အသက်ကလေးရယ်တဲ့ ရှည်စေလို
ဇီ၀ ။ ။ ကိုဒီဃရေ … နုပျိုကျန်းမာသက်ရှည်ဆေးကို လူတွေရှာဖွေနေကြတာ နည်းအသွယ်သွယ် ရှိခဲ့ကြောင်း လေ့လာဖတ်မှတ်ဖူးတယ်ဗျ၊ အသက် 30 အရွယ်ရောက်လာတဲ့သူတွေကလည်း ဆယ်ကျော်သက်လေးလို နုချင်တာပဲ။ အသက် 50 ကျော် 60 အရွယ်လူတွေကလည်း လက်ရှိရောက်နေတဲ့ အသက်ထက် နုအောင်နေထိုင်သွားလာချင်ပြန်တာပဲ မဟုတ်လားဗျာ။ လေ့လာသုတေသနပြုချက်များစွာအရ လည်း နုပျိုကျန်းမာလာအောင် လူတွေဆောင်ရွက်ကြရာမှာ “နောက်ကျသွားပြီ” ဆိုတာ မရှိဘူးဆိုပဲ။ ခုသိရင် ခုစလုပ် လိုက်နာကျင့်သုံးလိုက်ပါတဲ့။
ဒီဃ ။ ။ ကိုဇီ၀ပြောတဲ့အတိုင်းဆို အသက်ရှည်ကျန်းမာစေလိုရင် ဘာတွေလုပ်ရမလဲဗျာ၊ မအို မနာရလေအောင် ဘာတွေရှောင်ရမလဲဗျာ
ဇီ၀ ။ ။ ခင်ဗျားမေးခွန်းထဲကအတိုင်း ရှောင်ရန်၊ ဆောင်ရန်တွေအများကြီးထဲက ဒီတစ်ပတ်တော့ ရှောင်ရမဲ့ မလုပ်သင့်တော့တဲ့ ချက်တွေပြောပြချင်တယ်။
ဒီဃ ။ ။ ဒါဆိုရင် အစားအသောက်နဲ့ အနေအထိုင်ကအဓိကဖြစ်မှာပေါ့နော်
ဇီ၀ ။ ။ မှတ်တာပေါ့ဗျာ၊ လူတိုင်းမှာ (1) မျိုးရိုးဗီဇ၊ (2) အစားအသောက်နဲ့ (3) ကိုယ်လက်လှုပ်ရှားမှု။ ဒီ 3 ချက်ဟာ ကျန်းမာအသက်ရှည်နုပျိုစွာ နေထိုင်သွားဖို့အရေးကြီးဆုံးပဲဗျ၊ နံပါတ် (1) မျိုးရိုးဗီဇကြောင့်ဖြစ်လာ တဲ့ ပြဿနာတွေကိုတော့ ရှောင်လွှဲမရဘူး။ မျိုးရိုးပြဿနာကိုသာ အပြစ်တင်ရတော့မှာဗျ၊ ဒါပေမဲ့ နံပါတ် (2) အစားအသောက်နဲ့ နံပါတ် (3) ကိုယ်လက်လှုပ်ရှားမှုကတော့ လူတိုင်းအပြောင်းအလဲလုပ်ပေးနိုင်တာမို့ ဒီ 2 ချက်ကို အထူးအလေးပေးသင့်တယ် မဟုတ်လား၊ ကဲ … မလုပ်သင့်တဲ့အချက် နံပါတ် (1) ကတော့ အစားအသောက်နဲ့ ဆိုင်တယ်ဗျ၊ ဘာတွေဆက်မလုပ်ဘဲရပ်သင့်တာလဲဆိုရင် ကြာရှည်အထားခံအောင်လုပ်ထားတဲ့ အစားအစာတွေ မစားသင့်တော့ဘူးဗျ။
