အမှောင်ဆုံးနဲ့ အလင်းဆုံး တည့်တည့်ကြီးရင်ဆိုင်တိုးတဲ့ခါ
သမီးလေး ဆောင်းနှင်းမြူ
ချစ်ကမ်ဘာလေးတစ်ခုရှိတယ်။ အဲဒီကမ်ဘာလေးထဲမှာ အဖေရယ်၊ သမီးရယ် နှစ်ယောက်တည်း။ အဖေကလည်း သူ့ဘ၀မှာ ဒီသမီးလေးတစ်ယောက်ပဲရှိတယ်။ သမီးရဲ့မေမေ ဆုံးပါးသွားပြီးကတည်းက သူသမီးလေး မိထွေးလက်မှာ မျက်နှာငယ်၊ နှိပ်စက်ခံရမှာစိုးရိမ်ပြီး နောက်အိမ်ထောင်သစ် လုံ၀မထူတော့ဘူး။ ဒီသမီးလေးသာလျှင်သူ့ရဲ့ဘ၀၊ သမီးသာလျှင် သူ့ရဲ့ကမ်ဘာဆိုတဲ့ စကားလေးအတိုင်းပဲ သမီးရဲ့မျက်နှာလေးကိုပဲ အရိပ်တကြည့်ကြည့်နဲ့။ သူ့ဘ၀တစ်ခုလုံးကိုလည်း သမီးရဲ့လက်ထဲကိုပဲ ပုံအပ်ထားလိုက်တော့တယ်။ သမီးရဲ့မျက်နှာလေးတစ်ချက် မညှိုးစေရဘူး။ သမီးဘာလိုချင်သလဲ မရဆိုတာ လုံး၀မရှိစေရဘူး။
မေတ္တာဆိုတာ ရောင်ပြန်ဟပ်တတ်တဲ့ သဘာ၀ရှိတယ်။ တစ်ဦးမေတ္တာ တစ်ဦးမှာဆိုတဲ့စကားလေး လိုပဲပေါ့။ သမီးကလည်း သူ့ဖေဖေကိုချစ်လိုက်တာမှ သူ့ဖေဖေမှ သူ့အဖေဖေ ဟုတ်တယ်လေ၊ မွေးကတည်းက သမီးလေးဟာ မိခင်ဆိုတာကို ကောင်းကောင်းမတွေ့ဖူးလိုက်ဘူး။ သူ့ကိုမွေးပြီး မကြာခင်မှာပဲ မေမေကသွေး ထွက်လွန်ပြီး သူတို့သားအဖကို အပြီးအပိုင်နှုတ်ဆက်ခွဲခွာသွားခဲ့တာမဟုတ်လား။
ဖေဖေဟာ သမီးရဲ့နောင်ရေးအတွက် စိတ်အေးရအောင် သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေကို ကြိုးစားပမ်းစား လုပ်ကိုင်တယ်။ သူ့ဘ၀မှာ သူ့ရဲ့စီးပွားရေးအလုပ်ရယ်၊ သမီးရယ်ပဲရှိတယ်။ တခြားဘာဆို ဘာမှ၊ ဘယ်သူ့ကိုမှ လုံး၀စိတ်မ၀င်စားဘူး။ အလုပ်လုပ်တယ်၊ အလုပ်ကပြန်လာရင် သမီးအနားမှာပဲနေတယ်။ သမီးလေးကိုပဲ သူ့ရဲ့ချစ်ခြင်းမေတ္တာတွေအားလုံး ပုံပေးလိုက်ပြီး သမီးလိမ္မာလေးဖြစ်လာအောင် ပြုစုပျိုးထောင်တယ်။
သမီးကလည်း သူ့ဖေဖေမျှော်လင့်ခဲ့တဲ့အတိုင်း တကယ့်ကို ချစ်စရာကောင်းလှတဲ့ အလိမ္မာတုံးလေးဖြစ်တယ်။ ပညာကို ကြိုးစားပမ်းစား သင်ယူတယ်။ စာတော်တဲ့ကျောင်းသူမလေးဖြစ်လာတယ်။ ဆယ်တန်းကို အမှတ်တွေအများကြီး ဂုဏ်ထူးတွေတသီကြီးနဲ့ အောင်တယ်။ ဒါပေမဲ့ သူက သူများတွေလိုဆေးတက္ကသိုလ်မတက်ဘူး၊ သူ့ဖေဖေရဲ့စီးပွားရေးအလုပ်တွေကို ၀ိုင်းကူလုပ်ပေးမယ်၊ ဖေဖေသက်သာအောင် သူ့ရဲ့စီးပွာရေးပညာနဲ့ ကူညီမယ်ဆိုတဲ့အတွေးနဲ့ စီးပွားရေးတက္ကသိုလ်တက်ဖို့ ရွေးချယ်ခဲ့တယ်။
