ဗီတာမင် B12 နှင့် အကျိုးပြု အဏုဇီ၀ ပရိုဘိုင်အိုတစ်များ၏ အခန်းကဏ္႑
ကျွန်တော်တို့အူအတွင်းရှိ ပရိိုဘိုင်အိုတစ်များသည် ဆီ၌ပျော်၀င်သော ဗီတာမင် K သာမက ရေ၌ပျော်၀င်သော ဗီတာမင် B အုပ်စု၀င်များ အထူးသဖြင့် ဗီတာမင် B12 ကို အဓိကထုတ်လုပ်ပေးပြီး ဗီတာမင် B2 နှင့် ဖောလစ်အက်စစ် (Folic Acid) တို့ကိုလည်း အနည်းငယ်စီထုတ်ပေးပါသည်။
ဗီတာမင် B12 သည် ရေတွင်ပျော်၀င်သော ဗီတာမင်တစ်မျိုးဖြစ်ပြီး သွေးနီဥများ ပုံမှန်ထုတ်လုပ်ရာတွင် အထူးလိုအပ်သကဲ့သို့ ဦးနှောက်နှင့် အာရုံကြောများ သန်စွမ်းစေဖို့လည်း မရှိမဖြစ်လိုအပ်သော ဗီတာမင်ဖြစ်သည်။ ယင်း၏ မော်လီကျူးတည်ဆောက်ပုံကို လေ့လာရာတွင် အလယ်၌ ကိုဘော့အက်တမ် (Cobalt Atom) ပါ၀င်သည် တစ်ခုတည်းသော ဗီတာမင်ဖြစ်ကြောင်းတွေ့ရသည်။
ဗီတာမင် B12 ကို ရှာဖွေတွေ့ရှိပုံ
1920 ပြည့်နှစ်တွင် ဂျော့၀ှစ်ပယ် (George Whipple) ဆိုသူက သွေးအားနည်းရောဂါကိုကုသရန် နည်းလမ်းများကိုရှာဖွေရာမှ ဗီတာမင် B12 ကို စတင်တွေ့ရှိခဲ့သည်။ ထိုအချိန်အခါက သူသည်ခွေးများကို သွေးဖောက်၍ သွေးအားနည်းအောင်ပြုလုပ်ကာ အစားအစာမျိုးစုံကျေွးပြီး ကုသရာ၌ နွား၏အသည်းကို စားရသောခွေးများသည် အမြန်ဆုံးသက်သာကြောင်း တွေ့ရှိရသည်။
ထိုမှတစ်ဆင့် ကျွန်တော်တို့ လူသားများတွင်ဖြစ်သော သွေးအားနည်းရောဂါအမျိုးမျိုးကို ကုသရာတွင် လည်း အမဲအသည်းသည် အကောင်းဆုံးဖြစ်ကြောင်း ဆက်လက်တွေ့ရှိခဲ့သည်။ သို့ရာတွင် အမဲအသည်း၌ ပါ၀င်သော ဗီတာမင် B12 ကိုဖော်ထုတ်နိုင်ခြင်းမရှိခဲ့ပါ။ 1926 ခုနှစ်တွင် ဆေးသိပ္ပံပညာရှင်များက လူနာများအပေါ် စမ်းသပ်ချက်အရ တိရစၧာန်များ၏အသည်းအမျိုးမျိုးသည် သွေးအားနည်းရောဂါကို သက်သာပျောက်ကင်းစေကြောင်း ခိုင်ခိုင်မာမာတွေ့ရှိခဲ့သည်။ 1928 ခုနှစ်ရောက်မှ ဓာတုဗေဒပညာရှင်အက်ဒ်၀င်ခွန် (Edwin Cohn) သည် အသည်းမှအဆီအနှစ်ထုတ်ယူခြင်း (Liver Extract) ဖြင့် ဆေးဝါးအနေနှင့် အသုံးပြုနိုင်အောင် တီထွင်ထုတ်လုပ်ခဲ့သည်။ 1948 ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုရှိ မေရီလန်းတက္ကသိုလ် (University of Mary Land) မှ ပညာရှင်နှစ်ဦးက ယင်းအသည်းအဆီအနှစ်ထဲမှ ဗီတာမင် B12 ကိုတွေ့ရှိဖော်ထုတ်ခဲ့သည်။ ဗီတာမင် B12 ၏ ဓာတုဖော်မြူလာရှုပ်ထွေးနက်နဲမှုကြောင့် နောင် 8 နှစ်အကြာ 1956 ခုနှစ်ရောက်မှ ဗီတာမင် B12 ၏ ဓာတုဖွဲ့စည်းပုံကို ပြည့်စုံစွာဖော်ထုတ်နိုင်ခဲ့ပါသည်။
ဗီတာမင် B12 ကို ဖန်တီးကြသူများ
