/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/မစားသင့်တဲ့-မျိုးရိုးဗီဇ-ပြုပြင်ထားတဲ့-အစားအစာများ

မစားသင့်တဲ့ မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ အစားအစာများ

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ

        ကမ်ဘာပေါ်မှာ လူဦးရေတိုးပွားလာတာနဲ့အမျှ၊ စားနပ်ရိက္ခာ မလုံလောက်မှုပြဿနာက အနည်းနဲ့အများကြုံတွေ့ လာရတယ်။ ဒါကို ဖြေရှင်းတဲ့အနေနဲ့ အမြဲတီထွင်ကြံဆနေကြတဲ့ သိပ္ပံပညာရှင်တွေက အသီးအနှံ စားပင်သောက်ပင်တွေနဲ့အသားစားရတဲ့ တိရစၧာန်တွေရဲ့မျိုးရိုးဗီဇကိုပြုပြင်ပြီး သေးတာကြီးထွားအောင်၊ အထွက်နည်းတာများလာအောင်၊ အရွယ်ကြီးတာ သေးလာအောင်၊ ပိုးမွှားဒဏ် ပိုမိုခံနိုင်ရည်ရှိလာအောင်၊ နည်းအမျိုးမျိုးနဲ့ တီထွင်လာကြတယ်။

          အထူးသဖြင့် ဖွ့ံဖြိုးပြီးနိုင်ငံတွေမှာ မျိုးရိုးဗီဇ ပြုပြင်ထားတဲ့အသားငါးတွေ၊ ဥတွေ၊ အသီးအရွက် အသီးအနှံတွေကိုသာ အများစုစားသုံးနေကြရတယ်။ ကျန်းမာရေးဂရုစိုက်သူ နားလည်သူအချို့သာ သဘာ၀အစားအစာတွေ ရွေးချယ်စားသုံးကြတာဆိုတော့ အစားအစာထုပ်တွေပေါ်မှာ မျိုးရိုးဗီဇ ပြုပြင်ထားတာ ဟုတ်မဟုတ် တံဆိပ်တပ်ဖော်ပြဖို့စည်းကမ်းသတ်မှတ်နေရတယ်။ နိုင်ငံပေါင်း 60 ကျော်မှာ မျိုးရိုးဗီဇပြုပြင် ထားတာကို လေဘယ် label တပ်ခိုင်းပြီး ရွေးချယ်စားသုံးနိုင်အောင် စီစဉ်ထားတာတွေ့ရတယ်။ တချို့နိုင်ငံတွေမှာ အဲဒီလို GMO အစားအသောက်နဲ့ အသားတွေကို တင်သွင်းခွင့်တောင်ပိတ်ပင်ကြတယ်။ ဘာကြောင့်ပိတ်ပင်ကြသလဲ လေ့လာလိုက်တော့ အောက်ပါအကြောင်း အရာတွေကို တွေ့လာရတယ်။ လူကိုကောင်းကျိုးမပေးတာမို့ အဲလိုတီထွင်ပြုပြင်ထားတဲ့အစားအစာအားလုံးကို မစားသုံးသင့်ဘူး ဆိုတာ အောက်ပါအချက်တွေကြည့်ရင် သိသာပါတယ်။

 

1)   GMO နည်းနဲ့ ပြုပြင်ထားတာတွေက အန္တရာယ်ကင်းကြရဲ့လား

    အဲဒီအစားအစာတွေ ထုတ်လုပ်သူတွေက ဘယ်လောက်ပဲ အန္တရာယ်ကင်းပါတယ်ပြောပေမယ့် တကယ့်အမှန်တရားက နှစ်ပေါင်းများစွာ အချိန်ယူပြီး လူတွေအပေါ် စမ်းသပ်မှုမလုပ်ကြရသေးပါဘူး။ 1990 ပြည့်နှစ် နှစ်၀က်ပိုင်းလောက်က စတင်ပေါ်ပေါက်လာခဲ့တဲ့ အဲဒီ GMO နည်းသုံး အစားအစာတွေဟာ ရေရှည်မှာ ဘေးကင်းမကင်း သိနိုင်ဖို့လည်း ခက်ခဲလှပါတယ်။ သိပ္ပံပညာရှင်အများစုကလည်း ဘေးအန္တရာယ်မကင်းဘူးလို့ လက်ခံထားကြတယ်။

 

