ဦးနှောက်ခွဲစိတ်ဆရာ၀န်၏ ဆေးလက်တွေ့သုတေသန (အပိုင်း - 3)
ဒေါက်တာမွိုင်ဇီလာက ဥရောပါတိုက်၊ အမ်စတာဒန်မြို့မှာ ဦးနှောက်အာရုံကြောခွဲစိတ်ပညာကို 1970 ပြည့်လွန်နှစ်များဆီက သင်ယူခဲ့တာပါ။ ဦးနှောက်ခွဲစိတ်ဆရာ၀န်တစ်ဦးအဖြစ် သူအောင်မြင်လာခဲ့ရခြင်း လျှို့၀ှက်ချက်က သီအိုရီတွေကို ပိုင်နေလို့ဆိုတာထက် လူနာကို လက်တွေ့ကျကျဂရုတစိုက်ခွဲစိတ်ကြည့်ရှုပေးလို့ဟု ဆိုရမည်။ အမ်စတာဒန်မှာ ရှိနေစဉ်က ဦးနှောက်တွင်းသွေးကြောဖောင်းရောဂါ (Aneurysms) အတော်များများကို ခွဲစိတ်ခဲ့သည်။ ဦးနှောက်ခွဲစိတ်ကုပညာမှာ သွေးကြောဖောင်းခွဲစိတ်ခြင်းက တကယ့်အနှစ်သာရပါပဲ။
ဦးနှောက်သွေးကြောဖောင်းလူနာတွေကို မခွဲစိတ်ခင်မှာ Amicar အမည်ရ ဆေးတစ်ဖုံတိုက်ကျေွးလေ့ရှိသည်။ ထိုဆေး၏ အာနိသင်က သွေးကြောတွေဖောင်းပြီး ပေါက်ထွက်မသွားအောင် သွေးများကို ခဲနေစေဖို့ အားပေးသည့် ဆေးဖြစ်သည်။ ထိုဆေးကို ဒေါက်တာမွိုင်ဇီလာဦးဆောင်ပြီး သုတေသနပြုလုပ်ခဲ့သည်။ ထိုသုတေသန၏ ရလဒ်က 1981 ခုနှစ်၊ သူအမေရိကကို ပြောင်းမလာခင်ကလေးမှာ အဖြေထွက်လာသည်။ Amicar ကို သောက်သုံးကြရသည့် ဦးနှောက်တွင်းသွေးကြောဖောင်းလူနာများမှာ သွေးကြောပေါက်ထွက်မှု အလွန်နည်းတာကိုတွေ့ရသည်။ သို့ပေမယ့် Amicar မသောက်ကြရသူများနှင့် နှိုင်းယှဉ်ကြည့် သည့်အခါ သေဆုံးမှုပမာဏ၊ အချိုးအဆက အတူတူပဲဆိုတာတွေ့ရသည်။ Amicar သောက်သူများမှာ သွေးကြောပိတ် အန္တရာယ်ကျဆင်းသွားတာတော့မှန်သည်။ ဒါပေမယ့် သွေးကြောပိတ်ဆို့ပြီး ကွယ်လွန်ရသူဦးရေများလာသည်။ သည်တော့ အဖြေက Amicar သည် သွေးကြောမပေါက်အောင် ကာကွယ်နိုင်တာတော့မှန်သည်။ ဒါပေမယ့် သွေးကြောပိတ်ပြီးလေဖြတ်မှု နှုန်းများစေသည်ဟု အဖြေထွက်သည်။
အမေရိကန်ရှိ ဗာဂျီးနီးယားဓနသဟာရဆေးတက္ကသိုလ် (VCU) မှာလည်း ဒေါက်တာမွိုင်ဇီလာက ဦးခေါင်းထိခိုက်ဒဏ်ရာ ရသူများအတွက်နောက်ထပ်လက်တွေ့သုတေသနတစ်ခု ထပ်မံပြုလုပ်သည်။ ဦးခေါင်းထိခိုက်ဒဏ်ရာရထားသည့် သူများမှာ ဦးနှောက်တွင်းသွေးလှည့်ပတ်မှုကို ထိန်းကျောင်းနိုင်စွမ်းမရှိတော့ဟု အစဉ်အလာအရ လက်ခံထားကြသည်။ ဦးနှောက်တွင်း သွေးလှည့်ပတ်မှုမမှန်သဖြင့်လည်း ဦးနှောက်တွင်း သွေးဖိအားတက်လာသည်။ ICP တက်လာသည်ဟု ဆိုကြသည်။ ဒေါက်တာ မွိုင်ဇီလာ တွေ့ရှိချက်ကတော့ တစ်မျိုး။ ဦးနှောက်ထိခိုက်ဒဏ်ရာရသူတွေမှာ ဦးနှောက်တွင်း သွေးလှည့်ပတ်မှုသည် ပုံမှန်အတိုင်း ရှိနေသည်ဟုတွေ့သည်။ ဦးနှောက်တွင်းသွေးလှည့်ပတ်မှုများလာရင် တချို့လူနာတွေ ရုတ်ခြည်းတိုးတက်ကောင်းမွန်လာသည် ဟု ဆိုလာသည်။