အမဲအသည်း၌ ဗီတာမင် B12 များကြွယ်၀စွာပါ၀င်သော်လည်း နွားအပါအ၀င် မည်သည့်တိရစၧာန်ကြီးမှ ဗီတာမင် B12 ကို ထုတ်လုပ်နိုင်စွမ်းမရှိပါ။ ထိုမျှမက မည်သည့်အပင်မှလည်း ဗီတာမင် B12 ကို ထုတ်လုပ်နိုင်စွမ်း မရှိပါ။ ကမ်ဘာပေါ်ရှိ ဗီတာမင် B12 ကို ထုတ်လုပ်နိုင်စွမ်းရှိသူများမှာ ပရိုဘိုင်အိုတစ် ဗက်တီးရီးယားများနှင့် အာခီးယား (Archaea) ခေါ် အဏုဇီ၀ပိုးလေးများသာဖြစ်ပါသည်။ ကျွန်တော်တို့စားလိုက်သော အစားအစာများထဲတွင် ပါ၀င်သည့်ပရီဘိုင်အိုတစ်ဓာတ်ပစ္စည်းများကို အကျိုးပြုအဏုဇီ၀တစ်မျိုးဖြစ်သည့် ပရိုဘိုင်အိုတစ် ဗက်တီးရီးယားလေးများက စားသုံးကာ ဗီတာမင် B12 အဖြစ် ပြောင်းလဲ၍ ပြန်လည်စွန့်ထုတ်ပေးပါသည်။
တစ်နည်းအားဖြင့် ဗီတာမင် B12 ဆိုသည်မှာ ပရိုဘိုင်အိုတစ်၏ စွန့်ပစ်ပစ္စည်း မက်တာဘိုင်အိုတစ် (Metablotic) တစ်ခုသာဖြစ်ပါသည်။ ထိုသို့စွန့်ပစ်လိုက်သော ဗီတာမင် B12 များကို အူသိမ်အဆုံးပိုင်း (ileum) မှ စုပ်ယူပြီးနောက် အသည်းထဲတွင် သိုလှောင်ထားပြီး လိုအပ်သည့်အချိန်ရောက်မှ ထုတ်ယူသုံးစွဲပါသည်။ ထို့ကြောင့် လူ၏အသည်းအပါအ၀င် တိရစၧာန်တို့၏ အသည်းအမျိုးမျိုးသည် ဗီတာမင် B12 ကြွယ်၀စွာပါ၀င်နေခြင်း ဖြစ်သည်။
ဗီတာမင် B12 ကြွယ်၀သော အစားအစာများ
ဗီတာမင် B12 ကို တိရစၧာန်ထွက်အစားအစာများမှတစ်ဆင့် ရရှိနိုင်ပါသည်။ ဗီတာမင် B12 သည် တိရစၧာန်ကြီးများ၏ အသည်းများ ဥပမာ အမဲအသည်း၊ ၀က်အသည်း၊ ဆိတ်အသည်း၊ အနီရောင်ရှိသော အသားများ၊ ကနုကမာကောင် (Oyster)၊ နွားနို့နှင့် နို့ထွက်ပစ္စည်းအမျိုးမျိုး၊ ကြက်ဥ၊ ဘဲဥစသည်တို့တွင် အဓိကပါ ၀င်ပါသည်။ ထို့အပြင် လူတို့စားသုံးနိုင်သော ရေညှိများဖြစ်သည့် ရေညှိစိမ်း (Chlorella)၊ စိမ်းပြာရေညှိ (Spirulina)၊ နိုရီရေညှိ (Nori) များတွင်လည်း ဗီတာမင် B12 ကြွယ်၀စွာပါ၀င်ပါသည်။
ဗီတာမင် B12 ချို့တဲ့သောလက္ခဏာများ
ဗီတာမင် B12 လုံလောက်စွာမရရှိပါက သွေးအားနည်းရောဂါ (Pernicious Anaemia)၊ ဦးနှောက်နှင့် အာရုံကြောများ ထိခိုက်ပျက်စီးခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ဉာဏ်ရည်ဉာဏ်သွေးကျဆင်းခြင်း၊ သတိမေ့ခြင်းမှသည် စိတ်ရောဂါဖြစ်သည်အထိ ဆိုးရွားနိုင်ပါသည်။ ထို့ကြောင့် ဗီတာမင် B12 ပါ၀င်သော အစားအစာများကို နေ့စဉ်စားသုံးပေးရန်လိုအပ်သကဲ့သို့ ဗီတာမင် B12 ကို ထုတ်ပေးသည့် ပရိုဘိုင်အိုတစ်လေးများကိုလည်း သတ်မှတ်ထားသောအရေအတွက်တွင် အမြဲရှိနေစေရန် ထိန်းသိမ်းထားရန်လိုပါသည်။
တစ်နေ့တာလိုအပ်သောဗီတာမင် B12 ပမာဏ
