မြန်မာနိုင်ငံသွားဆရာ၀န်အသင်းနှင့် Signal သွားတိုက်ဆေးတို့ပူးပေါင်း၍ ကမ္ဘာ့သွားကျန်းမာရေးနေ့အခမ်းအနားကျင်းပခဲ့
မြန်မာနိုင်ငံသွားဆရာ၀န်အသင်း(MDA)နှင့် Signal သွားတိုက်ဆေးတို့ ပူးပေါင်း၍ ကမ္ဘာ့သွားကျန်းမာရေးနေ့ (World Oral Health Day) အခမ်းအနားအား Summit Parkview ဟိုတယ် တွင် 2016 ခုနှစ်၊ မတ်လ၊ 20 ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
“Brush Day And Night For Healthy Mouth (ကျန်းမာသောသွားများအတွက် မနက်နှင့်ညပုံမှန်သွားတိုက်ကြ)” ဟူသော အကြောင်းအရာဖြင့် သွားနှင့်ခံတွင်းပိုမိုကောင်းမွန်လာရေးအတွက် အရေးကြီးသော ခံတွင်းသန့်ရှင်းရေးအလေ့အကျင့်များကို ကမ္ဘာ့သွားကျန်မာရေးနေ့ (World Oral Health Day) တွင် ဟောပြောခဲ့ကြပါသည်။
“သွားပိုးပေါက်တွေကို ဂရုတစိုက်ကုခြင်းမရှိခဲ့ရင် သွားနာ၊ သွားကိုက်၊ ရောဂါပိုး၀င်ခြင်းနဲ့ သွားပျက်စီးခြင်းတို့ ဖြစ်လာနိုင်ပါတယ်။ ဒီအခြေအနေဟာ ကျန်းမာရေးပြဿနာတစ်ရပ်ဖြစ်ပေမယ့် အလွယ်ကူဆုံး တားဆီးကာကွယ်နိုင်တဲ့ ရောဂါတွေထဲက တစ်ခုပါပဲ။ တစ်နေ့နှစ်ကြိမ် မနက်နဲ့ညပုံမှန်သွားတိုက်ခြင်းဆိုတဲ့ ခံတွင်းသန့်ရှင်းရေး အလေ့အကျင့်ကောင်းကို လိုက်နာကျင့်သုံးမယ်ဆိုရင် သွားပိုးပေါက်ဖြစ်ခြင်းကို အထိရောက်ဆုံးကာကွယ်နိုင်မှာဖြစ်လို့ သွားပိုးပေါက်ကင်းပြီး ဘ၀အတွက်လှပတဲ့အပြုံးကို ပိုင်ဆိုင်နိုင်မှာပါ။” ဟု မြန်မာနိုင်ငံသွားဆရာ၀န်အသင်းကြီး၏ ဥက္ကဌဖြစ်သူ ပါမောက္ခဦးသိန်းကြူမှ အသိပညာပေးခဲ့ပါသည်။
Signal သွားတိုက်ဆေးမှ စာသင်ကျောင်းများတွင် ပြုလုပ်လျက်ရှိသော “မနက်နှင့် ညသွားတိုက်ကြ” အစီအစဉ်အား ၂၀၁၃ ခုနှစ်တွင် စတင်ခဲ့ကာ၂၀၁၅ ခုနှစ် တစ်နှစ်တည်း တွင် ကျောင်းအရေအတွက်ပေါင်း ၇၃၉ကျောင်းမှ ကျောင်းသား၊ ကျောင်းသူပေါင်း ၇၁၀,၀၀၀ ကျော်နှင့် မြန်မာပြည်တွင်းရှိ ကလေးငယ်စုစုပေါင်း ၂ သန်း အထိ ရောက်ရှိခဲ့ကာ သွားကျန်းမာရေးအလေ့အကျင့်များ သင်ကြားပေးခဲ့ကြောင်း သိရသည်။
“သွားပိုးစားခြင်းလို့သိထားကြတဲ့ သွားပိုးပေါက်ဖြစ်ခြင်းဟာ ကမ္ဘာနှင့် တစ်၀ှမ်းဖြစ်ပွားနေ တဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ သွားပိုးပေါက်ဖြစ်ခြင်း ဟာ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အကြီးမားဆုံးခံတွင်းရောဂါတွေထဲက တစ်ခုဖြစ်နေတာကို လည်း တွေ့ရှိရပါတယ်။ မြန်မာနိုင်ငံရဲ့ သွားနှင့်ခံတွင်းကျန်းမာရေး ပိုမိုကောင်းမွန်လာစေဖို့အတွက် Signal အနေနဲ့တစိုက်မတ်မတ် လုပ်ကိုင်ဆောင်ရွက်သွားမှာပါ” ဟု Unilever’s Senior Brand Manager For Food and Oral Care မှ Ms. Lonneke Smit က ပြောကြားခဲ့သည်။
အဆိုပါ ကမ္ဘာ့သွားကျန်းမာရေးအခမ်းအနားနေ့တွင်ပင် အပြုံးအလှပိုင်ရှင်ဆုများနှင့် “Brush Day and Night for Healthy Mouth” ခေါင်းစဉ်ဖြင့် အကောင်းဆုံးစာစီစာကုံးရေးသားနိုင်ခဲ့ကြသည့် ရန်ကုန်နှင့် မန္တလေး သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်မှ ဆုရရှိသူများအား ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။
Chit Chit Khaing
















