ရှုပ်ထွေးသော ဂရင်ဂျီနာ (COMPLICATDE FISTULA IN ANO)
ရှုပ်ထွေးသော ဂရင်ဂျီနာဆိုတာ မဆွေးနွေးမီ ဂရင်ဂျီနာဆိုတာဘာလဲ၊ ဒီဂရင်ဂျီနာ ဘယ်လိုဖြစ်လာတာလဲဆိုတာ ဦးစွာသိထားဖို့လိုပါတယ်။ တကယ်တော့ ဂရင်ဂျီနာဆိုတာ အစကတည်းက ဖြစ်လာတာမဟုတ်ပါဘူး။ စအိုပတ်လည် ပြည်တည်နာ (Perianal abscess) ကို စနစ်တကျ ကုသမှုမပြုတဲ့အခါမှာ ဒီပြည်တည်နာက အပြင် ဘက်အရေပြားကို ပေါက်ထွက်ပြီး ပြည်တစိုစိုထွက်နေတဲ့ Perianal sinus တစ်ဖက်ပေါက်အနာနဲ့ အရေပြားရော၊ စအိုအတွင်း အမြှေးပါးမှာပါပေါက်နေတဲ့ Fistula-in-ano နှစ်ဖက်ပေါက် အနာတွေဖြစ်လာကြပါတယ်။ တိုင်းရင်းဆေးဆရာတွေကတော့ ဒီနှစ်မျိုးစလုံးကိုပေါင်းပြီး ဂရင်ဂျီနာလို့ သတ်မှတ်ကြတယ်လို့သိရပါတယ်။ ဒီအနာတွေဟာ အနာပေါက်ပွင့်နေတဲ့အခါ ပြည်၊ သငံရည်တွေ ထွက်နေပြီးနေရတာ မအီမသာနဲ့ စအိုပတ်လည်မှာ ပြည်တစို စိုနဲ့ဖြစ်နေတတ်ပါတယ်။ ဒီအပေါက်တွေ ပိတ်သွားတဲ့အခါမှာတော့ ပြည်တွေစုပြီး အထိမခံနိုင်တဲ့ ပြည်တည်နာကို ခံစားရပြီး ပြည်တွေထွက်သွားတဲ့အခါမှာတော့ ပြန်သက်သာသွားတတ်ပါတယ်။ ဒီလိုနဲ့ သံသရာလည်ပြီး လနဲ့နှစ်နဲ့ ချီပြီး ခံစားကြရပါတယ်။ ဒါကတော့ အဖြစ်များတဲ့ဂရင်ဂျီနာရဲ့ ဖြစ်စဉ်ပါ။ တချို့မှာတော့ စအိုပတ်လည်မှာ တီဘီရောဂါ၊ ကင်ဆာရောဂါတွေနဲ့ Crohn’s Desease တွေကြောင့် စဖြစ်ကြပြီး စအိုဘေးက အပေါက်တွေကလည်း များနေတတ်ပါတယ်။
ယေဘုယျအားဖြင့် ဒီဂရင်ဂျီနာလမ်း Fistula Tract ဟာ အရေပြားနဲ့စအိုအတွင်း အမြှေးပါးအောက်မှာ ရှိနေတတ်ပါတယ်။ တချို့မှာတော့ စအိုပတ်လည် ကြွက်သားဆိုင်တွေကြားမှာ ပြည်တည်တာ စဖြစ်တဲ့ Intersphincterci ရှိပြီး တချို့ကတော့ ဒီလမ်းကြောင်းဟာ မြင်းခွာပုံသဏ္ဌာန်စအိုဘေး 2 ဖက်စလုံးမှာ ကွေ့ပတ်ရှိနေလို့ Horse-shoe-Fistulea လို့ခေါ်ပါတယ်။ တချို့မှာတော့ စအိုကို ဆွဲတင်မပေးထားတဲ့ Levatorani ကြွက်သားပြားရဲ့အပေါ်အထိ လမ်းကြောင်းရှိနေပြီး အပြင်အရေပြားက အပေါက်ကလည်း စအို၀နဲ့ ခပ်ေ၀းေ၀းမှာရှိတဲ့ High Type ဖြစ်နေတတ်ပါတယ်။ ဒီလို စအိုအတွင်းပိုင်း