ဒီဃ ။ ။ ဟုတ်ပါတယ်၊ တကယ်တော့ စည်သွတ်ဘူးတွေ၊ ၀က်အူချောင်း၊ ခေါက်ဆွဲခြောက်တွေ၊ မုန့်အခြောက်အခြမ်းတွေ၊ ငါးပိငါးခြောက်၊ ပဲငံပြာရည် စတဲ့စားစရာတွေဟာ ဆားအတော်များလွန်းတယ်ဗျ၊ အလွယ်တကူ ချက်လို့ရ၊ ထားလို့ရတော့ နေ့တိုင်းဈေးမသွားချင်လို့ တစ်ပတ်စာ၀ယ်ပြီး အိမ်ကရေခဲသေတ္တာထဲ ထားစားတာမကောင်းမှန်းသိလျက်နဲ့ အကျင့်မပြောင်းလဲနိုင်သေးတာလို့ဆိုရမလား၊ ဒီလိုတွေလုပ်တာ နှစ် 20၊ နှစ် 30 လောက်ရှိလာပြီ၊ ဒီလိုကြာရှည်ခံ အစားအစာတွေကြောင့်ဖြစ်လာတဲ့ ကျန်းမာရေးပြဿနာတွေကို ဆေးသိပ္ပံပညာရှင်တွေကလည်း သတိပေးလာတာ ဆယ်စုနှစ်မကတော့ဘူး မဟုတ်လား၊ လတ်လတ်ဆတ်ဆတ်နဲ့ ဆားပေါ့ပေါ့ခတ်ချက်စားနိုင်တဲ့ ငါး၊ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုး၊ ဥအမျိုမျိုးလည်း ကျွန်တော်တို့နိုင်ငံမှာ ဈေးမကြီးလှဘူးဆိုပြောနိုင်သေးတယ်။ ပင်လယ်ငါးတွေဆို ဈေးချိုသေးတယ်၊ လူတိုင်းစားနိုင်သေးတယ်၊ ကဲ …. နောက်တစ်ချက်ကရောဗျာ
ဇီ၀ ။ ။ အစားအစာတွေပြီးတော့ နံပါတ် (2) အချက်က ဆေးလိပ်ပေါ့ဗျာ၊ ဆေးလိပ်မကောင်းကြောင်း သိပေမဲ့မသောက်ရ၊ မရှူရှိုက်ရ မနေနိုင်စွဲလာပြီဆိုရင်တော့ အသက်ရှူလမ်းကြောင်းပြဿနာတွေနဲ့ နှလုံးသွေးကြော ကျဉ်းရောဂါတွေ မုချရောက်လာတော့မှာဗျ၊ ခုသိ အခုဆေးလိပ်ဖြတ်လိုက်တာနဲ့ အချိန်မီအဲဒီရောဂါတွေ တားလိုက်တာပေါ့။ နှစ်ရှည်လများဆေးလိပ်သောက်တဲ့သူတွေမှာ အဆုတ်ကင်ဆာနဲ့ ေ၀ဒနာတွေခံစားရပြီး အသက်အန္တရာယ်ဖြစ်တဲ့အထိ ဒုက္ခရောက်ကြရတယ်။ ဆေးလိပ်ငွေ့ကင်းစင်တဲ့ ပတ်၀န်းကျင်နဲ့ မိသားစုအသိုင်းအ၀ိုင်းလေးဖြစ်မှ ကိုယ့်မိသားစု၀င်တွေလည်း အဆုတ်ကင်ဆာက ေ၀းေ၀းရှောင်နိုင်မှာဗျ။
ဒီဃ ။ ။ ဆေးလိပ်မသောက်ရပါဘဲ အဆုတ်ကင်ဆာဖြစ်ရတာဟာ ပတ်၀န်းကျင်မှာ ဆေးလိပ်ငွေ့တွေ ရှိနေလို့ပေါ့။ လမ်းသွားရင်း ဆေးလိပ်လေးလက်ကြားညှပ်ပြီး ရှူလိုက်၊ ဖွာထုတ်လိုက်လုပ်နေသူတွေတွေ့ရင် အသည်းယားလိုက်တာ၊ အလိုက်မသိတာလား၊ နားမလည်ရှာလို့လားလို့ တွေးမိတယ်
