အသည်းကင်ဆာ စောစီးစွာတွေ့ဖို့ ကြိုးပမ်းကြစို့
အသည်းကင်ဆာဟာ ကမ်ဘာပေါ်မှာ ပဉ္စမလိုက်တဲ့ ကင်ဆာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ကင်ဆာနှင့် သေရတဲ့ သေနှုန်းမှာ တတိယလိုက်ပါတယ်။ အဓိပ္ပာယ်ကတော့ အသည်းကင်ဆာအတွက် ကုထုံးတွေက ကောင်းကောင်းမဖွ့့ံ ဖြိုးသေးဘူး။ သို့မဟုတ် ရောဂါရင့်တဲ့အခါကျမှ သိရတယ်လို့ အဓိပ္ပာယ်ရပါတယ်။ တစ်နှစ်မှာ လူခုနစ်သိန်းခန့် အသည်းကင်ဆာနှင့် သေဆုံးပါတယ်။ အသည်းရောင် အသားဝါ B ပိုး၊ C ပိုးကြောင့် အသည်းခြောက် ရောဂါဖြစ်သူ တွေရဲ့ 80 ရာခိုင်နှုန်းမှ 90 ရာခိုင်နှုန်းမှာ အသည်းကင်ဆာ ဖြစ်ကြပါတယ်။
5 Year Survival ခေါ်တဲ့ 5 နှစ်ကြာ အသက်ရှင်နိုင်သူ လေ့လာမှုအတွင်းမှာ အသည်းကင်ဆာဖြစ်သူဟာ 0-14 ရာခိုင်နှုန်းသာရှိပါတယ်။ အဓိကကတော့ အသည်းကင်ဆာရောဂါကို စောစော မရှာနိုင်လို့ဖြစ် တယ်။ ရောဂါကို စောစောသိခဲ့လျှင် ကုသရန်နည်းလမ်းတွေ 4-5 ခုလောက်ရှိပေမယ့် နောက်ကျရင် ကုစရာနည်းတွေက ရှားသွားတယ်။ ရှားရုံတင်မကဘူး။ ရှိတဲ့ဆေးတွေက မတုံ့ပြန်ဘူး။ အသည်းကင်ဆာက ပြန်ပြန်ဖြစ် တယ်။ ရှိတဲ့ အလုံးကလည်း မြန်မြန်ကြီးလာတယ်။ အသည်းမှာ သွေးကြောတွေသုံးစုံလောက်ရှိတာကြောင့် အခြားနေရာကို ပျံ့ဖို့လည်းလွယ်တယ်။
ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေထဲမှာ DNA နှင့် RNA လို့ခေါ်တဲ့ မျိုးရိုးဗီဇဆိုင်ရာ မော်လီကျူးတွေရှိတယ်။ သူတို့ဟာ ခန္ဓာကိုယ်ထဲမှာ တည်ဆောက်ရမယ့် ဆဲလ်ရဲ့ ပုံစံ၊ ဆဲလ်ရဲ့ လုပ်ငန်းနှင့် အင်ဇိုင်းအမျိုးမျိုးကို လမ်းညွှန်တဲ့ လမ်းညွှန် (Code) တွေဖြစ်ပါတယ်။ ဆဲလ်ရဲ့ အတွင်းဆုံးပိုင်း Nucleus ထဲမှာရှိတဲ့ DNA ဟာ ဗီဇအားလုံးရဲ့အခရာဖြစ်တယ်။ ဒီ DNA ကနေ နေရာအလိုက်၊ အချိန်အခါအလိုက် အပိုင်းပိုင်းကို RNA ဆိုတဲ့ မော်လီကျူးက ကူးယူတယ်။ ကူးယူပြီးတော့ ဆဲလ်အတွင်း Nucleus ရဲ့ အပြင်ပိုင်းမှာ လိုအပ်တဲ့ Protein တွေ၊ Enzymes တွေကို ဒီ Code အရ တည်ဆောက်တယ်။ DNA, RNA တွေမှာ Coding အပိုင်းနဲ့ Noncoding အပိုင်းဆိုပြီးရှိတယ်။ Coding အပိုင်းတွေကို သုံးပြီး Messenger RNA, Ribosomal RNA, Transter RNA ဆိုတဲ့ RNA သုံးမျိုးက Protein တည်ဆောက်မှုကို လုပ်တယ်။ ဒီ RNA တွေဟာ အခြေခံယူနစ် Nucleotides ပေါင်းများစွာနဲ့ ဖွဲ့စည်းထားတယ်။ ဒါပေမယ့် အသည်းရဲ့ ဆဲလ်အတွင်းမှာ Protein တို့၊ Enzyme တို့ကို တည်ဆောက်ရာလည်းမရပါ၊ ဖွဲ့စည်းပုံအားဖြင့်လည်း Nucleotide 20၊ 25 ခု လောက်သာရှိတဲ့ RNA အတိုအစတွေ တွေ့တယ်။ ဒါတွေကို Micro-RNA (MiRNA) လို့ခေါ်တယ်။ အစက သူတို့ရဲ့ လုပ်ငန်းတွေကို အတိအကျမသိပေမယ့် သူတို့ဟာ “Gene Expression” ခေါ်တဲ့ DNA ကနေ၊ Messenger RNA (MRNA) ကူးယူမှု၊ MRNA ကနေ အဆင့်ဆင့် Protein, Enzyme တည်ဆောက်မှုတွေကို ထိန်းညှိပေးတဲ့ RNA တွေဖြစ်မှန်းသိလာရတယ်။ MRNA တစ်ခုဟာ Gene ပေါင်းမြောက်မြားစွာရဲ့ လုပ်ငန်းကို ထိန်းညှိပေးနိုင်တယ်။ Gene အားလုံးရဲ့ လုပ်ငန်းသုံးပုံတစ်ပုံကို ဒီ MiRNA က ထိန်းညှိပေးတယ်။ ယခုလက်ရှိ MiRNA ပေါင်း 1870 တွေ့ရှိပြီး ဖြစ်တယ်။
