/
news/သက်ကြီးပိုင်းနှင့်ကျန်းမာရေး/ဆီးချိုဝေဒနာရှင်များ-သွေးတွင်းအချိုဓာတ်မနည်းအောင်-ဂရုစိုက်ပါ

ဆီးချိုဝေဒနာရှင်များ သွေးတွင်းအချိုဓာတ်မနည်းအောင် ဂရုစိုက်ပါ

Category
သက်ကြီးပိုင်းနှင့်ကျန်းမာရေး

သွေးတွင်းအချိုဓာတ်နည်းခြင်းဟာ ဆီးချိုသွေးချိုရောဂါရှိသူတွေမှာ အဖြစ်များတဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။ သွေးတွင်းအချိုဓာတ်စစ်ကြည့်လိုက်လို့ 70 mg/dl (သို့) 3.9 mmol/L အောက်ဆို အချိုဓာတ်နည်းနေပြီလို့ သတ်မှတ်ပါတယ်။ သွေးတွင်းအချိုဓာတ်နည်းတဲ့အခါ ခြေ၊ လက်တုန်ခြင်း၊ ရင်တုန်ခြင်း၊ အလွန်အမင်း ဗိုက်ဆာခြင်း၊ ချွေးစေးပြန်ခြင်း၊ အာရုံမစိုက်နိုင်ခြင်း၊ ခေါင်းမူးခြင်း အစရှိတဲ့ လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလက္ခဏာတွေ ခံစားရတဲ့အခါ ချက်ချင်းဆိုသလို ကုသမှုခံယူသင့်ပါတယ်။ တကယ်လို့ ကုသမှုမခံယူဘူးဆိုရင် သွေးတွင်းအချိုဓာတ်နည်းတာ ပိုဆိုးလာပြီး အန္တရာယ်ရှိတဲ့အထိ ဖြစ်လာနိုင်ပါတယ်။

Diabetone 1

ဒီတော့ သွေးတွင်းအချိုဓာတ်နည်းတဲ့အခါ ဘယ်လိုကုသမှုတွေကို ခံယူကြမလဲ။ နည်းလမ်းကတော့ လွယ်ကူရိုးရှင်းပါတယ်။ ဖော်ပြခဲ့တဲ့လက္ခဏာတွေ ဖြစ်လာတဲ့အခါ သွေးချိုတိုင်းစက်လေးနဲ့ သွေးတွင်းအချိုဓာတ်ကို စစ်ဆေးကြည့်လိုက်ပါ။ 70 mg/dl အောက်နည်းနေရင်တော့ ၁၅-၁၅ လမ်းညွှန်ချက်ကို လိုက်နာပြီး လိုအပ်တာတွေကို လုပ်ဆောင်ပေးပါ။ ၁၅-၁၅ လမ်းညွှန်ချက်ဆိုတာကတော့ -

●   သွေးတွင်းအချိုဓာတ်ကို မြန်မြန်တက်စေတဲ့ ကာဗိုဟိုက်ဒရိတ်ပါဝင်တဲ့ အစားအသောက် ၁၅ ဂရမ်ကို စားသောက်ပြီး ၁၅ မိနစ် စောင့်ကြည့်ပါ။ ဘယ်လိုအစားအသောက်တွေလဲဆိုတော့ အစိပ်သေးသေးလှီးထားတဲ့ အသီးအနှံ (ငှက်ပျောသီးတစ်ခြမ်း) ၊ အချိုရည် လေးအောင်စ၊ ပျားရည်နဲ့သကြား တစ်ဇွန်း စတာတွေပဲ ဖြစ်ပါတယ်။

●   ၁၅ မိနစ်နေရင် သွေးတွင်းအချိုဓာတ်ကို ပြန်လည်စစ်ဆေးကြည့်ပါ။ နည်းနေသေးရင် နောက်ထပ် ၁၅ ဂရမ် စားသောက်ပေးပါ။

●   ဒီပုံစံအတိုင်း သွေးတွင်းအချိုဓာတ် 70 mg/dl မရောက်မချင်း ထပ်ခါထပ်ခါ ပြုလုပ်ပေးပါ။

Diabetone 2

ဆီးချိုသွေးချိုရောဂါရှိသူတွေအနေနဲ့ သွေးတွင်းအချိုဓာတ်နည်းတဲ့အခါ ၁၅-၁၅ လမ်းညွှန်ချက်အတိုင်း ကုသမှုခံယူသင့်သလို သွေးတွင်းအချိုဓာတ်နည်းခြင်း မရှိအောင်လို့လည်း ကာကွယ်သင့်ပါတယ်။ ဒါကြောင့် မကြာခဏဆိုသလို သွေးတွင်းအချိုဓာတ်နည်းတာမျိုး မဖြစ်စေဖို့အတွက်

●   ဆေးဝါးများကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း တိတိကျကျ သုံးစွဲပေးပါ။

●   အစားအသောက်နဲ့ လေ့ကျင့်ခန်းလုပ်ရာမှာလည်း ဆရာဝန်ရဲ့ ညွှန်ကြားချက်ကို လိုက်နာပေးပါ။

●   သွေးတွင်းအချိုဓာတ်ကို ပုံမှန်စစ်ဆေးပေးပါ။

www.drmyanmar.com