း မကောင်းဘူး၊ ဖျားနာပြီး အသက်ရှူကျပ်ဖြစ်နေပြီဆိုရင် ဆေးရုံတက် ကုသဖို့ လိုပါတယ်" ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာနမှ ဒေါက်တာဦးသန်းထွန်းအောင်က ပြောသည်။
"ရန်ကုန်ပြည်သူ့ဆေးရုံသစ်ကြီးမှာ ပိုးတွေ့တဲ့လူနာတွေ 2 ယောက်ရှိပြီ။ လက်ခံကုသပေးခဲ့ရာမှာ အထူးကြပ်မတ် ကုသဆောင်ထဲမှာပဲ ထားပြီးတော့ ကုသနေရပါတယ်။ အဲ့ဒီတော့ အထူးကြပ်မတ် ကုသဆောင်ထဲမှာ တာ၀န်ကျနေတဲ့ ဆရာ၀န်များ၊ ဆရာမများ၊ အလုပ်သမားများဟာ အဲ့ဒီ့လူနာများကို ကုသနေရတာ ဖြစ်တဲ့အတွက် စိုးရိမ်ပူပန်မှုတွေ ရှိပါတယ်။ ရှိတဲ့အတွက် ဆေးရုံကြီးရဲ့ အစီအစဉ်နဲ့ ဒီဆရာတွေဆီကနေ ဓာတ်ခွဲနမူနာကို ယူပြီးတော့ H1N1 ပိုး ကူးစက်မှု ရှိ/မရှိ ဆရာတို့ ဓာတ်ခွဲကြည့်ပါတယ်။ အဲ့ဒီ့အထူးကြပ်မတ်ကုသဆောင်ထဲမှာ တာ၀န်ထမ်းဆောင်နေသော ဆရာ၀န်၊ ဆရာမ 5 ဦး ဖြစ်ပါတယ်။ သူတို့ကို ဓာတ်ခွဲနမူနာယူပြီး စမ်းသပ်လိုက်တဲ့အခါ H1N1 ပိုးကို ကူးစက်မှုမရှိကြောင်း ဆရာတို့ သိရတယ်ဆိုတာ ပြောလိုပါတယ်။ အဲ့ဒီ့တော့ အခုထက်ထိတော့ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံမှာ အရိုးအထူးကု တက်နေတဲ့ ဒုတိယနှစ် ကျောင်းသားဆရာ၀န် 1 ဦးကလွဲရင် ကျန်းမာရေး၀န်ထမ်းများ အခုထက်ထိ ကူးစက်မှု မရှိသေးပါဘူး။ ဆရာတို့ လက်ခံကုသနေတုန်းမှာ ဒီလူနာတွေကို ကုသကိုင်တွယ်နေတဲ့ ကျန်းမာရေး၀န်ထမ်း တစ်ဦးတစ်ယောက်မှ ဆရာတို့ ကူးစက်မှု မရှိသေးဘူးလို့ ဆရာ ဖြေပါရစေ။ ပြောချင်တာ ဘာလဲဆိုတော့ ဒီလောက်အန္တရာယ်များတဲ့ ပိုးတွေ့တဲ့ လူနာတွေကို ကိုင်တွယ်ကုသနေတဲ့ ကျန်းမာရေး၀န်ထမ်းများမှာ ကူးစက်မှု မရှိသေးဘူး။ လက်ရှိ လုံး၀မတွေ့ရသေးပါဘူး။ ဒါဆိုရင် လူထုတွေအနေနဲ့ ပိုပြီးတော့တောင် လုံခြုံစိတ်ချတယ်ဆိုတဲ့ information လေး ဆရာတို့ ပေးပါရစေ။
ဆရာတို့ ေ၀ဘာဂီဆေးရုံကြီးမှာ isolation ward ပေါ့နော်။ နိုင်ငံတကာ standard နဲ့ မှီတဲ့ isolation ward ဆရာတို့ တည်ဆောက်ထားပါတယ်။ ဆရာတို့ ကူးစက်ရောဂါတွေနဲ့ ပတ်သက်လို့ လူနာရှိခဲ့ရင် ထားပြီးတော့ ကုသဖို့အတွက် လုပ်ထားတာပါ။ အဲ့ဒီ့မှာ လူနာ 15 ဦးစာ တက်ရောက်ပြီး