MiRNA တွေရဲ့ လုပ်ငန်းဟာ ဆဲလ်တွေရဲ့ အခြေခံလုပ်ငန်းကိုလုပ်တယ်။ သနေ္ဓသားလောင်းရဲ့ အဆင့်ဆင့် ဖွ့ံဖြိုးမှု၊ ဆဲလ်ပွားခြင်း၊ ဆဲလ်ပွားရာတွင် ပါ၀င်မှု၊ ဆဲလ်အမျိုးအမျိုးအဖြစ် ကွဲပြားအောင် ဖန်တီးရာတွင် ပါ၀င်မှု (Differentation)၊ မလိုအပ်သော ဆဲလ်များ စနစ်တကျသေဆုံးပျက်စီးမှု (Apoptosis)၊ ဇီ၀ဖြစ်စဉ်နှင့် ကင်ဆာဆဲလ် များအဖြစ်ပြောင်းလဲမှု၊ ကင်ဆာဆဲလ်များ ပျံ့နှံ့မှုတွင်ပါ၀င်ကြပါတယ်။
MiRNA ၏ လုပ်ငန်းမှားယွင်းပါက ကင်ဆာဖြစ်ပေါ်လာနိုင်ပါတယ်။ ကင်ဆာဖြစ်ပေါ်လာခြငး်နှင့် ကင်ဆာများ ကြီးထွားလာမှုတွင် MiRNA ပါ၀င်ကြောင်း အတိအကျ သက်သေပြနိုင်ခဲ့ပါတယ်။ အသည်းကင်ဆာမှာလည်း MiRNA အမျိုးမျိုး၏ လုပ်ငန်းမှားယွင်းမှုမှ ပေါ်ပေါက်လာရပါတယ်။ အသည်းကင်ဆာအများစုမှာ အသည်းခြောက်ရောဂါတွင် ထပ်ဆင့်ဖြစ်သော ရောဂါဖြစ်ပါတယ်။ နာတာရှည်အသည်းရောင်ရောဂါနှင့် အသည်းခြောက်ရောဂါဖြစ်စေသော အကြောင်းရင်း အမျိုးမျိုးတွင် အသည်းရောင် B ပိုးနှင့် အသည်းရောင် C ပိုးက အဓိကအခန်းမှာပါ၀င်ပါတယ်။ အသည်းအဆီဖုံးရောဂါသည်လည်း အသည်းခြောက်ရောဂါဖြစ်စေပါတယ်။
သွေးစစ်ချက် Alpha-Fetoprotein (AFP) ကို အသည်းကင်ဆာရှိ၊ မရှိ သိရန် အထောက်အကူစစ်ဆေးချက် အဖြစ်အသုံးပြုသော်လည်း အမြဲတမ်း တိကျသည့် အဖြေမရပါ။ အသည်းကင်ဆာ စောနေသည့်အချိန်တွင် အသုံး မတည့်ဖြစ်နေပါတယ်။ ဒါ့ကြောင့် MiRNA ကို အသည်းကင်ဆာ ရှာဖွေမှုမှာ အသုံးချရ၊ မရ လေ့လာကြပါတယ်။ MiRNA မြောက်များစွာသည် အသည်းကင်ဆာနှင့် ဆက်စပ်မှုရှိသော်လည်း အသည်းရောင် B ပိုး ရှိသူများတွင် ဖြစ်သော အသည်းကင်ဆာတွင် Let-78, MiR-375 နှင့် MiR-25 တို့သည် မြင့်တက်နေပြီး အသည်းကင်ဆာ မရှိသူတွင် မမြင့်တက်ကြောင်းတွေ့ရပါတယ်။ နောက်ဆက်လက်တွေ့ရှိသည်မှာ MiRNA ခုနစ်မျိုးသည် အသည်းကင်ဆာတွင် မြင့်တက်နေပြီး၊ အသည်းရောင်၊ အသည်းခြောက်နှင့် ပုံမှန်အသည်းတို့တွင် မြင့်တက်ခြင်းမရှိသည်ကို တွေ့ရပါတယ်။ MiRNA ခုနစ်မျိုးမှာ MiR-21, MiR-269, MiR-27 , MiR-122, MiR-192, MiR-223 နှင့် MiR-801 တို့ဖြစ်ပါတယ်။ မကြာမီသော ကာလတွင် အသည်းကင်ဆာကို သွေးဖောက်ပြီး MiRNA စစ်ရုံမျှဖြင့် စောစီးစွာ တွေ့နိုင်မည့်ခေတ်ကို မျှော်မှန်းနေကြပါတယ်။
Credit; ပါမောက္ခဒေါက်တာသံစစ်
Health Digest Journal
Vol. 13, No. 5, 28-10-2015
