ဦးနှောက်တွင်း သွေးဖိအားကို ကျစေချင်ရင် အသက်ပြင်းပြင်းရှူ (Hyperventilation) ရသည်ဟု အဆိုရှိသည်။ ဦးနှောက်တွင်း ဖိအားများလာလို့ ခေါင်းကိုက်နေသူများမှာ အသက်ပြင်းပြင်းရှူစေ လိုက်လျှင် ခေါင်းကိုက်သက်သာသည်ဟု ဆေးကျမ်းများမှာဆိုခဲ့သည်။ ထိုသီအိုရီကို ဒေါက်တာမွိုင်ဇီလာက လက်တွေ့စမ်းသပ်ချက်တစ်ခုလုပ်ခဲ့ဖူးသည်။ ထိုသုတေသန ကို 1991 ခုနှစ် Neurosurgery ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့သည်။ ယခင်ဆေးကျမ်းများမှာ အစဉ်အဆက်ရေးခဲ့ခြင်းများသည် ဒေါက်တာမွိုင်ဇီလာ၏ လက်တွေ့သုတေသန (RCT) အရ မှားနေကြောင်း သက်သေပြနိုင်ခဲ့သည်။ ဦးခေါင်းထိခိုက်လူနာများမှာ Hyperventilation နည်းလမ်းကို ယခုနောက်ပိုင်းမှာ အသုံးမပြုကြတော့ပြီ။
သည်လိုနှင့် ဒေါက်တာမွိုင်ဇီလာသည် သီအိုရီထက် လက်တွေ့လုပ်ဆောင်ချက်ကို အားသာသူဖြစ်လာခဲ့သည်။ ဦးနှောက်အာရုံကြောခွဲစိတ်ပညာဆိုတာမျိုးကလည်း လက်တွေ့အလွန်ဆန်သည့် ဆေးပညာရပ်တစ်ခုပါ။ မီလီမီတာအနည်းငယ် မျှအတိမ်းအစောင်းရှိသွားတာနှင့် ဦးနှောက်ခွဲစိတ်မှုရလဒ်က လုံး၀ပြောင်းပြန်ဖြစ်သွားနိုင်သည်။ အကောင်းနှင့်အဆိုး၊ အောင်မြင် မှုနှင့် ဆုံးရှုံးမှုက မီလီမီတာအနည်းငယ်မျှသာ ေ၀းကွာသည့် ပညာရပ်တစ်ခုပါ။ ဗာဂျီးနီးယားဓနသဟာရဆေးတက္ကသိုလ်မှာ ဆယ်နှစ်ခန့်ကြာပြီးနောက် ဒေါက်တာမွိုင်ဇီလာ ထိုဌာနမှာ ပါမောက္ခဖြစ်လာသည်။ 1997 ခုနှစ်မှာတော့ ကယ်လီဖိုးနီးယား တက္ကသိုလ်၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ဌာနသို့ ပြောင်းရွှေ့လာခဲ့သည်။
2004 ခုနှစ်မှစပြီး မွိုင်ဇီလာနှင့် သူ့တပည့် ဒေါက်တာရူးဒေါ့ရှရွတ်တို့သည် ဦးနှောက်အကျိတ်ကင်ဆာ သုတေသနများ အတွက် စတင်ပြင်ဆင်လာခဲ့ကြသည်။ ဒေါက်တာရှရွတ်က ထိုအချိန်မှာ အသက် 36 နှစ်ရှိပြီ။ Neurosurgery ဆေးပညာဂျာနယ်မှာ ဦးနှောက်အကျိတ်နှင့် ဗက်တီးရီးယားပိုး ဆက်စပ်မှုအကြောင်းဖော်ပြ ထားတာတွေ့ရတော့ ဒေါက်တာမွိုင်ဇီလာ အလွန်စိတ်၀င်စားသွားသည်။ ထိုအချိန်မှာ သူ့လက်ထဲ၌ ဦးနှောက်အကျိတ်ဖြင့် 21 နှစ်တာအသက်ရှိနေသော လူနာတစ်ယောက်ရှိနေသည်။ ထိုလူနာ၏ တစ်ခေါင်းလုံးမှာလည်း ဓာတ်ရောင်ခြည်ဒဏ်ရာများဖြင့် မွနေပြီ။ မှတ်ဉာဏ်လည်း မကောင်းတော့။ အလုပ်လည်း မလုပ်နိုင်။ ထူးခြားချက်က ထိုလူနာဆီမှာ ဦးနှောက်အကျိတ်လက္ခဏာလုံး၀မရှိတော့။
