သွေးတိုးရင် ဒါတွေလုပ်ပါ
1. အငန်လျှော့စားပါ
စားနေတဲ့အစားအစာထဲမှ အငန်ဓါတ်ပါ၀င်မှု (ဆိုဒီယမ်) အားလုံးကိုလျော့ချလိုက် ပါ။ ယေဘုယျအားဖြင့် တနေ့လျှင် ဆိုဒီယမ်ပမာဏ 2,300 မီလီဂရမ်အထိ စားသုံးနိုင်သော်လည်း သွေးတိုးရောဂါ ရှိသူတွေအနေနဲ့ ဒီထက်လျှော့စားသင့်ပါတယ်။
2. ကျန်းမာသောကိုယ်အလေးချိန် ထိန်းထားပါ
အ၀လွန်နေသူများအနေနဲ့ ကိုယ်အလေးချိန် 10 ပေါင်ခန့် ကျသွားအောင်ပြုလုပ်ခြင်း ကလည်း သွေးပေါင်ချိန်ကျဆင်းအောင် စွမ်းဆောင်နိုင်ပါတယ်။ အ၀လွန်ခြင်းဟာ သွေးတိုးရောဂါနဲ့သာမက ဆီးချိုရောဂါ၊ နှလုံးရောဂါတွေနဲ့ ဆက်စပ်နေတာကြောင့် ကျန်းမာတဲ့ကိုယ်အလေးချိန်ကိုထိန်းထားနိုင် ပါက သွေးတိုးရောဂါနှင့် နှလုံးရောဂါဖြစ်နိုင်ဖို့ အခွင့်အလမ်းနည်းပါးသွားပါတယ်။
3. လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ
သွေးပေါင်ချိန်ကိုထိန်းညှိပေးနိုင်တဲ့ အကောင်းဆုံးသောနည်းလမ်းတွေထဲမှာ လေ့ကျင့်ခန်း လုပ်တာလည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်တာကြောင့် စိတ်ဖိစီးမှုကင်းေ၀းပြီး ကျန်းမာလှပတဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်နိုင်တဲ့ အကျိုးကျေးဇူးတွေကိုပါ ခံစားရမှာဖြစ်ပါတယ်။
4. သင့်တင့်တဲ့ အရက်ပမာဏကိုသာ သောက်သုံးပါ
အရက်အသင့်အတင့်သောက်သုံးခြင်းက ကျန်းမာရေးကိုမထိခိုက်စေသလို နှလုံး ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်။ ဒါပေမဲ့ အလွန်အကျွံသောက်သုံးမယ် ဆိုရင်တော့ ကျန်းမာရေးထိခိုက်မှာအသေအချာပါဘဲ။ ကျန်းမာရေးရှုထောင့်အရ အမျိုးသမီးများသည်တနေ့လျှင် ဘီယာ 12 အောင်စသို့ ၀ိုင် 5 အောင်စ သို့အရက် 1.5 အောင်စအထိ သောက်သုံးနိုင်ပါတယ်။ အမျိုးသားများကတော့ ၎င်းပမာဏရဲ့ 2 ဆ ကိုသောက်သုံးနိုင်ပါတယ်။
5. ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်သောက်တဲ့သူတွေဟာ သွေးကြောထူခြင်း (Atherosclerosis) ကိုခံစားရပါ တယ်။ သွေးကြောတွေဟာပုံမှန်အားဖြင့် ပျော့ပျောင်းပြီးကျုံ့နိုင်၊ ဆန့်နိုင်တဲ့ အာနိသင်ရှိပါတယ်။ ဆေးလိပ်သောက် သုံးခြင်းက သွေးကြောနံရံတွေကို မာကျောစေပြီး သွေးပေါင်ချိန်မြင့်မားစေပါတယ်။ ဒါကြောင့် ဆေးလိပ်လည်းသောက်တတ်တယ်၊ သွေးတိုးရောဂါလည်း ရှိနေတယ်ဆိုရင် ဆေးလိပ်ဖြတ်ဖို့ အကြံပြုလိုပါတယ်။
6. သွေးပေါင်ချိန်ကို ပုံမှန်တိုင်းတာပါ
သွေးတိုးရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးများကို ပြင်းပြင်းထန်ထန်မခံစားရအောင် သွေးပေါင် ချိန်ကို အမြဲတိုင်းတာပြီး သင့်လျှော်တဲ့ပမာဏကို ထိန်းညှိနိုင်အောင်ကြိုးစားပါ။ ဆရာ၀န်နဲ့တွေ့မှ သွေးပေါင်ချိန်မယ့် အစား သွေးပေါင်ချိန်တိုင်း ကိရိယာ၀ယ်ထားပြီး အိမ်မှာတိုင်းတာပါ။
7. စိတ်ဖိစီးမှုကို အနိုင်ယူပါ
စိတ်ဖိိစီးမှုကြောင့် သွေးပေါင်ချိန်တက်တယ်လို့ တထစ်ချပြောလို့မရပေမဲ့ စိတ်ပင်ပန်းလာတဲ့အခါမှာ လူတွေက အစားပိုစားခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း စတဲ့သွေးပေါင်ချိန်တက်စေတဲ့ အပြုအမူများကို ပြုလုပ်လာကြပါတယ်။ ဒါကြောင့် စိတ်ပင်ပန်းနွမ်းနယ်နေပါက ယောဂကျင့်တာပဲဖြစ်စေ လေ့ကျင့်ခန်း လုပ်တာပဲဖြစ်စေ တခုခုကိုလုပ်ဆောင်လိုက်ပါ။ တရားထိုင်ခြင်း၊ တိုက်ချိကစားခြင်းတို့ကလည်း စိတ်နှလုံးကိုတည်ငြိမ်စေပြီး အကောင်းမြင်စိတ်ကို တိုးပွားစေပါတယ်။
8. သွေးပေါင်ထိန်းဆေးအမြဲမှီ၀ဲပါ
လူတော်တော်များက သွေးပေါင်ထိန်းဆေးကို သွေးတိုးနေမှသာ သောက်လေ့ရှိပါတယ်။ မှားယွင်းတဲ့ အပြုအမှုတစ်ခုဖြစ်ပါတယ်။ ဆရာ၀န်ညွှန်ကြားတဲ့ သွေးပေါင်ထိန်းဆေးကို အမြဲသောက်သုံးမှသာ သင့်တင့်တဲ့သွေးပေါင်ချိန်ကို ထိန်းထားနိုင်မှာဖြစ်ပါတယ်။
Dr. Htet Htet Aung
















