ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်း၏ 6 ကြိမ်မြောက်အခမဲ့လက်တုတပ်ဆင်ပေးသည့်အစီအစဉ် မန္တလေးတွင်ပြုလုပ်သွားမည်
ထိခိုက်မှုများကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရသူများအတွက် ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်းမှ အခမဲ့လက်တုတပ်ပေးခြင်းကိုပြုလုပ်မည်ဖြစ်ကာ ေ၀ဒနာရှင်များမှအမြန်ဆုံးသိရှိ၍ တပ်ဆင်နိုင်ရန်ရည်ရွယ်ပြီး လိုအပ်သောအချက်အလက်အပါအ၀င် ဆက်သွယ်နိုင်မည့်အကြောင်းကိစ္စများအား အသိပေးသည့်အခမ်းအနားကို သြဂုတ်လ 25 ရက်တွင် ရန်ကုန်မြို့ အနောက်ရွှေဂုံတိုင်လမ်းရှိ ရခိုင်ဓမ္မာရုံ၌ကျင်းပပြုလုပ်ခဲ့သည်။ ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်းမှ လာမည့် အောက်တိုဘာလ 9 ရက်နေ့တွင် မန္တလေးမြို့ လမ်း 30 နှင့် 73 လမ်းထောင့်၊ ဘူတာကြီးနောက်ကျော မြတ်ဆုရှင်ဘုရားရှိဓမ္မာရုံတွင် အခမဲ့လက်တုတပ်ဆင်ပေးခြင်းများကို ပြုလုပ်သွားမည်ဖြစ်ကာ လက်တုတပ်ဆင်လိုသူများအနေဖြင့် လက်တံတောင်ဆစ်အတွင်းဘက်မှနေပြီး 5 လက်မမျှရှိရန်လိုအပ်ကာ ယခုအချိန်မှစ၍ စက်တင်ဘာတစ်လလုံး ေ၀ဒနာရှင်များ၏ဆက်သွယ်မှုအရ စာရင်းကောက်မည်ဖြစ်ပြီး ဆက်သွယ်ရန်ဖုန်းနံပါတ် 09-420042718, 01-535660 တို့သို့ မနက် 8 နာရီမှ ညနေ 5 နာရီအထိ ဖုန်းဆက်စာရင်းပေးသွင်းနိုင်ကာ လက်ပြတ်သည့်ေ၀ဒနာရှင် 200 ဦးအား အခမဲ့တပ်ဆင်ပေးမည်ဖြစ်၍ လက်နှစ်ဖက်စလုံးမရှိသူ၊ သတ်မှတ်ချက်နှင့်ကိုက်ညီသူများကို ပိုမိုဦးစားပေးသွားမည်ဟု သိရသည်။
အထက်မြန်မာပြည်ရှိ လူလတ်ပိုင်းအမျိုးသားများသည် လက်ပြတ်တောက်မှုအများဆုံးရှိနေပြီး အမျိုးသမီးနှင့်ကလေးငယ်များလည်း လက်ပြတ်တောက်သူများရှိနေကာ အများအားဖြင့်နွားစာဆင်းမှုကြောင့်မတော်တဆဖြစ်၍ လက်ပြတ်တောက်မှု၊ အမျိုးသမီးများတွင် ကြံရည်ကြိတ်စက်ကြောင့် မတော်တဆလက်ပြတ်တောက်မှုနှင့် မွေးရာပါလက်အင်္ဂါချို့ယွင်းမှုများရှိနေကြကြောင်းသိရကာ ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်းအနေဖြင့် ရခိုင်ပြည်နယ်မှအစပြူ၍ မြန်မာတစ်နိုင်ငံလုံးရှိေ၀ဒနာရှင်အယောက် 450 ဦးကို လက်အတုတပ်ဆင်ပေးနိုင်ခဲ့ကြောင်းနှင့် လာမည့်အောက်တိုဘာတွင်ပြုလုပ်မည့် ေ၀ဒနာရှင်အယောက် 200 အတွက် လက်တုအခမဲ့တပ်ဆင်ပေးမှုတွင်လည်း နိုင်ငံတစ်၀ှမ်းမှေ၀ဒနာရှင်များ ဆက်သွယ်ကာလာရောက်တပ်ဆင်နိုင်ကြောင်းသိရသည်။
“ကလေးတွေအနေနဲ့က အချို့ကြီးတဲ့ကလေးတွေ လက်တုကိုနိုင်တဲ့ကလေးတွေဆိုရင်တပ်လို့ရတယ်။ တပ်ပြီးသွားရင်စာရိုက်လို့ရမယ်။ ခွက်တွေဘာတွေကိုင်လို့ရမယ်။ ထမင်းတွေဟင်းတွေလည်းချက်လို့ရမယ်။ တပ်ဆင်လို့ရသွားတဲ့သူတွေကပျော်ကြပါတယ်။ သူတို့ပြန်ပြီးတော့လုပ်ချင်တာတွေလုပ်ခွင့်ရလာတဲ့အတွက်။ ဟိုတလောကဆို လက်နှစ်ဖက်လုံးပြတ်သွားတဲ့သူတစ်ယောက်ဆို သူ့ကိုလက်တုတပ်ဆင်ပေးလိုက်တော့ သူထမင်းစား၊ ရေသောက်လို့ရသွားတဲ့အတွက် သူအရမ်း၀မ်းသာတယ်။ သူဘာသူလုပ်လို့ရသွားတယ်ပေါ့’’ ဟု ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်းမှ ဒုဥက္ကဌဦးတိုးဘရှမ်း ကပြောသည်။
May Su Hlaing
