2)   ကျန်းမာရေး ထိခိုက်တတ် တာတွေ

    GMO နည်းသုံးပြီးထုတ်လုပ်ထားတဲ့ အစားအစာတွေစားမိရင် ခန္ဓာကိုယ်အတွင်းမှာ မျိုးရိုးဗီဇပြောင်းလဲမှုတွေ ဖြစ်ပေါ်စေကာ အလာဂျင် (ဓာတ်မတည့်စေတဲ့အရာတွေ) ဖြစ်ပေါ်လာစေတယ်။ မျိုးရိုးဗီဇ ပြုပြင်မထားတဲ့ အမျိုးအမည်တူအစားအစာတွေ စားရင်တော့ အဲဒီ အလာဂျင်တွေ မထွက်စေဘူးဆိုတာတွေ့ရတယ်။ အဲဒီအချက်ဟာ ကျန်းမာရေးထိခိုက်တာနဲ့ ပတ်သက်နေတယ်လို့ ကျွမ်းကျင်သူတွေက ကောက်ချက်ချကြတယ်။

 

3)   ပိုးသတ်ဆေးအမျိုးမျိုး အလွန်အကျွံသုံးစွဲခြင်း (heavy use of pesticide & herbicide)

    GMO နည်းသုံး မျိုးစေ့ seed တွေမှာ ပိုးသတ်ဆေးတွေအများကြီးသုံးဖို့လိုအပ်တယ်။ ပိုးသတ်ဆေးရဲ့ဆိုးကျိုးကလည်း အများကြီးဆိုတော့ အဲဒါတွေရဲ့ဘေးထွက်ဆိုးကျိုးကလည်းစားသုံးသူတွေကို ထိခိုက်စေပြန်တယ်။

 

4)   ပိုးသတ်ဆေးများနဲ့ အစာအိမ်နဲ့အူလမ်းကြောင်း ကျန်းမာရေး

    ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတွေရဲ့ အဓိက တာ၀န်ကမလိုလားအပ်တဲ့ အပင်ဖျက်ပိုးမွှားတွေ၊ ပေါင်းပင်တွေကို သေကြေစေဖို့ဖြစ်တယ်။ အဲဒီမှာသုံးတဲ့ ဂလိုင်ဖိုဆိတ် glyphosate ပိုးသတ်ဆေးဟာ လူတွေရဲ့အူလမ်းကြောင်းမှာရှိတဲ့ ဗက်တီးရီးယားတွေကိုပါ ဆိုးကျိုးသက်ရောက်စေတယ်။

 

5)   ကင်ဆာဖြစ်နှုန်းတက်ခြင်း

    GMO နည်းသုံးအစားအစာတွေနဲ့ ပိုးသတ်ဆေးတွေကြောင့် လူတွေမှာ ကင်ဆာဖြစ်ပွားနှုန်း မြင့်တက်စေတာတွေ့ရတယ်။ ဒါ့ပြင် မျိုးပွားအင်္ဂါအဖွဲ့ကို ထိခိုက်စေခြင်း၊ အော်တစ်ဆင်ရောဂါ၊ နှလုံးရောဂါများဖြစ်ပွားစေခြင်းတို့ကိုပါ တွေ့ရှိလာရတယ်။

 

6)   ပတ်၀န်းကျင်အပေါ် သက်ရောက်မှု

    GMO နည်းပညာသုံး အစားအစာတွေနဲ့ အဲဒီမှာသုံးတဲ့ ပိုးသတ်၊ ပေါင်းသတ်ဆေးတွေကြောင့် ပတ်၀န်းကျင်ရှိ ရေထုလေထု မြေထုပါ မကျန်ညစ်ညမ်းစေတယ်။ မွန်ဆင်တို Monsanto Co.Ltd က ဖြန့်ချိတဲ့အထဲမှာပါတဲ့ Glyphosate ဂလိုင်ဖိုဆိတ်တွေကြောင့် မြေကြီးရဲ့ အရည်အသွေးကျဆင်းစေပြီး၊ အဲဒီမြေပေါ်ပေါက်ရောက်စိုက်ပျိုးတဲ့ သီးနှံတွေရဲ့ အာဟာရတန်ဖိုးပါ ကျဆင်းစေတယ်။ GMO နည်းနဲ့ စိုက်ပျိုးတာနဲ့ ရိုးရိုးသဘာ၀အတိုင်းစိုက်ပျိုးကြတဲ့ သီးနှံတွေ လေထဲကတစ်ဆင့်၀တ်မှုန်ကူးကြရင်လည်း သဘာ၀သီးနှံတွေရဲ့ အရည်အသွေးကိုပါ ဖျက်ဆီးပစ်နိုင်စွမ်းရှိတာတွေ့ရတယ်။

 