သာမန်လူကြီးတစ်ယောက်အနေဖြင့် ဗီတာမင် B12 တစ်နေ့လျှင် 2-3 မိုက်ခရိုဂရမ်သာလိုအပ်ပါသည်။ အသက် 50 ကျော်ပါက အစားအစာတွင်ပါ၀င်သော ဗီတာမင် B12 များကို ခန္ဓာကိုယ်မှ စုပ်ယူနိုင်မှုအားနည်းလာ သဖြင့် ဗီတာမင် B12 ပါ၀င်သောစားဆေး၊ ထိုးဆေးများ မှီ၀ဲရန်လိုအပ်သကဲ့သို့ ပရိုဘိုင်အိုတစ်လေးများဖြည့်တင်းပေးရန် အထူးလိုအပ်ပါသည်။
ဗီတာမင် B12 ချို့တဲ့စေသောအကြောင်းရင်းများ
(1) အရက် (၀ိုင်မှအပ) သောက်သုံးပါက အူအတွင်းရှိ ပရိုဘိုင်အိုတစ်များသေကြေပျက်စီးကုန်ပြီး ဗီတာမင် B12 ထုတ်လုပ်မှုလျော့နည်းစေသည့်အပြင် အစားအစာ၌ပါ၀င်သော ဗီတာမင် B12 များကိုပါ ဖျက်ဆီးလိုက်သော ကြောင့် အရက်ကိုစွဲမြဲစွာသောက်သုံးသူများတွင် ဗီတာမင် B12 ချို့တဲ့လေ့ရှိပါသည်။
(2) အက်စပရင် (Aspirin) ဆေးဝါးများသောက်သုံးသူများတွင် ဗီတာမင် B12 စုပ်ယူမှုကို 55 ရာခိုင်နှုန်းခန့် ဟန့်တားသောကြောင့် အက်စပရင်ဆေးကို ကြာရှည်စွာသောက်သုံးသူများအနေဖြင့် ဗီတာမင် B12 ချို့တဲ့သည့် လက္ခဏာများကြုံတွေ့ရလေ့ရှိသည်။
(3) ပဋီဇီ၀ဆေးများသည် ပရိုဘိုင်အိုတစ်များကို သေကြေပျက်စီးစေသောကြောင့်လည်းကောင်း၊ အစားအစာ၌ ပါ၀င်သော ဗီတာမင် B12 များစုပ်ယူမှုကို ဟန့်တားခြင်းကြောင့်လည်းကောင်း၊ ပဋီဇီ၀ဆေးများမကြာခဏသောက် သုံးသူများတွင် ဗီတာမင် B12 ချို့တဲ့လေ့ရှိပါသည်။
(4) အစာအိမ်ရောဂါကုသရာတွင် အသုံးပြုသော ဆေးများဖြစ်သည့် စီမက်တဒင်း (Cimetidine) ရက်နီတဒင်း (Ranitidine) နှင့် အိုမီပရာဇော (Omeprazole) ဆေးများသည် အစာအိမ်နံရံမှ အက်စစ်ထုတ်လုပ်မှုကို လျော့နည်းစေသဖြင့် ဗီတာမင် B12 စုပ်ယူမှုကို ထိခိုက်စေပါသည်။
(5) ဆီးချိုသွေးချိုရောဂါကုသရာ၌ အသုံးများသည့် မက်ဖောမင် (metformin) ဆေးသည်လည်း ဗီတာမင် B12 ချို့တဲ့မှုကိုဖြစ်စေသည်။
(6) ဂေါက်ရောဂါတွင် အသုံးပြုလေ့ရှိသည့် ကိုချီဆင်း (Colchicine) သည် အူနံရံကို ထိခိုက်ပျက်စီးစေနိုင်သဖြင့် ဗီတာမင် B12 စုပ်ယူမှုကို လျော့နည်းစေပါသည်။ ထို့ကြောင့် ကိုချီဆင်းဆေးသောက်သုံးသူများအနေနှင့် ဗီတာမင် B12 ချို့တဲ့သော လက္ခဏာများ ရှိ၊ မရှိ အမြဲစစ်ဆေးသင့်ပါသည်။
အနှစ်ချုပ်အနေနှင့် ဗီတာမင် B12 သည် အစားအစာများ၌မပါလျှင် သို့မဟုတ် အကြောင်းအမျိုးမျိုးကြောင့် လျော့နည်းသွားလျှင် အူအတွင်းရှိ ပရိုဘိုင်အိုတစ်များက ဖြည့်စွက် ထုတ်လုပ်ပေးခြင်းဖြင့် ချို့တဲ့မှုမဖြစ်ရလေအောင် ပြုလုပ်ပေးနိုင်စွမ်းရှိပါသည်။
Credit; ဒေါက်တာခင်မောင်လွင် (Fame)















