/
news/ဂျာနယ်များ၊-မဂ္ဂဇင်းများနှင့်-သတင်းများ/အပြည်ပြည်ဆိုင်ရာယောဂနေ့-အခမ်းအနားကျင်းပမည်

အပြည်ပြည်ဆိုင်ရာယောဂနေ့ အခမ်းအနားကျင်းပမည်

Category
ဂျာနယ်များ၊ မဂ္ဂဇင်းများနှင့် သတင်းများ

           ပြည်တွင်း၌ ဒုတိယအကြိမ်မြောက်အဖြစ် အပြည်ပြည်ဆိုင်ရာယောဂနေ့အခမ်းအနားကို ရန်ကုန်တက္ကသိုလ်စိန်ရတုခန်းမ၌ ဇွန်လ 19 ရက်နေ့၊ နံနက် 8 နာရီမှ 10 နာရီထိ ကျင်းပသွားရန် စီစဉ်ထားကြောင်း အိနိ္ဒယသံရုံးမှ သတင်းထုတ်ပြန်သည်။

          ''အပြည်ပြည်ဆိုင်ရာယောဂနေ့က ဇွန်လ 21 ရက်နေ့ ဖြစ်သော်ငြားလည်း ဒီနှစ်မှာတော့ ယောဂနေ့ကို ဇွန်လ 19 ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဇွန်လ 19 ရက်နေ့ဟာ အများပြည်သူရုံးပိတ်ရက်တနင်္ဂနွေနေ့ဖြစ်တာကြောင့် အများသူငှာ အလွယ်တကူလာရောက်ကြည့်ရှုနိုင်ဖို့ ဖြစ်ပါတယ်။ နောက်တစ်ခုက အပြည်ပြည်ဆိုင်ရာယောဂနေ့ကို မကျင်းပမှီ အကြိုယောဂလှုပ်ရှားမှုအဖြစ် ရန်ကုန်မြို့မှာရှိတဲ့ ယောဂသင်တန်းကျောင်းတွေကနေ အင်းယားလိတ်ဟိုတယ်၊ အမျိုးသားကန်တော်ကြီးဥယျာဉ်၊ ပြည်သူ့ဥယျာဉ်၊ မဟာဗန္ဓုလပန်းခြံ၊ ကျိုက္ကဆံအားကစားကွင်း၊ ဗိုလ်တစ်ထောင်ဘုရား၊ Juction Squareနဲ့ စိန့်မေရီဘုရားကျောင်းတွေမှာ ယောဂကျင့်စဉ်တွေကိုသရုပ်ပြမှာဖြစ်ပါတယ်။''ဟုအိနိ္ဒယသံရုံးယာယီတာ၀န်ခံ Mr B. Shyam က ပြောသည်။

          ယောဂလေ့ကျင့်ခြင်းဖြင့် ခန္ဓာကိုယ်တွင်းဇီ၀ဖြစ်စဉ်များကို ကောင်းမွန်စေခြင်း၊ အဆုတ်အားကောင်းစေခြင်း၊ အရိုးအဆစ်များ သန်စွမ်းပြီး အကြောများ ပျော့ပြောင်းစေခြင်း၊ ၀မ်းမှန်စေခြင်း စသည့် ကျန်းမာရေးဆိုင်ရာ အကျိုးထူးများရရှိစေပြီး လွန်ခဲ့သည့် နှစ်ပေါင်း 2700 ကတည်းက ပေါ်ပေါက်ခဲ့သည့် ကျင့်စဉ်တစ်ခုဖြစ်သည်။

 

May Su Hlaing

www.drmyanmar.com