ဒီလိုနဲ့အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးလာခဲ့တယ်။ သမီးလေးကလည်း စီးပွားရေးတက္ကသိုလ်ကျောင်းဆင်းပြီး ဘွဲ့ရပြီ။ ဖေဖေကလည်း စီးပွားရေးအလုပ်တွေကို ချဲ့ထွင်ပြီး ကြိုးစားပမ်းစားလုပ်တယ်။ ဖေဖေကသမီးရဲ့ပညာရေးကို သိပ်ကိုအားပေးတာ။ သူကွယ်လွန်သွားခဲ့ပြီး သမီးလေးတစ်ယောက်တည်း ဟောဒီလောကအလယ်မှာ မျက်နှာငယ်ပြီး မကျန်ခဲ့စေချင်ဘူး။ သူ့ပညာနဲ့သူ လူတစ်လုံးသူတစ်လုံးဖြစ်၊ သူ့ခြေထောက်ပေါ်သူ မားမားမတ်မတ် ရပ်နိုင်တဲ့သူဖြစ်စေချင်တယ်။
သမီးလေးကလည်း သူ့ဖေဖေရဲ့ စေတနာနဲ့မေတ္တာတွေကို နားလည်းတယ်။ သူ့ဖေဖေရဲ့ အလိုဆန္ဒတွေဖြည့်ဆည်းဖို့ရယ်၊ ပြီးတော့ရုတ်တရက် တအံ့တသြဖြစ်ပြီး ၀မ်းသာသွားမယ့်သူ့ဖေဖေရဲ့ မျက်နှာကို မြင်ချင်လွန်းလို့ရယ်၊ သူ့ရည်မှန်းချက်တစ်ခုကို တိတ်တိတ်ကလေး သူ့ဖေဖေမသိအောင် ကြိတ်ပြီးလုပ်နေခဲ့တယ်။ သူ့ရည်မှန်းချက်တွေ အောင်မြင်တဲ့အခါကျမှ သူ့အဖေဖေကို မမျှော်လင့်တဲ့အချိန်မှာ အံ့အားသင့်သွားအောင် အလစ်အငိုက်ယူပြီး ဖွင့်ပြောပြမယ်လို့ဆုံးဖြတ်ထားခဲ့တယ်။ အဲဒီရည်မှန်းချက်ကတော့ အင်္ဂလန်ကနာမည်ကျော်တက္ကသိုလ်ကြီးတစ်ခုမှာ ဘွဲ့လွန်ဒီဂရီတစ်ခုထပ်ယူဖို့ဖြစ်တယ်။ ကြည့်စမ်း - ဘယ်လောက်တောင် ကြီးမားတဲ့ သူ့ဖေဖေရဲ့နှလုံးကိုအပြုံးပီတိတွေနဲ့ ဖြာေ၀ပြီး ဂွမ်းဆီထိသွားသလို ခံစားရစေမယ့် ရည်မှန်းချက်လဲ။
သူ့ဖေဖေက သူ့ကိုပညာတွေအများကြီးတတ်တာ မြင်ချင်တယ်ဆိုတာ သူ့နှလုံးသားထဲကခံစားပြီး နက်နက်နဲနဲကြီး သိနေတယ်။ အဲဒီတက္ကသိုလ်ကြီးကို တက်ခွင့်ရဖို့ကလည်းမလွယ်ဘူး၊ ၀င်ခွင့်စာမေးပွဲက သိပ်ခက်ခဲတယ်။ ပိုက်ဆံလည်း အများကြီးကုန်မယ်။ ပိုက်ဆံက သူတို့သားအဖအတွက် ဘာဆိုဘာမှစကားထဲ ထည့်ပြောစရာမလိုတဲ့ ဖွတ်ကလိဒင်္ဂါးတွေပဲ။ သူ့ဖေဖေမှာ အလျှံပယ်ရှိနေတယ်။ သူမှမသုံးရင် တခြားဘယ်သူသုံးဦးမှာလဲ။