ခပ်မြင့်မြင့်မှာရှိနေတဲ့ ဂရင်ဂျီနာကတော့ ကုသပေးရတာ ပိုခက်ခဲပြီး ကြာရှည်တတ်ပါတယ်။ ဒီလိုရှုပ်ထွေးတဲ့ ဂရင်ဂျီနာမဖြစ်စေဖို့တော့ စအိုပတ်လည်ပြည်တည်နာဖြစ်စမှာ ပြည့်စုံလုံလောက်စွာ စနစ်တကျ ခွဲစိတ်ပေးခြင်းဖြင့် ရှောင်ရှားနိုင်ပါတ်ယ။ ဒီလိုမကုသတဲ့အခါမှာတော့ ပြည်တွေဟာ ဟိုဒီလျှောက်ပြန့်ပြီးသွားကာ Complicated FIA ဖြစ်သွားတတ်ပါတယ်။ ဒီလိုရောဂါတွေကို ခွဲစိတ်ကုသရာမှာတော့ ပြည်တွေအကုန် Drain ဖြစ်နေဖို့ ကြက်ခြေခတ် Cruciate Incision လုပ်ပြီး ထောင့်တွေကို ဖြတ်ထုတ်ခြင်းဖြင့် အနာ၀ကျယ်ကာ တဖြည်းဖြည်း အနာကျက်လာလို့ ရောဂါထပ်မဖြစ်တော့ဘဲ တစ်ခါတည်း လုံး၀ပျောက်ကင်း သက်သာသွားတတ်ပါတယ်။ ဂရင်ဂျီနာအဖြစ် ပြောင်းလဲသွားတဲ့အခါမှာတော့ ဒီအနာလမ်းကြောင်းကို ဖွင့်ထုတ် ပေးတဲ့ Fistulectomy ခွဲစိတ်နည်း၊ ဒီလမ်းကြောင်းတစ်ခုလုံးကို ခွဲစိတ်ဖြတ်ထုတ်ခြင်း Fistulectomy လုပ်ပြီး အနာကို အောက်ခြေကစပြီး Secondary Intention Wound healing ဖြင့် အနာကျက်စေခြင်းဖြစ်စေရန် စနစ်တကျဂရုစိုက်ပြီး ဆေးထည့်ပေးရပါတယ်။ သို့မဟုတ်ပါက ခွဲစိတ်ထားတဲ့အပေါ်ယံ အနာကျက်ပြီး အတွင်းမှာ ပုပ်ဆွေးနေတဲ့ အနာကျန်နေပါက ရောဂါပြန်ပြန်ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်တာများလို့ ဂရင်ဂျီနာဟာ ခွဲစိတ်ပြီးပေမယ့် အနာ အကင်းမသေဘဲ ပြန်ဖြစ်တတ်တယ်ဆိုပြီး သတင်းဆိုးနေတာဖြစ်ပါတယ်။ High Type နဲ့ Horse Shoe Type ဂရင်ဂျီနာတွေမှာတော့ Staged Operation ခေါ်တဲ့ တစ်ဆင့်ပြီးတစ်ဆင့် ခွဲစိတ်ပေးရတဲ့နည်းမျိုးသုံးရသလို တချို့ မှာတော့ အတွင်းအနာပေါက်ကို တဖြည်းဖြည်းချင်း ကျက်လာစေတဲ့ ခိုင်ခံ့တဲ့ ပိုးချည်ကြိုး၊ နိုင်လွန်ကြိုးတွေနဲ့ တဖြည်းဖြည်း ဆွဲချည်ပြီးအနာကို ကျက်လာအောင် ဆောင်ရွက်ပေးကြရပါတယ်။ တစ်ကြိမ်တည်းနဲ့ ကြွက်သားတွေကို ဖြတ်တောက်ပြီး Tract တစ်ခုလုံး ဖယ်ရှားတဲ့အခါမှာတော့ကြွက်သားတွေ အလုပ်ကောင်းစွာမလုပ်နိုင်ဘဲ ၀မ်းမထိန်းနိုင်တဲ့ Incontinence ဖြစ်တတ်လို့ ဂရုစိုက်ခွဲစိတ်နိုင်ဖို့လည်း