/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/အာလူးကြိုက်သောသူများ-သတိပြုဖွယ်

အာလူးကြိုက်သောသူများ သတိပြုဖွယ်

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ
Author
Dr. ဒေါ်ရည်ညွန့်မေ

        ပန်းချီဆရာကြီး “ဗင်းဆင့်ဗင်ဂိုး” ရဲ့ “အာလူးစားသူများ” ပန်းချီကားဟာ ကမ်ဘာကျော်ပါတယ်။ ကမ်ဘာကျော်  “အာလူးစားသူများ” ပန်းချီကားထဲက လူတွေကတေ့ အစာရေစာရှားပါးလို့ အာလူးတစ်မျိုးတည်းကို ညစာအဖြစ်စားနေတဲ့ပုံလေး ဆွဲထားတာပါ။ ယခုရေးမယ့်ဆောင်းပါးကတော့ အာလူးကြိုက်တဲ့လူတွေ အတွက်ပါ။ အာလူးအရသာတွေ့သွားရှာတဲ့လူတွေဟာ အာလူးကိုစားလာတာများလာလို့ အာလူးအကြောင်း တစေ့တစောင်းဖော်ပြလိုက်ရခြင်းဖြစ်ပါတယ်။

          အာလူးတွေမှာ ပိုတက်စီယမ်သတ္တုဓာတ် မြင့်မားကြွယ်၀ပါတယ်။ သင့်လျောမှန်ကန်တဲ့ ပိုတက်စီယမ်သတ္တုဓာတ်ဆားပမာဏကို စားပေးနိုင်ပါက သွေးတိုးရောဂါဖြစ်နိုင်ခြေနည်းပါး ကျဆင်းစေနိုင်ပါတယ်။ သို့သော် သင့်တင့်မျှတတဲ့ ပမာဏထက် ပိုလာရင်တော့ ဆိုလိုတာက အာလူးအများကြီးစားမိရင် ကယ်လိုရီတွေ တက်လာတော့မယ်ဆိုတာ ကြိုသတိပေးလိုပါတယ်။ အာလူးကို အသားနဲ့ရောချက်တဲ့ဟင်း ဒါမှမဟုတ် အာလူးပြုတ် ဒါမှမဟုတ် ဆီနဲ့အားရပါးရကြောထားတဲ့ အာလူးကြော်ဆိုရင်တော့ သင့်မှာမလိုချင်တဲ့ ကယ်လိုရီတွေရော၊ အဆီဓာတ်တွေရော အပိုဆုတွေ ထပ်ထပ်ရမှာမလွဲပါဘူး။

          သွေးတိုးရောဂါနဲ့ ပိုတက်စီယမ်သတ္တုဓာတ်ဆား စားပေးခြင်း နှီးနွှယ်မှုကို သူနာပြုတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအား လေ့လာသုံးသပ်ခြင်းနှင့် ကျန်းမာရေး၀န်ထမ်းဆရာ၀န်၊ ဆရာမ၊ လူနာဟောင်းများအား Follow up မှန်မှန်ကြည့်ရှုလေ့လာခြင်းတို့မှ တွေ့ရှိတဲ့စာရင်းဇယားအရ ထိုသူများ၏အသက်အရွယ်၊ ဇာတိမျိုးနွယ်အုပ်စုနှင့် တိုင်းပြည်အပေါ်မူတည်၍လည်းကောင်း၊ ခန္ဓာကိုယ်ထုထည်စံနှုန်းအရလည်းကောင်း၊ ဆေးလိပ်/ အရက်သောက်သုံး/မသုံး အပေါ်မူတည်၍ လည်းကောင်း၊ ကိုယ်ကာယလှုပ်ရှားမှု ရှိ/မရှိ စသည့်အချက်များနှင့် ဆေးဝါးသောက်သုံးနေရသလား စတဲ့အချက်များအပေါ်မူတည်ပြီးလည်းကောင်း သုတေသီများက လေ့လာခဲ့ကြပါတယ်။

          သုတေသနပညာရှင်မာျးဟာ ရှေ့မှာဖော်ပြခဲ့တဲ့ သူနာပြုများ၊ ကျန်းမာရေး၀န်ထမ်းများနဲ့ စေတနာ့၀န်ထမ်း ပါ၀င်ကူညီဖြေဆိုပေးခဲ့တဲ့လူပေါင်း တစ်သိန်းရှစ်သောင်းခုနစ်ထောင် (187000) ကျော်အား စစ်တမ်းကောက်လေ့လာ ခဲ့ကြပါတယ်။ ထိုသူများမှာ ထိုအချိန်ကသွေးတိုးရောဂါမရှိခဲ့ကြပါဘူးတဲ့။ ဒါပေမဲ့ အဲဒီလို လေ့လာသုတေသနပြုလုပ်နေ တဲ့ နှစ်တွေအတွင်းမှာပဲ ထိုလူတစ်သိန်းကျော်အနက် ခုနစ်သောင်းရှစ်ထောင် (78000) မှာ သွေးတိုးရောဂါဖြစ်ပွား လာခဲ့တာကို တွေ့ရှိလာခဲ့ပါတယ်တဲ့။ ဘာ့ကြောင့် ယခင်က သွေးတိုးရောဂါမရှိခဲ့ကြပါလျက်နဲ့ ယခုသွေးတိုးရောဂါဖြစ်လာကြရတာလဲဆိုတာ လေ့လာ ဆန်းစစ်ကြည့်လိုက်တဲ့အခါ ထိုစေတနာ့၀န်ထမ်း သုတေသနအစမ်းသပ်ခံ သွေးတိုးရောဂါရလာတဲ့သူတွေဟာ အာလူးအလွန်ကြိုက်တဲ့ လူတွေဖြစ်နေပြီး၊ မေးမြန်း ကြည့်လိုက်တော့ အာလူးဖုတ်၊ အာလူးပြုတ်၊ အာလူးထောင်းခြေ၊ အာလူးကြော် အမျိုးမျိုးကို အလွန်ကြိုက်၊ အလွန်စားတဲ့လူတွေဖြစ်နေကြကြောင်း တွေ့လာ ရပါတယ်။ နေ့တိုင်းအာလူးကြော်စာတဲ့သူ၊ အာလူးကက်တလိတ်စားသူ၊ အာလူးပြုတ်ထောင်းပြီး သံလွင်ဆီနဲ့ ဆားထည့်နယ်စားသူ စသည်ဖြင့် တစ်နည်းမဟုတ် တစ်နည်းအာလူးကိုနေ့စဉ်စားဖြစ်နေတာ တွေ့ခဲ့ရပါတယ်။