ကုသနိုင်မယ့် အခန်းတွေ ဆရာတို့ ပြင်ဆင်ထားပါတယ်။ ဒါ့အပြင် အထူးကြပ်မတ် ကုသဆောင်မှာ လူနာ 5 ခုတင်၊ အဲ့ဒီ့တော့ စုစုပေါင်းပြောရရင် အထူးကြပ်မတ်ဆောင်မှာ 5 ခုတင်၊ ဟိုဘက်က isolation ward မှာ 15 ခုတင်ဆိုတော့ စုစုပေါင်း အယောက် 20 စာ ပေးလို့ရအောင် ဆရာတို့ စီစဉ်ထားပါတယ်။ နောက်တစ်ခါ လူနာများ ထပ်ကူးလာခဲ့ရင် option ခေါ်တာပေါ့။ ဆရာတို့ရဲ့ Plan အနေနဲ့ကတော့ အဲ့ဒီ့အထူးကြပ်မတ် ကုသဆောင်နဲ့ isolation ward ကြားမှာ နောက်ထပ် လူနာထားလို့ရတဲ့ အခန်းကျယ်ကြီး 2 ခန်း ရှိပါတယ်။ အဲ့ဒီ့အခန်းကျယ်ကြီး 2 ခန်းမှာ လူနာ 23 ဦးကို ကုသလို့ရအောင် ဆရာတို့ စီစဉ်ထားပြီး ဖြစ်ပါတယ်။ အဲ့ဒီ့တော့ ဒါက ဆရာတို့ဘက်က စီစဉ်ထားတာပါ။ အခုလက်ရှိ ဖြစ်လာတဲ့ 21 ရက်နေ့ကစပြီးတော့ အသစ်တိုးလာတဲ့နှုန်းလေးကို ဆရာတို့ ခန့်မှန်းကြည့်ရရင် ဆရာတို့ဆီမှာ အဲ့လောက်များပြားသော H1N1 ပိုးလူနာ ေ၀ဘာဂီဆေးရုံအတွင်းကို လာပြီးကုသနိုင်စရာအကြောင်း အင်မတန် နည်းပါတယ်လို့ ဆရာတို့ မြင်ပါတယ်" ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးသာထွန်းကျော်က ပြောသည်။
ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန အနေဖြင့် လတ်တလောဖြစ်ပွားနေသော ရာသီတုပ်ကွေးရောဂါ Seasonal Influenza A (H1N1) pdm09 နှင့် ပတ်သက်၍ အရေးပေါ် တုံ့ပြန်ဆောင်ရွက်ခြင်း၊ ရောဂါကြည့်ရှုခြင်း၊ ကာကွယ်ထိန်းချုပ်ခြင်းနှင့် ကုသမှုပေးခြင်း၊ ကျန်းမာရေးပညာပေးခြင်း လုပ်ငန်းများအား အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိနေကြောင်း သိရပြီး ဇူလိုင်လ 21 ရက်နေ့မှ ဇူလိုင်လ 30 ရက်အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်ရရှိသော ရောဂါဖြစ်ပွားမှု အချက်အလက်များအရ လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်း ပိုး၀င်ရောဂါဖြင့် ဆေးရုံတက်ရောက် ကုသသူလူနာများ၏ သေဆုံးနှုန်းမှာ 5.49 ရာခိုင်နှုန်းရှိနေပြီး H1N1 ပိုးတွေ့လူနာ 51 ဦးနှင့် သေဆုံးလူနာ 10 ဦးအထိ ရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။
May Su Hlaing (www.drmyanmar.com)