အရေးကြီးလှပါတယ်။ တချို့ကတော့ ကြွက်သားစိုင်တွေကို ထိခိုက်ပျက်စီးမှုနည်းစေဖို့ FIA Tract ကို လှီးထုတ်တဲ့ Coring နည်းကို အသုံးပြုကြပါတယ်။ ယခုခေတ်မှာတော့ ဒီ Tract အတွင်းက ပုပ်ဆွေးနေတဲ့ အသားပုပ်တွေကို ခြစ်ထုတ်ပြီး Tissue Glue ထည့်ပေးခြင်းဖြင့် ကြွက်သားစိုင်တွေကို ထိခိုက်ပျက်စီးမှု နည်းစေပါတယ်။ နောက်ဆုံးပေါ် နည်းအနေနဲ့တော့ ဒီ Tract အတွင်းစက အသားဆွေးတွေကို လေဆာဖြင့် ဖျက်ဆီးခြစ်ထုတ်ပြီး အနာပြန်ကျက်စေတဲ့ နည်းလမ်းကို အသုံးပြု ကြပါတယ်။ ဒီနည်းလမ်းတွေက ခန္ဓာကိုယ်၏ကြွက်သားများကို ထိန်းသိမ်းနိုင်ပေမယ့် ရာနှုန်းပြည့်တော့ အောင်မြင်တာရှားပါတယ်။ အဖြစ်များတဲ့ ယေဘုယျ ဂရင်ဂျီနာတွေမှာတော့ ရောဂါပြန်မဖြစ်စေဖို့၊ ပျောက်ကင်းသက်သာစေဖို့ အဓိကအားဖြင့် ခွဲစိတ်ဖြတ်ထုတ်ရာမှာ Tract တွေ မကျန်ရစ်စေဖို့၊ ဒုတိယအားဖြင့်တော့ အနာကို ဆေးထည့်ရာမှာ အောက်ခြေကနေ တဖြည်းဖြည်း Second Intention ဖြင့် အနာကျက်စေဖို့နဲ့ တတိယ သတိထားရမှာက ရောဂါဖြစ်ကြောင်းဇာစ်မြစ် တီဘီလား၊ Crohn’s Disease လား၊ ကင်ဆာလားဆိုတာကို စစ်ဆေးစမ်းသပ်ပြီး လိုအပ်တဲ့ကုသမှုများကိုပါ ထည့်သွင်းဆောင်ရွက်ပေးကြဖို့ လိုအပ်ကြောင်း တင်ပြအပ်ပါတယ်။ စာရေးသူငယ်စဉ်က နိုင်ငံခြားမှာ ပညာဆည်းပူးစဉ် အချိန်မပေးနိုင်လို့ အနာဖြစ်လာလိုက်၊ သက်သာရုံ ခွဲစိတ်လိုက်လုပ်တာ 4 ကြိမ် အခွဲစိတ်ခံခဲ့ရပြီး ပြီးပြည့်စုံစေရန် Tract တစ်ခုလုံး ဖြတ်ထုတ်ပြီး ကျန်နေလို့ ထပ်ခွဲစိတ်ခံရတာ 2 ကြိမ် 6 ကြိမ် ခွဲစိတ်ခံခဲ့ရပါတယ်။ နောက်ဆုံးတော့ တီဘီဆေး 3 လခန့် ဆက်သောက်မှဘဲ လုံး၀ပျောက်ကင်းသွားရပါတယ်။ ဒါကြောင့် ဂရင်ဂျီနာကို စနစ်တကျ ပြည့်စုံစွာ ကုသနိုင်ဖို့ တတ်သိကျွမ်းကျင်စေတနာထားတဲ့ ခွဲစိတ်ကုသမားတော်များနှင့် ပြသစစ်ဆေးကုသမှုခံယူကြပါလို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်။
Credit; ပါမောက္ခဒေါက်တာမြသိန်းဟန် (ခွဲစိတ်အထူးကုဆရာ၀န်ကြီး)
Good Health Journal (No.29)















