သက်ကြီးရွယ်အိုများတွင် လဲကျခြင်းကိုကာကွယ်ရန် နည်းလမ်းများ
ငယ်ရွယ်သူများတွင်ချော်လဲပါက အနည်းငယ်နာကျင်ရုံနှင့် အညိုအမည်းစွဲရုံသာဖြစ်နိုင်သော်လည်း သက်ကြီးရွယ်အိုများတွင်မူ အရိုးကျိုးခြင်းနှင့် ကိုယ်လက်မလှုပ်ရှားနိုင်ခြင်း စသည့်တို့အထိဖြစ်နိုင်ပါသည်။ လဲကျရခြင်းအကြောင်းရင်းများစွာရှိပြီး ၎င်းတို့ကိုသေချာစွာနားလည်ပါက ဘိုးဘွားများအားလဲကျခြင်းအန္တရာယ်မှ ကာကွယ်ပေးနိုင်ပါသည်။
ဖြစ်ပွားရသည့်အကြောင်းအရင်းများ
========
အသက်အရွယ်ကြောင့် ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများသည် လဲကျရခြင်း၏ အဓိကအကြောင်းအရင်းဖြစ်ပြီး ၎င်းတို့မှာ -
- အဆစ်အမြစ်များရောင်ရမ်းခြင်း
- ခန္ဓာကိုယ်ကို တည့်မတ်အောင်မထိန်းနိုင်ခြင်း
- နှလုံးခုန်နှုန်းမမှန်ခြင်း
- အမြင်အာရုံချို့တဲ့ခြင်း
- တုံ့ပြန်မှုနှေးကွေးခြင်း
- ဆီးနှင့်၀မ်းလုပ်ငန်းဆောင်တာများပုံမှန်မဟုတ်ခြင်း
- ကြွက်သားများအားနည်းလာခြင်း
ထို့ပြင် မူးေ၀ခြင်း၊ စိတ်မကြည်လင်ခြင်းနှင့် တုန့်ပြန်မှုနှေးကွေးခြင်း စသည်တို့ကိုဖြစ်စေနိုင်သော ဆေးဝါးများသောက်သုံးခြင်းကလည်း လဲကျစေခြင်း၏ အခြားအကြောင်းအရင်းတစ်ရပ်ဖြစ်ပါသည်။ ၎င်းဆေးဝါးများတွင် သွေးတိုးကျဆေး၊ နှလုံးဆေး၊ အိပ်ဆေး၊ ဆီးရွှင်ဆေးနှင့်ကြွက်သားပြေလျော့ဆေး စသည်တို့ပါ၀င်ပါသည်။ သို့သော် ဆရာ၀န်၏ညွှန်ကြားချက်မပါဘဲနှင့် ၎င်းဆေးဝါးများ သောက်သုံးခြင်းကိုမူ မရပ်တန့်သင့်ပေ။
Dr. Thinzar Wynn