ဇီ၀ ။ ။ နောက် နံပါတ် (3) ရပ်စေချင်တာကတော့ အထိုင်များတဲ့ အလေ့အထပဲဗျ၊ ခေတ်အခြေအနေအရ လူတိုင်းဟာ အလွယ်တကူလုပ်ကိုင်လာနိုင်တဲ့ စက်ပစ္စည်းလေးတွေရှိလာတော့ အရင်တုန်းကလောက် လမ်းလျှောက်သွားရတာ၊ စက်ဘီးနင်းရပြီးသွားရတဲ့ ခရီးမျိုးသိပ်မရှိတော့ဘူး၊ တမင်ကိုလုပ်ယူမှသာ လမ်းလျှောက်ဖြစ်တယ်။ မြို့ကြီးမှာနေတဲ့လူတွေဆိုရင် ပိုဆိုးတယ်၊ တိုက်ခန်းနဲ့ ရုံးအလုပ်စားပွဲမှာ တစ်နေကုန်အထိုင် များလာတယ်၊ ဒါကြောင့်ဖြစ်နိုင်သမျှ အထိုင်မများအောင် သတိထားသင့်တယ်။ 1 နာရီခြား တစ်ခါလောက် တလှုပ်လှုပ်နေသင့်တယ်။ နေ့တိုင်းခပ်ပြင်းပြင်း လေ့ကျင့်ခန်း 15 မိနစ်လောက် ပိုလုပ်ပေးနိုင်ရင် အသက် 3 နှစ်ပိုရှည်တယ်လို့ သုတေသနတွေအရတွေ့ခဲ့ရတယ်။ နာရီ၀က်လောက်လုပ်နိုင်ရင် အကောင်းဆုံးပေါ့ဗျာ။
ဒီဃ ။ ။ ကျွန်တော်ကတော့ နေ့စဉ် 15 မိနစ်လောက် စက်ဘီးနင်းတာရအောင်လုပ်ပေးတယ်ဗျ၊ ဒါပေမဲ့ စိတ်ဖိစီးမှုများတာ၊ ဒေါသထွက်တာတွေကရော လူကိုဖိစီးတာပဲ မဟုတ်လား
ဇီ၀ ။ ။ ဟုတ်တာပေါ့ဗျာ၊ စိတ်ဖိစီးမှုတွေ၊ ဒေါသထွက်တာတွေဟာ လူကိုအတော်ဒုက္ခပေးတာဗျ၊ ကိုယ်မလိုချင်တဲ့၊ မဖြစ်ချင်တဲ့ဟာတွေ မြင်ရကြုံရတဲ့အခါ ဒေါသထွက်တာတို့၊ စိတ်ကသိကအောက်ဖြစ်ရတာတို့ကြောင့် ကြာရင်ကျန်းမာရေးမှာ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်စေတာမို့ ဒီနံပါတ် (4) အချက်ကိုလည်း ထပ်ကာထပ်ကာ မဖြစ်လာအောင် ရပ်တန့်ပစ်ဖို့လိုတယ်။ စိတ်ကိုဖြေတတ်ဖို့လိုတယ်။ အကောင်းမမြင်စိတ် ဟာ နှလုံးသွေးကြောတွေ၊ ဇီ၀ရုပ်ဖြစ်ပျက်မှုနဲ့ ခန္ဓာကိုယ် ခုခံအားစနစ်ကို ထိခိုက်စေတယ်။ မကောင်းတဲ့ကော်တီစောဟော်မုန်းတွေထွက်စေတာမို့ အမုန်းတရား၊ ဒေါသတို့ မရှိသင့်ဘူး၊ အကောင်းမြင်တတ်၊ ချစ်ခင်ခွင့်လွှတ်တတ်၊ မေတ္တာထားတတ်တဲ့စိတ်မွေးမြူသင့်တယ်။
