/
news/သက်ကြီးပိုင်းနှင့်ကျန်းမာရေး/ဆီးချိုရောဂါနှင့်-အရေပြားပြဿနာ

ဆီးချိုရောဂါနှင့် အရေပြားပြဿနာ

Category
သက်ကြီးပိုင်းနှင့်ကျန်းမာရေး

ဆီးချိုရောဂါနှင့် အရေပြားပြဿနာ

အဖြစ်များတဲ့အရေပြားပြဿနာတွေဖြစ်တဲ့ ယားယံခြင်း၊ ပိုးဝင်ခြင်း၊ အရေပြားထူခြင်း စတာတွေက လူတိုင်းမှာဖြစ်နိုင်ပါတယ်။ သို့သော်လည်း အမျိုးအစား (2) ဆီးချိုဝေဒနာရှင်တွေကတော့ ပိုပြီးဖြစ်လွယ်ပါတယ်။ သွေးတွင်းသကြားဓာတ်မြင့်မားခြင်းက ရောဂါပိုးတွေကိုတိုက်ထုတ်နိုင်တဲ့ ဆဲလ်တွေရဲ့စွမ်းရည်ကိုကျဆင်းစေပါတယ်။ ဆီးချိုရောဂါရှိသူတွေမှာ အရေပြားကို ဘက်တီးရီးယားနဲ့ဗိုင်းရပ်ပိုးဝင်ရင် ကုသရပိုခက်ပါတယ်။ သကြားဓာတ်မြင့်မားမှုက ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးအတွက် အာဟာရဓာတ်ဖြစ်စေပါတယ်။

အမျိုးအစား (2) ဆီးချိုဝေဒနာရှင်တွေမှာ အရေပြားကျန်းမာရေးကောင်းမွန်အောင်ထိန်းသိမ်းဖို့အတွက် အောက်ပါနည်းလမ်းတွေကို ကျင့်သုံးနိုင်ပါတယ်။

 

1. ဓာတုပစ္စည်းပါဝင်မှုနည်းသောအပျော့စားဆပ်ပြာများကိုရွေးချယ်သုံးစွဲပါ။

ကြမ်းတမ်းတဲ့ဆပ်ပြာတွေက ထိရှလွယ်တဲ့အရေပြားကိုခြောက်သွေ့ပြီးထိခိုက်စေပါတယ်။ ဒါကြောင့် အပျော့စားခေါင်းလျှော်ရည်နဲ့ ဆပ်ပြာတွေကို သုံးစွဲရပါမယ်။ အရက်ပျံ၊ alpha-hydroxy acid၊ retinoids စတာတွေက အရေပြားကိုထိရှစေတဲ့အတွက် ဒီပစ္စည်းပါဝင်တဲ့ အမျိုးအစားတွေကိုရှောင်ကြဉ်ပါ။ အနံ့မပါတဲ့ထုတ်ကုန်တွေကိုရွေးချယ်ပါ။ အပျော့စားအလှကုန်တွေက အရေပြားမှာသဘာဝအတိုင်းရှိတဲ့အဆီဓာတ်ကို ထိန်းသိမ်းပေးနိုင်ပြီး အရေပြားကိုရေဓာတ်ပြည့််ဝစေပါတယ်။

 

2. နေ့စဉ်ရေဓာတ်ပြည့်ဝနေပါစေ။

အရေပြားကိုရေဓာတ်ပြည့်ဝနေစေခြင်းဖြင့် ယားယံခြင်းနဲ့အရေပြားထူခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ အမျိုးအစား (2) ဆီးချိုရောဂါရှင် (အထူးသဖြင့် အာရုံကြောရောဂါရှိသူ)တွေရဲ့ အရေပြားထိန်းသိမ်းမှုအတွက် အရေးကြီးတဲ့အချက်တစ်ချက်ကတော့ အရေပြားကွဲခြင်းနဲ့ အနာဖြစ်ခြင်းမှကာကွယ်ရန်ဖြစ်ပါတယ်။ အရေပြားအကွဲကနေ ဘက်တီးရီးယားနဲ့ အခြားရောဂါပိုးတွေဝင်ရောက်နိုင်ပါတယ်။ ရေချိုးပြီးရင် ရေဓာတ်ပါတဲ့ခရင်မ်နဲ့ အဆီတွေကို အရေပြားမှာခပ်ထူထူလိမ်းပေးပါ။ ရာသီဥတုအေးတဲ့အချိန်တွေမှာလည်း အသားအရည်ခြောက်သွေ့ခြင်းမှကာကွယ်နိုင်ရန် အရေပြားစိုစွတ်မှုကိုထိန်းသိမ်းပါ။ အရေပြားမှိုမစွဲစေရန်အတွက် ခြေချောင်းတွေအကြားမှာ အရေပြားလိမ်းဆေးလိမ်းပေးပါ။

 