2008 ခုနှစ် နွေဦးမှာ ဒေါက်တာမွိုင်ဇီလာတို့ ဆရာတပည့်နှစ်ယောက်အတွက် GBM ဦးနှောက် အကျိတ်လူနာ တစ်ယောက်ရသည်။ အသက် 7 နှစ်အရွယ်ကောင်လေးဖြစ်ပါသည်။ မိဘနှစ်ပါးကို သူတို့၏ သေလုမျောပါးအနေအထားရောက်နေသည့် သားငယ်လေးအတွက် နောက်ဆုံးကောက်ရိုးတစ်မျှင်ဖြစ်သော ယခုခွဲစိတ်မှုကို ကြိုးပမ်းသင့်ကြောင်းတိုက်တွန်းသည်။ ခွဲစိတ်ကုသမှုအကြမ်းဖျင်းပုံစံက အရှင်းဆုံးပြောရမည်ဆိုရင် ဦးခေါင်းခွံကိုဖွင့်ပြီး အကျိတ်ရှိသည့်နေရာကို ဗက်တီးရီးယားပိုးတွေ ထည့်သွင်းပေးလိုက်တာပါ။
ဒေါက်တာမွိုင်ဇီလာက သူ့တပည့် ဒေါက်တာရှရွတ်ကို ဆေးရုံ၏ ဇီ၀ကျင့်၀တ်အတိုင်းပင်ခံကော်မတီကို ယခုပြုလုပ်မည့် ခွဲစိတ်မှုအတွက် မူကြမ်းတင်စေသည်။ ခွဲစိတ်မှုတစ်ခုပြုလုပ်တော့မည်ဆိုတိုင်း လူနာ၏ခွင့်ပြုချက်ရယူဖို့လိုသည်။ အခုခွဲစိတ်ခံ ရမည့် ကလေးကအသက် 7 နှစ်ဆိုတော့ မိဘနှစ်ပါးဖြစ်သူကပဲ ခွဲစိတ်ကုသမှုကို လက်ခံပါမည့်အကြောင်း လက်မှတ်ရေးထိုး ပေးကြသည်။ 2008 ခုနှစ်၊ မေ 6 ရက် ဇီ၀ကျင့်၀တ်အတိုင်ပင်ခံကော်မတီမှ ယခုကိစ္စကို ဆေးရုံ၏ဌာနဆိုင်ရာလေ့လာရေးဘုတ် အဖွဲ့ (IRB) သို့ တင်ပြဆွေးနွေးရန် ဆုံးဖြတ်လိုက်ကြသည်။
ဘယ်လိုဆေးဝါးပဲသုံးသုံး၊ ဘယ်လိုဆေးပစ္စည်းကိုပဲ သွင်းသွင်း FDA ဌာန၏ ဆုံးဖြတ်ချက်ကို ယူရသည်။ နိုင်ငံတိုင်းမှာ FDA ရှိနေသည်။ အစားအစာနှင့် ဆေးဝါးထိန်းချုပ်ရေးဌာန ဟုပဲဆိုကြပါတော့။ ဒေါက်တာရှရွတ်က FDA မှ ကလေးသူငယ်ဆိုင်ရာ ကင်ဆာဆရာ၀န်နှင့် ကလေးသူငယ်ကျင့်၀တ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူဒေါက်တာ ရောဘတ်နယ်လ်ဆင်ထံ အီးမေးလ်ပို့ပြီးမေးသည်။ နယ်လ်ဆင်က အမြန်ပြန်ဖြေပါသည်။ “ဆရာတို့လက်ထဲမှာ Enterobacter ဗက်တီးရီးယား အလွယ်တကူရနိုင်တယ်ဆိုရင်တော့ ဆရာတို့ ခွဲစိတ်မှုကိုသုတေသန (Research) ဆိုတာထက် စမ်းသပ်တီထွင်ခွဲစိတ်မှု (Innovative) လို့ အမည်ပေးလိုက်တာ ပိုကောင်းတယ် ဆရာ။”
Credit: ဒေါက်တာလွှမ်းမိုးဟန်
Health Digest Journal
Vol: 13, No: 29, 27-4-2016
