7)   စူပါပိုးမွှား အဖျက်သမားတွေ ပေါ်ပေါက်လာစေခြင်း

    Superbugs & super weeds GMO နည်းပညာသုံးရင် တောင်သူလယ်သမားတွေအတွက် ပိုးမွှားတွေ၊ ပေါင်း မြက်တွေ ရှင်းလင်းပေးနိုင်တယ်ဆိုပေမယ့် အမေရိကန်အနောက်အလယ်ပိုင်း ဒေသတွေမှာ ပိုမိုစွမ်းအားပြင်းတဲ့ အဖျက်ပိုးမွှားတွေ၊ ပေါင်းမြက်တွေနဲ့ အလူးအလဲ တိုက်ဖျက်နေရတယ်။ တော်ရုံတန်ရုံ ပိုးသတ်ဆေးတွေကို ခံနိုင်ရည်ရှိကြတဲ့အတွက် အဆိပ်အတောက်ပိုဖြစ်စေတဲ့ ပိုးသတ်ဆေး အပြင်းစားကြီးတွေအများကြီးသုံပေးရတဲ့အတွက် လူနဲ့ပတ်၀န်းကျင်ကို ပိုမိုထိခိုက်စေပြန်တယ်။ ငွေကြေးကုန်ကျမှုစရိတ်လည်း ပိုမိုတက်လာစေတယ်။

 

8)   ဥပဒေနဲ့ တားမြစ်ခြင်း

    နားမည်ဆိုးနဲ့ ကျော်ကြားတဲ့ Monsanto Co.Ltd ကို အမေရိကန်မှာတော့ ဥပဒေထုတ်ပြန်ပေးထားတာကို ဒီနှစ် အစောပိုင်းလောက်မှာ တွေ့ရတယ်။

 

9)   ဂရုစိုက်ရွေးချယ်စားသုံးသင့်ခြင်း

    အတုလုပ်ရာမှာ နာမည်ဆိုးနဲ့ ထိပ်ဆုံးကရှိနေတဲ့ တရုတ်ပြည်က ဆန်အတု၊ အသားအတု၊ ကြက်ဥအတုတွေ ကမ်ဘာကိုဖြန့်လို့ ဟိုတလောက ပွက်လောရိုက်သွားတာ သတင်းတွေမှာ ဖတ်လိုက်ရတယ်။ သဘာ၀ကို ဆန့်ကျင်ထားတဲ့၊ တုပထားတဲ့ အစားအစာတွေဟာ ရေတိုရောရေရှည်မှာပါ ကျန်းမာရေးကို တစ်နည်းမဟုတ် တစ်နည်းနဲ့ ထိခိုက်ပျက်စီးစေပါတယ်။ ထုတ်လုပ်သူတွေဘက်ကလည်း ဘယ်နည်းပညာကို သုံးစွဲထုတ်လုပ်ထားတယ်ဆိုတာအထုပ်တိုင်းမှာ ဖော်ပြပေးသင့်သလို စားသုံးသူတွေကလည်း လေဘယ်အညွှန်းကို ဖတ်ပြီးသေချာရွေးချယ်ကာ သဘာ၀အော်ဂဲနစ်နည်းနဲ့ ထုတ်လုပ်တာတွေပဲ ရွေးချယ်စားသင့်တယ်။ ကိုယ်မြင်ဖူးနေကျ အရွယ်အစား၊ အရောင်အဆင်း၊ အန့ံ့အရသာထက် ထူးခြားနေတာဟူသမျှသတိထားပြီး ရှောင်ရှားသင့်ပါကြောင်း တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ အစေ့မဲ့ သပျစ်သီး၊ အဖြူရောင် အကာနေရာမှာ အစိမ်းရောင်တောက်တောက် အကာဖြစ်နေပြီး သာမန်ထက်ပိုကြီး မားနေတဲ့ မာလကာသီး၊ အစေ့မဲ့လိမေ္မာ်သီး၊ အပွလွန်လိမေ္မာ်သီး၊ ဟိုအသီးနဲ့ ဒီအသီး ရောစပ်ထားတဲ့ ဥပမာ ပန်းသီးနဲ့ သစ်တော်သီးစပ်ထားတဲ့ ပန်းသစ်တော် စသဖြင့် အတွေ့ရနည်းတဲ့ ထူးဆန်းအသီးအနှံတွေကို အမြည်းသဘောမျိုးတောင် မစားမိဖို့ သတိထားစေချင်ပါတယ်။

 

 

 

Credit; ဒေါက်တာအေးမြချယ်

Health Digest Journal

Vol. (13), No. (3), 14-10-2015