ဒီဃ ။ ။ အေးဗျာ၊ ဒီအမုန်းတရား၊ ဒေါသ စတဲ့ကိလေသာစိတ်တွေကလည်း ရပ်တန့်ရမှန်းသိပေမဲ့ စိတ်မထိန်းနိုင်တာက အားနည်းချက် တခုပေါ့ဗျာ … ဆက်ပါဦး
ဇီ၀ ။ ။ နောက်တစ်ချက် နံပါတ် (5) ကတော့ ငါလုပ်မှဖြစ်မယ်။ ငါ … ငါ ဆိုတဲ့ စိတ်မျိုးမထားဘဲ ပတ်၀န်းကျင်နဲ့ လိုက်လျောညီထွေပြေလည်အောင် ကူညီပါ၀င်ဆောင်ရွက်ပေးမယ်ဆိုရင် ကိုယ်လည်းပျော်ရွှင် စိတ်ဖိစီးမှုလည်းမရှိ ခန္ဓာကိုယ်စနစ်လည်း ပိုကောင်းတယ်။
ဒီဃ ။ ။ မှန်တယ်ဗျ၊ လူတွေနဲ့ချင်ခင်အောင် ကူညီပေး၊ ချိုသာစကားပြော၊ စိတ်ထားကောင်းတဲ့ လူတွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်းရှိ၊ ဘယ်နေရာ၀င်ထွက်၀င်ထွက် အားလုံးကလေးစား ချစ်ခင်နေတာမျိုးတွေ့နေရတယ်၊ လူတွေထဲ အ၀င်အထွက် အသွားအလာနည်းနည်းလာတာနဲ့အမျှ လူတွေနဲ့ ကင်းကွားသွားတာပဲမဟုတ်လား၊ ကြာရင်စိတ်ဓာတ်ကျလာတာတွေ၊ မိတ်ဆွေထဲမှာ ကြုံရမြင်ရတယ်။ တချို့ဆို ရောဂါဖိစီးလာတာတောင် ကြားရတယ်။ ဒါကြောင့် ကျွန်တော်ကတော့ သာရေး၊ နာရေး ကြားရင်အတတ်နိုင်ဆုံး ရောက်အောင်သွားပေးတယ်။ ဒါနဲ့ အခုပြောခဲ့တဲ့အချက်တွေကို တစ်ပြိုင်နက်ပြောင်းဖို့ဆိုတာ လွယ်ပါ့မလားဗျာ
ဇီ၀ ။ ။ မှန်တယ် ကိုဒီဃ၊ ပြောင်းလဲချိန်တန်ရင် ပြောင်းလဲရမယ်ဆိုတာသိပြီမို့ တစ်ခုချင်းစလုပ်ပေါ့ဗျာ၊ ဥပမာ အရင်တုန်းက ပေါင်မုန်နဲ့ ငါးသေတ္တာစားခဲ့ပြီး အခုလတ်လတ်ဆတ်ဆတ် ကိုယ်တိုင်ချက်စားတော့မယ်ဆိုရင် မနက်ဆို အရင်ကအချိန်ထက် ပိုစောစောအိပ်ရာထပေးရလိမ့်မယ်။ နေ့လယ်စာ ထမင်းချိုင့်လည်းထည့်ရဦးမယ် ဆိုရင် စောစောထချက်ဖို့လိုတာပဲမဟုတ်လား။ Exercise လေ့ကျင့်ခန်းလည်း လုပ်ပေးနိုင်တာပေါ့ဗျာ၊ ဒါကို Stress စိတ်ဖိစီးမှုကြီးတစ်ခုလို့ သဘောမိထားသင့်ဘူးဗျ။ နေ့စဉ် နေ့စဉ် လုပ်ကိုင်ပေးခြင်းဖြင့် အချိန်ကိုအသုံးချတတ် လာလိမ့်မယ်။ အလုပ်ရှုပ်တယ်လို့မထင်တော့ဘဲ ချောမွေ့လာမှာဗျ၊ ဒီစိတ်သဘောထားနဲ့လုပ်ဆောင်ရင် ဒီအချက်ကလည်း အရေးပါတဲ့နံပါတ် (6) အချက်ပေါ့ဗျာ။