          တချို့ဆိုရင် တစ်ပတ်မှာ အာလူးကြော် 4 ရက်စားတတ်ကြောင်းတွေ့ခဲ့ရပါတယ်။ အမှန်တော့ တစ်ပတ်မှာ အာလူးကြော် 1 ကြိမ်စားတာနဲ့ 4 ကြိမ်စားသူတွေတူမှာမဟုတ်ပါ။

          သို့သော် အာလူးများများစားလေလေ သွေးတိုးရောဂါဖြစ်လာနှုန်းမြင့်လာလေလေဖြစ်ပါတယ်။ ဘာ့ကြောင့်ဖြစ်ရတာလဲဆိုတော့ သုတေသနခေါင်းဆောင် ထောက်ပြလိုက်တဲ့အချက်ကတော့ အလာလူးများများစားလေလေ၊ အချိုဓာတ်မြင့်၊ ကယ်လိုရီများတော့ အချိုဓာတ်တွေစုပေါင်းလာပြီး ဓာတ်တိုးစေကာကလာပ်စည်းများအား ရောင်ရမ်းစေခြင်းနှင့် ပုံမှန်လုပ်ငန်းတွေမလုပ်နိုင်ဖြစ်တာတွေ့ရပါတယ်။ အများအားဖြင့် အာလူးစားရင် အရသာကောင်းအောင် ဆားလေးလေးခတ်ပြီး စားလေ့ရှိလို့ပါပဲ။ နောက်တစ်ခုက ငယ်ငယ်ကတည်းက အငန်ကြိုက်ခဲ့သူတွေဟာ ဘာစားစားဆားငန်ငန်လေးထည့် စားတတ်လေတော့ များများစားလေ၊ ဆားများများပါလေဖြစ်ကာ ကြာတော့သွေးတိုးလာရခြင်းဖြစ်ပါသတဲ့။ အာလူးကိုလည်း ဆားထည့်ပြုတ်မှ ကောင်းတယ်လို့ယူဆပါက ကိုယ့်ရဲ့ အလေ့အထ၊ အမူအကျင့်တွေကလည်း ကိုယ့်ကိုဒုက္ခပေးလိုက်တာပါ။ ဒါကြောင့် မိမိမှာသွေးတိုးရောဂါဖြစ်လာရတာဟာ ကိုယ်စားလိုက်တဲ့ အစားအစာတွေနဲ့ အာဟာရဓာတ်တွေရဲ့ အဆိုးအကောင်းကို သိရှိနားလည်ထားမှုအတွေ့အကြုံ၊ အသိပညာနဲ့လည်း သက်ဆိုင်ပါတယ်။ ရယ်ဒီမိတ် အာလူးကြော်ဆိုတာကလည်း အငန်ဓာတ်များလှပါတယ်။ အသင့်အတင့်စားပြီး ရပ်ထားဖို့ စိတ်ထိန်းရန်လိုပါတယ်။ ဒီနေရာမှာ မည်သည့်အစားအစာမဆို ကိုယ်ကြိုက်လို့စားလိုက်တာရှိသလို စားစရာရွေးချယ်စရာမရှိလို့ ရှိတဲ့အစားအစာကို စားလိုက်ရတာမျိုးလည်းကြုံရတတ်ပါတယ်။ ဖြစ်နိုင်ရင် သဘာ၀အတိုင်းစားပေးနိုင်ရန် စိတ်ကိုအသင့်ပြင်ထားစေလိုပါတယ်။ ကန်စွန်းဥပြုတ်လို အစားအစာမျိုးကို ဆီနဲ့ဆားနဲ့တို့စားမဲ့အစား ဒီအတိုင်းအပြုတ်ကို အခွံနွှာစားလို့မရဘူးလား။ အရသာနောက်ကို လိုက်ရင်းလိုက်ရင်းနဲ့ အသက်ရလာချိန်မှာ လူဟာရောဂါတွေပါ အဆစ်ထပ်တိုးလာတတ်ပါကြောင်း သတိပေးနှိုးဆော်လိုက်ရပါတယ်။

 

 

 

Credit: ဒေါက်တာရည်ညွန့်မေ

Health Digest Journal

Vol: 13, No: 49, 14 - 9 - 2016