/
news/သက်ကြီးပိုင်းနှင့်ကျန်းမာရေး/အသက်-60-ကျော်အရွယ်တွင်-ကျန်းမာနေစေရန်-လေ့ကျင့်ခန်းမှန်မှန်လုပ်သင့်

အသက် 60 ကျော်အရွယ်တွင် ကျန်းမာနေစေရန် လေ့ကျင့်ခန်းမှန်မှန်လုပ်သင့်

Category
သက်ကြီးပိုင်းနှင့်ကျန်းမာရေး

        အသက် 60 ကျော်လူကြီးများအနေနဲ့ ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ခြင်းဖြင့် အသက်အရွယ်ကြီးရင့်ခြင်းကြောင့်ဖြစ်တဲ့ လှုပ်ရှားမှုဆိုင်ရာအခက်အခဲများမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်လို့ လေ့လာမှုတစ်ခုမှာဖော်ပြထားပါတယ်။ ချီကာဂိုရှိ Rush University Medical Center မှ ပါမောက္ခ Debra Fleishman ဦးဆောင်တဲ့အဖွဲ့ဟာ အသက် 60 မှ 96 အရွယ်ရှိ လူကြီး 167 ယောက်ပါ၀င်တဲ့ လေ့လာမှုတစ်ခုပြုလုပ်ခဲ့ကြပါတယ်။ ထိုလေ့လာမှုတွင် လူကြီး 187 ယောက်ရဲ့ ကိုယ်လက်လှုပ်ရှားမှုများကို 11 ရက်ကျော်ကြာအောင် တိုင်းတာခြင်း၊ ဦးနှောက်ကို Scan ဖတ်၍ စစ်ဆေးခြင်းတို့ ပါ၀င်ပါတယ်။ ထို့နောက် Scan ဖတ်ထားတဲ့ရလဒ်များမှတဆင့် ဦးနှောက်သွေးကြောဆိုင်ရာ ရောဂါလက္ခဏာများ (ဥပမာ- လှုပ်ရှားမှုပိုင်းဆိုင်ရာ ပြဿနာများ၊ အယ်ဇိုင်းမားရောဂါ လက္ခဏာ) ရှိ၊ မရှိစစ်ဆေးခဲ့ကြပါတယ်။

        စစ်ဆေးမှုရလဒ်များအရ ကိုယ်လက်လှုပ်ရှားမှု အများဆုံးပြုလုပ်သူတွေမှာ အသက်အရွယ်ကြောင့် ဦးနှောက်သွေးကြောဆိုင်ရာရောဂါ လက္ခဏာများတွေ့ရပေမယ့် လှုပ်ရှားမှုဆိုင်ရာပြဿနာတွေမရှိတာကိုတွေ့ရပြီး ကိုယ်လက်လှုပ်ရှားမှု အသ့င်အတင့်ပြုလုပ်သူတွေမှာ အသက်အရွယ်ကြီးရင့်ခြင်းကြောင့်ဖြစ်တဲ့ ဦးနှောက်ပိုင်းဆိုင်ရာရောဂါ လက္ခဏာတွေ တွေ့ရသလို လှုပ်ရှားမှုဆိုင်ရာပြဿနာအနည်းငယ် ရှိတာကို တွေ့ရပါတယ်။ ကိုယ်လက်လှုပ်ရှားမှုလုံး၀မရှိသူတွေကတော့ အယ်ဇိုင်းမားရောဂါစတဲ့ရောဂါများအပြင် လမ်းလျှောက်ခြင်း၊ လှေကားတက်ခြင်းစတဲ့လှုပ်ရှားမှု များပြုလုပ်ရာမှာ ကြီးမားတဲ့အခက်အခဲတွေနဲ့ ရင်ဆိုင်ရတယ်လို့သိရပါတယ်။ ဒါပေမဲ့ ဒီလေ့လာမှုက လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ခြင်းနဲ့ ဦးနှောက်ကျန်းမာရေးတို့ ဆက်စပ်မှုရှိတာကိုသာ ဖော်ပြတာဖြစ်ပြီး စူးစမ်းလေ့လာမှုတွေ ထပ်မံပြုလုပ်ရန် လိုအပ်နေသေးတယ်လို့ Dr. Fleischman က ဆိုပါတယ်။

 

Dr. Htet Htet Aung

www.drmyanmar.com