ဒီဃ ။ ။ ဒါပေမဲ့ တချို့ကအလုပ်တစ်ခုကနေ တစ်ခုပြောင်းလဲရမှာကို စိုးရိမ်ကြောင့်ကြစိတ်ရှိတတ်တယ်၊ အဲဒါအကြောက်တရားခေါ်ရမလား၊ မဖြစ်သေးဘဲ စိုးရွံ့စိတ်ကလည်း လူတချို့ကို တော်ရုံပြောင်းလဲခိုင်းလို့ မရဘူးဖြစ်နေတာဗျ
ဇီ၀ ။ ။ လူတွေဟာ ကိုယ်မလုပ်ဖူးတဲ့အသစ်တစ်မျိုးမျိုးကို လက်တွေ့မလုပ်ကြည့်ရသေးခင် မဖြစ်နိုင်ဘူးလို့ကြိုတင်ကြောက်နေတတ်တာကလည်း အလုပ်မဖြစ်ဘူးဗျ၊ အမှန်က တွေးကြောက်နေမဲ့အစား လက်တွေ့လုပ်ကြည့်လိုက်၊ အားသာချက်အားနည်းချက်တွေဟာ တကယ်လုပ်တဲ့သူမှ တွေ့သိမြင်ရတာဗျ၊ ကျန်းမာနုပျိုချင်ရင် ရှေ့မှာကျွန်တော်ဆွေးနွေးခဲ့တာတွေ ဟုတ်၊ မဟုတ် လုပ်ကြည့်မှသိမှာ၊ မလုပ်သေးဘဲ ဖြစ်မှာမဟုတ်ဘူးလို့ ကြိုတွေး၊ ကြိုပြီးကြောက်နေရင်တော့ ဘာမှမလုပ်ဖြစ်ဘဲ ကျန်းမာနုပျိုဖို့ အလှမ်းေ၀းလိမ့်မယ်၊ ကြိုတင်တွေးပြီးလုပ်ရမှာကြောက်နေတဲ့ အချက် နံပါတ် (7) ကိုလည်း ရှောင်ပေါ့ဗျာ။
ဒီဃ ။ ။ ကိုဇီ၀ပြောတဲ့ အချက်တွေဟာ တကယ့်ကိုသိသင့်ပါတယ်။ နောက်တစ်ခုကတော့ ကျွန်တော်ထပ်ဖြည့်လိုက်မယ်၊ အဲဒါကလည်း ကျွန်တော်ကိုယ်တိုင် ညည အင်တာနက်၊ ဖေ့စ်ဘွတ်၊ အီးမေးလ်ကြည့်ရင်း နေ့တိုင်းညဥ့်နက်နက်သွားတယ်၊ မနက်ရုံးချိန်မီအောင် မနည်းထရတာအိပ်ရေးမ၀ဘူး၊ မှန်ထဲကြည့်ရင်မျက်ခွံတွေမို့လိ်ု့၊ လူငယ်တွေဆိုရင် ကျွန်တော့်ထက် ပိုဆိုးလိမ့်မယ်
ဇီ၀ ။ ။ ဟုတ်တယ်၊ တစ်ကမ်ဘာလုံးက ဆယ်ကျော်သက်တွေ၊ လူငယ် လူကြီးအကုန်ထင်ပါရဲ့ဗျာ၊ ဒီအချက်ကလည်း အရေးကြီးတာမို့ ချက်တင်လုပ်၊ ဒေါင်းလုပ်၊ ဖေ့စ်ဘွတ်တင်တာတွေကြောင့် ကုန်ရတဲ့အချိန်နဲ့ အိပ်ရေးမ၀ဖြစ်တာတွေ ရပ်သင့်ပြီ။ ဒါတွေကလည်း ကျန်းမာရေးပြဿနာ၀င်လာမှာ မုချပဲဗျဆိုတာပြောရင်း နိဂုံးချုပ်ကြပါစို့။
Credit: ဒေါက်ထွေး (ဆေး/မန်း)
Health Digest Journal
Vol: 13, No: 50, 21 - 9 - 2016