/
news/သက်ကြီးပိုင်းနှင့်ကျန်းမာရေး/dementia-သက်ကြီး-စိတ်ယိုယွင်းခြင်း-ရဲ့-သတိပြုရမယ့်-လက္ခဏာရပ်များ

Dementia (သက်ကြီး စိတ်ယိုယွင်းခြင်း) ရဲ့ သတိပြုရမယ့် လက္ခဏာရပ်များ

Category
သက်ကြီးပိုင်းနှင့်ကျန်းမာရေး

>>    ရှေ့ပြေးလက္ခဏာရပ်များ
●    သတိ ခဏခဏ မေ့တာ
●    အာရုံစူးစိုက်လို့ မရတာ
●    အမူအကျင့်တွေ ပြောင်းလာတာ
●    စိတ်ဓာတ်ကျတာ၊ လူအများနဲ့ ရောရောထွေးထွေး မနေတော့ဘဲ ခံစားချက်မရှိသလို ဖြစ်လာတာ
●    နေ့စဉ်လုပ်ငန်းဆောင်တာတွေကို မလုပ်နိုင်တော့တာ
    ဒီလက္ခဏာတွေကို လူအများစုက သတိမထားမိတာသော်လည်းကောင်း ၊ သတိပြုမိရင်လည်း အသက်ကြီးလို့ ဖြစ်တာပါလို့လည်း ထင်တတ်ကြတာ များပါတယ်။

>>    အရေးကြီးတဲ့လက္ခဏာရပ်တွေ
◊    မှတ်ဉာဏ်တွေ ပျောက်ဆုံးကုန်တာ
◊    လုပ်နေကျ အလုပ်တွေကို လုပ်ရာမှာ လုပ်ရတဲ့အဆင့်တွေကို မေ့ကုန်တာ
◊    လက်ရှိအခြေအနေကို မသိတာ (ဥပမာ - ကိုယ်ရောက်နေတဲ့နေရာတွေ၊ အချိန်တွေကို စဉ်းစားလို့ မရတာ၊ အိမ်မပြန်တတ်တော့တာမျိုး)
◊    စကားလုံးတွေကိုမေ့တာ - စကားပြောနေရင်း ကိုယ်ပြောချင်တဲ့ စကားလုံးကို ရုတ်တရက် ရှာမရတဲ့အခါ ပါးစပ်က ပေါ်လာတဲ့စကားလုံးကို ပြောလိုက်မိလို့ ပေါက်ကရစကားတွေ ထွက်လာတာမျိုး၊ သူများပြောတဲ့ စကားတွေကို နားမလည်တာမျိုးလည်း ဖြစ်တတ်ပါတယ်
◊    မှန်ကန်တဲ့ ဆုံးဖြတ်ချက် မချနိုင်တာ (ဥပမာ - အေးနေတဲ့အချိန်မှာ ဘာဝတ်ရမှန်း မသိတာမျိုး)
◊    လမ်းတွေ မသိတော့တာ၊  အကွာအဝေးတွေ မခန့်မှန်းနိုင်တော့တာ
◊    ပစ္စည်းတွေ နေရာမှားထားတာ၊ ဒီနေရာမှာ သာမန်လူတွေလို မေ့ပြီး ထားမိတာမျိုးထက် (ဥပမာ - သော့ဆိုရင် ဘာလုပ်တဲ့ပစ္စည်းမှန်း မသိတော့ဘဲ ဘယ်မှာထားရမှန်းမသိတာမျိုး)
◊    စိတ်အခြေအနေ အပြောင်းအလဲ မြန်တာ၊ စိတ်ဓာတ်ကျတာ၊ လူတွေနဲ့ သိပ်မရောတော့တာ၊ သံသယကြီးတာ
◊    အရင်က စိတ်ဝင်တစားနဲ့ လုပ်ခဲ့တဲ့၊ ကြိုက်ခဲ့တဲ့ အရာတွေကို လုပ်ချင်စိတ် မရှိတော့တာ
    ဒီလက္ခဏာတွေ ပေါ်လာခဲ့ရင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသရပါမယ်။
    သက်ကြီး စိတ်ယိုယွင်းတာ မဟုတ်ဘဲ လေဖြတ်တာ၊ စိတဓာတ်ကျတာ၊ အရက်စွဲတာ၊ အာဟာရ ချို့တဲ့တာ၊ ဟော်မုန်းမညီမျှတဲ့ ရောဂါတွေ၊ ဦးနှောက်ထဲ အကျိတ်ဖြစ်တာတွေ မှာလည်း ဒီလက္ခဏာတွေ ပေါ်တတ်ပါတယ်။
    ဒါကြောင့်မို့ သက်ကြီးစိတ်ယိုယွင်းတဲ့ ရောဂါရယ်လို့ နာမည်တတ်ဖို့ ဆရာဝန်နဲ့ သေချာပြသ စစ်ဆေးဖို့ လိုပါတယ်။

>>    ဆရာဝန်က -
●    ရောဂါ ရာဇဝင်တွေ မေးမယ်၊ လူနာတင်မက လူနာနဲ့ ရင်းနှီးတဲ့အတူနေ အိမ်သားတစ်ယောက်နဲ့ပါ စကားပြောကြည့်ဖို့ လိုအပ်တာမျိုး ရှိတတ်ပါတယ်။
●    ခန္ဓာကိုယ်ကို စစ်ဆေးကြည့်မယ်။
●    သွေးတွေ၊ ဆီးတွေ၊ တခြား လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ပါလိမ့်မယ်။ တစ်ခါတလေ ကျောရိုးကိုဖောက်ပြီး ဦးနှောက်အရည်ကြည်ကို စစ်ဆေးတာမျိုး လိုအပ်ပါတယ်။
●    လူနာရဲ့ မှတ်ဉာဏ်၊ ဘာသာစကားနဲ့ ဆုံးဖြတ်ချက်ချနိုင်စွမ်းကို စစ်ဆေးတဲ့မေးခွန်းတွေ မေးပါလိမ့်မယ်။
●    ဦးနှောက်ကို ဓာတ်မှန်တို့ CT scan တို့ ရိုက်ပါလိမ့်မယ်။
●    စိတ်ကျန်းမာရေး အခြေအနေကိုလည်း စစ်ဆေးပါလိမ့်မယ်။

Htar (www.drmyanmar.com)