2016 ခုနှစ် 5 လတာအတွင်း အမျိုးသားဆေးဝါးဥပဒေအရ အရေးယူမှု 29 မှု ရှိနေ
အများပြည်သူကျန်းမာရေးပြဿနာများအတွက် ဆေးဝါးများ၀ယ်ယူရရှိနိုင်ရန် ဖွင့်လှစ်ထားသောဆေးဆိုင် များတွင် ပြည်တွင်း၌မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများ၊ စံချိန်မမှီဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါး များအား ရောင်းချခြင်းရှိ မရှိကို လတ်တလောတွင် စစ်ဆေးမှုများပြုလုပ်ခဲ့ကာ အမျိုးသားဆေးဝါးဥပဒေအရ အရေးယူမှုများရှိနေကြောင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)က သတင်းထုတ်ပြန် ထားသည်။
2016 ခုနှစ်၊ ဇန်နဝါရီလမှ မေလအတွင်း အမျိုးသားဆေးဝါးဥပဒေအရ အရေးယူခဲ့သောအမှုပေါင်းမှာ 29 မှု ရှိခဲ့ရာ မှုခင်းရဲတပ်ဖွဲ့နှင့် FDAတို့ပူးပေါင်းပြီး အရေးယူခဲ့သည့်အမှုပေါင်း 9 ခုနှင့် ရဲစခန်းမှတင်ပြ လာသည့်အမှုပေါင်း 20 အား အရေးယူခဲ့ပြီး 2015 ခုနှစ်အတွင်းကလည်း ဆေးဝါးဥပဒေအရအမှုပေါင်း 51 ခုကို တရားစွဲဆို အရေးယူခဲ့ကြောင်း သိရသည်။
“ FDAအနေနဲ့ အရည်သွေးစစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ်အန္တရာယ်ကင်းရှင်းပြီး အကျိုးသက်ရောက်မှုရှိတဲ့ ဆေးဝါးတွေကို အများပြည်သူတွေသုံးစွဲနိုင်ဖို့ ကျန်းမာရေးနဲ့အားကစား၀န်ကြီးဌာနရဲ့ လမ်းညွှန်မှုတွေနဲ့ ဆေးဝါးတွေထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူ းရောင်း ချခြင်းတွေကို စနစ်တကျဆောင်ရွက်လျက် ရှိနေပါတယ်။ နေပြည်တော်အပါအ၀င်တိုင်းဒေသကြီး နဲ့ ပြည်နယ်အတွင်းရှိ ဈေးကွက်တွေက ဆေးဝါးတွေရဲ့ အရည်အသွေးတွေကို စစ်ဆေးခြင်း၊ ဆေးဆိုင်တွေကို စစ်ဆေးခြင်းတို့ကို သက်ဆိုင်ရာတိုင်းဒေသကြီး၊ပြည်နယ်အစား အသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေးကော်မတီအဖွဲ့နှင့်အတူ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ မှတ်ပုံတင်မရှိတဲ့ ဆေးဝါးတွေ၊ ရက်လွန်ဆေးဝါးတွေ၊ ဆေးဝါးအတုတွေတွေ့ရှိရတဲ့အတွက် အဲ့ဒီ့ဆေးဆိုင်တွေရဲ့ ဆေးဝါးရောင်းချခွင့်လိုင်စင် ကို ကော်မတီရဲ့စီမံခန့်ခွဲမှုနဲ့ ကာလသတ်မှတ်ရုပ်သိမ်းခြင်း၊ ပညာပေးခြင်း၊ ခံ၀န်ကတိရေးထိုးခြင်း၊ သတိပေးခြင်းတွေကို 2015 ခုနှစ်အတွင်းကပင် ဆောင်ရွက်ပြီးခဲ့တာတွေရှိပါတယ်'' ဟု ဆေးဝါးဌာနခွဲ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှညွှန်ကြားရေးမှူး ဒေါက်တာသိင်္ဂီဇင်ကပြောသည်။
တရားမ၀င်ဆေးဝါးများသည် လူတို့၏မျိုးရိုးဗီဇကိုလည်း ထိခိုက်ပျက်စီးမှုကိုဖြစ်စေနိုင်ပြီး ကျန်းမာရေးကိုဆိုးဆိုးရွားရွားထိခိုက်စေနိုင်သည့်အတွက် ယင်းဆေးဝါးများ အများပြည်သူသုံးစွဲမှုမပြုနိုင်စေရန် ကာကွယ်တာဆီးခြင်းသည် ပြည်သူများ၏ကျန်းမာရေးကိုသော်လည်းကောင်း၊ WHO၏ အစီရင်ခံစာအရ လူ့စွမ်းအားအရင်းအမြစ်ဖြစ်သော နောင်သားစဉ်မြေးဆက်အထိခံစားရမည့် ရောဂါေ၀ဒနာများကို ကြိုတင်ကာကွယ်ပေးသည့် အစိတ်အပိုင်းတစ်ခုလည်းဖြစ်နေသည်။
'' Register မရှိတဲ့ဆေးကို လိုင်းလို့ခေါ်တယ်။ အဲ့ဒါတွေက ဈေးသက်သာတော့ အသုံးများကြတယ်။ လိုင်းဆေးနဲ့ Register ရှိတဲ့ဆေးကပုံစံတူပြီး အရည်အသွေးကွာမလားပဲ။ လိုင်းဆေးကိုပဲ အတုဆိုပြီးဖမ်းတာပေါ့။ အများအားဖြင့် အချို့က မြန်မာ Register မရှိပေမယ့် တခြားနိုင်ငံရဲ့ Register ပါနေတတ်တာလည်းရှိပါတယ်။ လိုင်းဆေးက အောက်လမ်းနယ်စပ်က ၀င်လာတာများတယ်။ တစ်ချို့ဆေးကအတုမဟုတ်ပေမယ့် မြန်မာ Register မရှိလည်း ဖမ်းတယ်။ ဆေးဝါးတွေအနေနဲ့က စံချိန်မမှီတဲ့ဆေးတွေနဲ့ ရက်လွန်ဆေးတွေက အန္တရာယ်ရှိနိုင်တယ်။ အချို့ကျတော့လည်း Register လည်းရှိတယ်။ ဆေးနာမည် အမျိုးအစားထုတ်လုပ်တာ အကုန်တူတယ်။ တင်သွင်းတဲ့နေရာ အပေါ်မူတည်ပြီး ဈေးကွာသွားတယ်။ ဥပမာ နယ်စပ်က တရားမ၀င်သွင်းလာတာမျိုးဆိုရင် ဆေးရဲ့ အာနိသင်သက်တမ်းခြင်းက တရာ၀င်နဲ့ အတူတူပဲ။ ဈေးသက်သာတယ်ဆိုတော့ သူတို့ဆေးဆိုင်အတွက် သုံးတာမျိုးလေးတွေလည်းရှိတာပေါ့။ ''ဟု အင်းစိန်မြို့နယ်အတွင်းမှ ဆေးဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သူ ကိုနန္ဒကပြောသည်။
May Su Hlaing
















