သက်တမ်းလွန်ဆေးဝါးနှင့် ဆက်စပ်ဆေးပစ္စည်း သိ်န်းပေါင်းရှစ်ထောင်ကျော်အား စနစ်တကျ စုပေါင်း ဖျက်ဆီး
လူထုကျန်းမာရေးအတွက် အသုံးပြုလျက်ရှိနေသော ဆေးဝါးများတွင် သက်တမ်းလွန်ဆေးဝါးများအား အသုံးပြုမိမည်ဆိုပါက ဆေး၏အကျိုးအာနိသင် မရှိခြင်းအပြင် သက်တမ်းလွန်ဆေးဝါးများမှ ရရှိနိုင်သော အခြားဘေးထွက်ဆိုးကျိုးများလည်း ခံစားရနိုင်သဖြင့် အဆိုပါ သက်တမ်းကုန်ဆုံးနေသော ဆေးဝါးနှင့် ဆေးပစ္စည်းများအား နိုင်ငံတော်အဆင့် စနစ်တကျ ဖျက်ဆီးခဲ့သည့် အခမ်းအနားကို အောက်တိုဘာလ၊ ၂၃ ရက်နေ၊ နေ့လည် ၁ နာရီတွင် ရန်ကုန်မြို့ ထိန်ပင်သုသာန်၌ ပြုလုပ်ခဲ့သည်။
သက်တမ်းလွန်နေပြီဖြစ်သော ဆေးဝါးပုံး ၃,၆၄၅ ပုံး (တန်ဖိုးငွေကျပ် ၈၂၇,၃၅၁,၃၇၇)၊ သက်တမ်းလွန် နို့နှင့်နို့ထွက်ပစ္စည်းပုံး ၈၈ ပုံး (တန်ဖိုးငွေကျပ် ၁ဝ,၁၂၉,၉၅ဝ)၊ သက်တမ်းလွန် ဆေးပစ္စည်းပုံး ၇၈၀ ပုံး (တန်ဖိုးငွေကျပ် ၂၃,၄၀၀,၀၀၀) တို့အား စုပေါင်းဖျက်ဆီးခဲ့ရာ ရန်ကုန်တိုင်း၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်နှင့် FDA မှ တာ၀န်ရှိသူများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်၀န်းကျင်နှင့် သန့်ရှင်းရေးဌာနမှ တာ၀န်ရှိသူများ၊ ဆေးကုမ္ပဏီမှ တာ၀န်ရှိသူများနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။
"သက်တမ်းလွန်ဆေးဝါးတွေ သောက်သုံးမိခြင်းကြောင့် လူတွေမှာ အကျိုးမဖြစ်ထွန်းဘဲ ငွေကြေးကုန်ကျပြီး အချိန်တွေ ပေးလိုက်ရ၊ အသက်တွေပေးလိုက်ရတဲ့ အခြေအနေတွေက ပိုပြီးအရေးကြီးလိမ့်မယ်လို့ ယူဆပါတယ်။ ဒါကြောင့် ဆေးဝါးအတုတွေ၊ သက်တမ်းလွန်ဆေးဝါးတွေ ဖြန့်ဖြူးရောင်းချနေမှုတွေ ပြုလုပ်လျှင် ဥပဒေနဲ့အညီ ကျွန်တော်တို့ ဆောင်ရွက်ကြပါလိမ့်မယ်။ ဒီလိုဆောင်ရွက်တာဟာ ကျွန်တော်တို့ လူသားတွေအတွက် အကောင်းဆုံး ကာကွယ်စောင့်ရှောက်မှုတစ်ခု ဖြစ်ပါတယ်။ ဆေးမကုနိုင်လို့ သေဆုံးတာထက် ကိုယ့်ကိုယ်ဆေးကုနေပြီး အသက် မကယ်တင်နိုင်တဲ့အချိန်ကျရင် ဆရာ၀န်တွေကပဲ တလွဲကုသလို ကျွန်တော်တို့ဆီမှာ ယူဆတတ်ပါတယ်။ ဆေးသောက်နေပေမယ့် ဆေးဝါးရဲ့အကျိုးကို မရတဲ့အခါမှာ ဒါကုသမှုကပဲ တလွဲလျှောက်လုပ်နေတာလားလို့ ဒီလိုယူဆမှုမျိုးတွေ ဖြစ်ပေါ်လာခဲ့ရင် ဆရာ၀န်တွေ၊ ဆေးကုသမှုတွေ၊ ဆေးရုံတွေကြားမှာ နားလည်မှုတွေလွဲပြီး ဆိုးကျိုးတွေ ပေါ်လာနိုင်ဖွယ် ရှိပါတယ်။ ဒီလိုဆိုးကျိုးမျိုးတွေလည်း လူထုစာမျက်နှာတွေမှာ တွေ့မြင်နေရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီနေ့လုပ်တဲ့ သက်တမ်းလွန်ဆေးဝါးတွေ ဖျက်ဆီးပစ်နိုင်ရေးအခြေအနေက ကျွန်တော်တို့နိုင်ငံအတွက် အရေးကြီးတဲ့ကိစ္စရပ်တစ်ခု ဖြစ်ပါတယ်" ဟု ရန်ကုန်တိုင်း၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။
သက်တမ်းလွန်ဆေးဝါးများ ဖျက်ဆီးခြင်းကို ရန်ကုန်တိုင်းတစ်ခုထဲတွင် သိန်းပေါင်း ၈၀၀၀ ကျော်အထိ ဖျက်ဆီးခဲ့သကဲ့သို့ မန္တလေးတိုင်းတွင်လည်း သိန်းပေါင်း ၅၀၀ ကျော်၊ ဧရာ၀တီတိုင်း၌ သိန်းပေါင်း ၂၀၀ ကျော်နှင့် ရှမ်းပြည်နယ်တွင် သိန်းပေါင်း ၁၈၀ ကျော် သက်တမ်းလွန်ဆေးဝါးများအား ဖျက်ဆီးခဲ့ကြကြောင်းလည်း သတင်းရရှိသည်။
"သက်တမ်းလွန်ဆေးဝါးတွေဆိုတာ ကျန်းမာရေးအန္တရာယ်လည်းဖြစ်လို့ ဒါတွေကို ဖျက်ဆီးပစ်နိုင်ဖို့ ဆောင်ရွက်တာပါ။ ဒီလိုအာနိသင်မရှိတော့တဲ့ သက်တမ်းလွန်နေပြီဖြစ်တဲ့ ဆေးဝါးတွေက အခုမှတော့ ဖျက်ဆီးနေတာ မဟုတ်ပါဘူး။ အရင်ကတည်းကလည်း လုပ်နေပါတယ်။ အများအားဖြင့် မြို့နယ်အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ကော်မတီကပဲ မြို့နယ်တွေအလိုက် ဖျက်ဆီးလိုက်တာ များတယ်။ အဲ့လိုမျိုး ဖျက်ဆီးလိုက်တော့ ဗဟိုဌာနကို ဘယ်မြို့နယ်မှာ ဘယ်လောက်ဖျက်ဆီးလဲ၊ သတင်းတွေ အ၀င်အထွက် မရှိတဲ့အခါ ဘယ်ပစ္စည်းတွေ သက်တမ်းလွန်ဖြစ်တယ်၊ ဘယ်လောက်ပမာဏ ဖြစ်တယ်ဆိုတာတွေ မသိတော့တဲ့အတွက် ဒါတွေက ဘယ်လောက်ပမာဏအထိ ရှိနိုင်လဲ သေချာတိကျတဲ့စာရင်းတစ်ခု တရား၀င်ဖြစ်လာဖို့ ဆရာမတို့က ဦးဆောင်ပြီး နိုင်ငံတော်အဆင့် စနစ်တကျ ပြင်ဆင်ဖျက်ဆီးရခြင်း ဖြစ်ပါတယ်။ ဒီလိုဖျက်ဆီးတဲ့အခါမှာ လတ်တလော Expire ဖြစ်သွားတဲ့ ဆေးတွေပါသလို ဖျက်ဆီးစရိတ် ကြီးမားတယ်ဆိုပြီး သိမ်းထားတဲ့ နှစ်ကျော်တွေလည်း ပါလာတာ စာရင်းဇယားတွေအရ တွေ့ရတယ်။ ကုမ္ပဏီတွေက သက်တမ်းလွန်ဆေးတွေရော ဗိုလ်ချုပ်ဈေးနဲ့ ရွှေပြည့်စုံဈေးတို့က သက်တမ်းလွန်ဆေးတွေရော အကုန်လုံး ပါပါတယ်။ သူတို့တွေကနေ ဌာနကို သက်တမ်းလွန်ဆေးတွေရှိကြောင်း အကြောင်းကြားတဲ့အတွက် လာရောက်အပ်နှံခိုင်းပြီး စနစ်တကျ စုပါင်းဖျက်ဆီးရခြင်း ဖြစ်ပါတယ်" ဟု ရန်ကုန်တိုင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်စောလှက ပြောသည်။
May Su Hlaing
