3. မကုတ်ပါနဲ့

ခြောက်သွေ့တဲ့အရေပြားတွေက ယားယံပေမယ့် မကုတ်မိအောင်ကြိုးစားပါ။ အရမ်းကုတ်မိရင် အရေပြားကွဲပြီးရောဂါပိုးဝင်နိုင်ပါတယ်။ ရေပူက အရေပြားခြောက်သွေ့ပြီး ယားယံစေတဲ့အတွက် ရေပူနဲ့ချိုးမယ့်အစား ရေကြက်သီးနွေးနဲ့ချိုးပါ။ အေးမြတဲ့ဆောင်းရာသီမှာ ရေမကြာခဏ ချိုးခြင်းမှရှောင်ကြဉ်ပြီး အခန်းတွင်းလေစိုစွတ်မှုရှိစေရန် စိုထိုင်းမှုထိန်းစက်ဖွင့်ထားပေးပါ။

 

4. အရေပြားကိုနေ့စဉ်စစ်ဆေးပါ

ဆီးချိုသမားတွေမှာ အထူးသဖြင့်ခြေထောက်တွင် ခံစားမှုပျောက်သွားခြင်းအဖြစ်များပါတယ်။ ဒါကြောင့် ထိခိုက်ဒဏ်ရာရရင်မသိတော့ဘဲ ကုသမှုခံယူဖို့နောက်ကျတတ်ပါတယ်။ အရေပြားပြဿနာရှိ/မရှိနေ့စဉ်စစ်ဆေးပါ။ ခြေထောက်တွေကို ဂရုပြုပြီးစစ်ဆေးပါ။ အရေပြားဒဏ်ရာကိုမသိဘဲထားမိရင် အာရုံကြောပျက်စီးနေသူနဲ့ သွေးလှည့်ပတ်မှုမကောင်းသူတွေမှာ ခြေထောက်ဖြတ်ရတဲ့အထိနောက်ဆက်တွဲ ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။

 

5. ထိခိုက်ဒဏ်ရာရရှိရင်တတ်နိုင်သလောက် မြန်မြန်ကုသပါ

ဆီးချိုရောဂါရှင်တွေမှာ ရိုးရိုးလေးထိရှမိရင်တောင်မှ အန္တရာယ်ရှိနိုင်တဲ့အတွက် ဘယ်လောက်ပဲသေးတဲ့ဒဏ်ရာဖြစ်ပါစေ ချက်ချင်းကုသမှုခံယူပါ။ ပထမဆုံး ရေ၊ ဆပ်ပြာအပျော့စားတွေသုံးပြီး အနာကိုသေချာဆေးကြောပါ။ ထို့နောက် ရောဂါပိုးဝင်ခြင်းမှကာကွယ်နိုင်ရန်နှင့် အနာကျက်မြန်စေရန်အတွက် ပိုးသတ်ဆေးလိမ်းပြီး ပတ်တီးစည်းထားပေးပါ။ ဒဏ်ရာအနာကျက်မလာရင် (သို့) ပူ၊ နီ၊ နာလာရင် အရေပြားဆရာဝန်ဆီသွားပြီးပြသပါ။ ပွင့်ထွက်ဒဏ်ရာ (အထူးသဖြင့် ခြေထောက်တွင်ဖြစ်သော) က ပိုနက်ပြီး ရောဂါပိုးဝင်ကာတစ်သျှူးရောင်ခြင်း (cellulitis) ဖြစ်နိုင်ချေများပါတယ်။

 

6. သွေးတွင်းသကြားဓာတ်ကိုထိန်းချုပ်ပါ

အရေပြားကျန်းမာအောင်နဲ့ ဆီးချိုရောဂါရဲ့နောက်ဆက်တွဲဆိုးကျိုးတွေမဝင်အောင် အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ အစားအစာ၊ လေ့ကျင့်ခန်းနဲ့ ဆေး သုံးမျိုးပေါင်းပြီး သွေးတွင်းသကြားဓာတ်ကို ပုံမှန်အတိုင်းထိန်းချုပ်ထားခြင်းဖြစ်ပါတယ်။ ဆီးချိုထိန်းချုပ်မှုကောင်းခြင်းက ခန္ဓာကိုယ်ခုခံအားစနစ်ကိုကောင်းမွန်စေပြီး ရောဂါပိုးတွေကိုတိုက်ဖျက်နိုင်စေပါတယ်။ သွေးတွင်း သကြားဓာတ်ကို အချိန်ကြာကြာထိန်းထားခြင်းက အာရုံကြောရောဂါ၊ အရေပြားခြောက်သွေ့ခြင်းနဲ့ သွေးလှည့်ပတ်မှုမကောင်းခြင်းတွေ မဖြစ်အောင်ကာကွယ်နိုင်ပါတယ်။

 

7. ဆရာဝန်ပြသပါ

အရေပြားပေါ်မှာ ပုံမှန်မဟုတ်တဲ့တစ်စုံတစ်ခု (သို့) ရောဂါပိုးဝင်တဲ့လက္ခဏာတစ်ခုခုတွေ့ပြီဆိုတာနဲ့ ဆရာဝန်ဆီသွားပြပါ။ ဆီးချိုရောဂါရှိသူတွေမှာ ဖြစ်ခဲတဲ့အစက်အပြောက်တွေနဲ့ ရောဂါပိုးဝင်တာတွေဖြစ်လေ့ရှိတဲ့အတွက် အစက်အပြောက်အသစ် တစ်ခုခုတွေ့တာနဲ့ အရေပြားဆရာဝန်ကိုချက်ချင်းပြသပါ။

 

Dr. Mya Myo Myo Swe (www.drmyanmar.com)