ပြီးတော့ ဒီကိစ္စကိုလုပ်တယ်ဆိုတာက ပိုက်ဆံဖြုန်းတီးတာလုံး၀မဟုတ်ဘူး။ အကျိုးအရှိဆုံး သုံးစွဲတာဖြစ်တယ်။ ပညာရွှေအိုးလူမခိုးဆိုတဲ့ စကားလေးကိုပဲကြည့်။ ပညာဆိုတဲ့ရွှေအိုးကြီး ရလာအောင် ရင်းနှီးမြှုပ်နှံတဲ့သဘော မဟုတ်လား။ ဒီကိစ္စတွေနဲ့ လုံးပန်းနေရတာနဲ့ အခုတလောသူတို့ သားအဖနှစ်ယောက် ကောင်းကောင်းမဆုံးဖြစ်ကြဘူး။
သူ့အဖေဖေကလည်း သမီးတစ်ယောက်တည်းကြိတ်ပြီး ကြိုးစားနေတဲ့ကိစ္စကို လုံး၀ရိပ်မိတဲ့ပုံ မပေါ်ဘူး။ ဖေဖေတစ်ယောက် အခုတလောအလုပ်တွေ ရေရေလည်လည်ရှုပ်နေတဲ့ပုံပဲ။ သူ့ရဲ့စီးပွားရေးကိစ္စတွေနဲ့ အိမ်ကိုနောက်ကျမှချည်း ရောက်ရောက်လာတယ်။ သားအဖနှစ်ယောက်မျက်နှာချင်းဆိုင် စကားမပြောဖြစ်တာကြာပြီပဲ။
သမီးသိတာက ဒါလောက်ပဲ။ ဖေဖေအလုပ်များနေတယ်။ အခုတလော အိမ်တောင်ကောင်းကောင်းမကပ်ဘူး။ ဒါပေမဲ့ သမီးကလည်း သူ့ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ တစ်ယောက်တည်းကြိတ်ပြီး မီးကုန်ယမ်းကုန်ကြိုးစားနေတော့ သူ့ဖေဖေ ဘာတွေဖြစ်နေတယ်ဆိုတာကို အသေးစိတ်မသိဘူးပေါ့။
တကယ်တမ်းကျတော့ သူ့ဖေဖေဟာ အကြီးအကျယ် ကံဆိုးမိုးမှောင်ကျပြီး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရချိန်ဖြစ်တယ်။ သူ့စီးပွားရေးလုပ်ငန်းတွေမှာ မမျှော်လင့်တဲ့အခက်အခဲတွေနဲ့ ကြုံရတယ်။ နူရာ၀ဲစွဲ လဲရာသူခိုးထောင်းဆိုတဲ့စကားလေးအတိုင်းပဲ။ သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေပြိုလဲနေတဲ့အချိန်မှာ သူအင်မတန် ယုံကြည်ကိုးစားတဲ့ အကျိုးတူမိတ်ဆွေတစ်ယောက်ရဲ့ ကလိမ်ကျလိမ်လည်လှည့်ဖြားခြင်းကိုလည်း ခံစားလိုက်ရတယ်။ အဲဒီအချိန်မှာ နောက်စီးပွားရေးလုပ်ငန်းတစ်ခုကို ချဲ့ထွင်ဖို့လုပ်ရင်းသူ့အိမ်ရော၊ သူပိုင်တဲ့အရာတွေအားလုံးပေါင်နှံပြီး စွန့်စားမိတဲ့အဖြစ်မျိုး ကြုံရတယ်။ ကံဆိုးမသွားရာမိုးလိုက်လို့ရွာဆိုတဲ့ စကားအတိုင်းပဲ နောက်ထပ်လုပ်မိတဲ့စွန့်စားမှုမှာ သူလုံး၀နာလန်မထူနိုင် လောက်အောင် အဆုံးအရှုံးနဲ့ ရင်ဆိုင်လိုက်ရတယ်။
ဖေဖေရဲ့ဘ၀က အမှောင်ဆုံးအချိန်၊ အဲဒီအချိန်မှာ သမီးဘ၀ရဲ့အလင်းလက်ဆုံးအချိန်နဲ့ တည့်တည့်ကြီး ရင်ဆိုင်တိုးပါလေရော။
Credit: ဒေါက်တာစိုးလွင်
Health Digest Journal
Vol: 13, No: 43, 3 - 8 - 2016
















