ဆေးဝါးသုံးစွဲမှုများနှင့် ပတ်သက်ပြီး လူထုအသိပညာပေး ပြပွဲကြီး ကျင်းပ
စံမညီ တရားမဝင်ဆေးဝါးနှင့် ဆေးဝါးတုတို့၏အန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် တိုက်ဖျက်ရေးဆိုင်ရာ လူထုပညာပေးပြပွဲကြီးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာန (FDA) က ဆေးဝါးများ၏ ဘေးအန္တရာယ်ဆိုးကျိုးများအား သိရှိပြီး မှတ်ပုံတင်ပြီးသား (ဆေးဝါးအစစ်) များကို ရွေးချယ်ဝယ်ယူနိုင်စေရန် ရည်ရွယ်ပြီး ဇူလိုင်လ 29 ရက်နေ့မှ စတင်ကာ ရန်ကုန်မြို့၊ တပ်မတော်ခန်းမတွင် ကျင်းပပြုလုပ်လျက်ရှိသည်။
ပြပွဲတွင် စံမမှီဆေးဝါး၊ ရောနှောဆေး၊ တရားမဝင်ဆေးနှင့် ဆေးဝါးတုများကို အများပြည်သူမှ ရှောင်ရှားသုံးစွဲနိုင်ရန် မှတ်ပုံတင်ထားသည့်ဆေးဝါးတွင် ပါဝင်သည့် တံဆိပ်အမှတ်အသားများ သက်တမ်းကုန်မည့်ရက်စွဲ အကြောင်းအရာ စသည်တို့အား ကြည့်ရှုစစ်ဆေးနည်းများကို အနုပညာရှင်များ ပါဝင်သည့် တစ်ခန်းရပ်ပြဇာတ်ဖြင့် ဖျော်ဖြေအသိပညာပေးခြင်း၊ ဆေးဝါးနှင့်ပတ်သက်သည့် ဗဟုသုတများကို ပညာရှင်များ၏ ဟောပြောဆွေးနွေးပေးမှုများဖြင့် အသိပညာပေးခြင်းများအပြင် ဆီးချိုကျန်းမာရေး အခမဲ့စစ်ဆေးပေးခြင်း၊ ပြည်သူများမှ မိမိတို့ အိမ်သုံးဆေးဝါး၊ အလှကုန်နှင့် စားသောက်ကုန်များအား ယူလာ၍ စစ်ဆေးနိုင်သည့် Counter များလည်း FDA မှ ထားရှိပေး၍ ပြပွဲပြုလုပ်ချိန်အတွင်း အခမဲ့စစ်ဆေးပေးလျက် ရှိနေပါကြောင်း သိရသည်။
''ကျွန်တော်တို့နိုင်ငံမှာ အခြားတိုင်းပြည်များနည်းတူ FDA ရှိပါတယ်။ အစားအသောက်၊ ဆေးဝါး၊ အလှကုန်များ စစ်ဆေးဖို့အတွက် ရှိပါတယ်။ ကျွန်တော်တို့ တိုင်းပြည်တစ်ခုထဲ ကွင်းပြီးတော့ FDA ရှိတာ မဟုတ်ပါဘူး။ တိုင်းပြည်တော်တော်များများမှာ FDA ရှိပါတယ်။ ကျွန်တော်တို့တိုင်းပြည်လည်း အဲ့ဒီ့အထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ စံမမှီဆေးဝါး၊ တရားမဝင်ဆေးနဲ့ ဆေးဝါးတုတွေကို အများပြည်သူ သိရှိနိုင်စေဖို့ အသိပညာပေးခြင်းက များစွာလိုအပ်ပါတယ်။ ဒီပြပွဲကြီးကလည်း အဲ့ဒီ့ရည်မှန်းချက်ထဲမှာ ပါဝင်ပါတယ်။ စံမမှီဆေးဝါးတွေနဲ့ ပတ်သက်ပြီး လိုက်လံစစ်ဆေးတဲ့အခါမှာ ဆေးဆိုင်တွေမှာ Unlimited ဖြစ်နေတဲ့ Drug တွေ ရှိနေပါတယ်။ ဆေးတွေအားလုံးကလည်း အမြို့မြို့၊ အရွာရွာတို်င်းမှာ ပျံနှံ့လျက် ရှိပါတယ်။ ဆေးဝါးနဲ့ ပတ်သက်ပြီး ဖမ်းဆီးတရားစွဲဆိုမှု 25 ခု ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာလည်း ဖမ်းဆီးစစ်ဆေးနေပြီး တိုင်းနှင့်ပြည်နယ်တွေအားလုံးက ဆေးဆိုင်တွေလည်း စစ်ဆေးနေမှာ ဖြစ်ပါတယ်။ အဲ့ဒီ့အပြင် ကျွန်တော်တို့မှာ စီမံချက်တွေ ထပ်ရှိနေပါတယ်။ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်ပေးမှုကလည်း အရေးကြီးပါတယ်'' ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က ပြောသည်။
ပြပွဲတွင် FDA ၏ ပညာပေးပြခန်းများအပြင် ယင်းနှင့်ဆက်စပ်သည့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၏ ပြခန်းများ၊ ဆေးကုမ္ပဏီများ၏ ပြခန်းများ ခင်းကျင်းပြသထားရာ ပြခန်းစုစုပေါင်း 130 ခန့်ရှိကြောင်း သိရသည်။
May Su Hlaing (www.drmyanmar.com)