/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ဓမ္မတာမမှန်တာ-ဘာကြောင့်လဲ

ဓမ္မတာမမှန်တာ ဘာကြောင့်လဲ ?

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

          အမျိုးသမီးအများစုသည် တစ်နှစ်လျှင် 11 ကြိမ်မှ 13 ကြိမ်ထိ ဓမ္မတာလာလေ့ရှိပါတယ်။ တစ်ခါတစ်ရံမှာတော့ ထို့ထက်ပိုများနိုင်သလို ပိုလည်းနည်းနိုင်ပါတယ်။ မိမိရဲ့ဓမ္မတာပုံမှန်ဟုတ်/မဟုတ်ကို သိစေနိုင်ဖို့အတွက် ရာသီသွေးမမှန်တာတွေ၊ ပျောက်သွားတာတွေကို စောင့်ကြည့်ဖို့လိုအပ်ပါတယ်။

          ဓမ္မတာစတင်ပြီး နှစ်အနည်းငယ်အတွင်းမှာတော့ မကြာခဏဆိုသလို ရာသီသွေးမမှန်မှုတွေကြုံတွေ့ရနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဓမ္မတာသွေးမှန်စေရန် ဟော်မုန်းထိန်းညှိခြင်းကို ပြုလုပ်ရာမှာ နှစ်ပေါင်းများစွာကြာနိုင်လို့ပဲဖြစ်ပါတယ်။

          ထို့ပြင် သွေးဆုံးခါနီးအချိန်များတွင်လည်း ဓမ္မတာသွေးမမှန်တာတွေဖြစ်နိုင်ပါတယ်။ ထို့ကြောင့် အမျိုးသမီးအများစုဟာ ဓမ္မတာသွေးမမှန်တော့တဲ့အခါမှာ သွေးဆုံးခါနီးပြီးဟု ကိုယ့်ကိုကိုယ်သိကြပါတယ်။ သွေးဆုံးခြင်းဆိုသည်မှာ အကြမ်းဖျဉ်းအားဖြင့်10 လတိုင်အောင် ရာသီသွေးမပေါ်ခြင်းဖြစ်ပါတယ်။

          ကိုယ်ဝန်ရှိခြင်းကတော့ ဓမ္မတာမလာခြင်းအဖြစ်အများဆုံးအကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။ ကိုယ်ဝန်ရှိတယ်လို့ မသေချာသေးသည့်တိုင်အောင် မိမိကိုယ်ကိုကိုယ်ဝန်ဆောင်သည်တစ်ယောက်ကဲ့သို့ ပြုမူနေထိုင်သင့်ပါတယ်။ ပထမဆုံးအနေဖြင့် အိမ်၌ကိုယ်ဝန်စစ်ဆေးခြင်းကိုပြုလုပ်၍ ကိုယ်ဝန်ရှိ/မရှိကို သိနိုင်ပါတယ်။

 

          ကိုယ်ဝန်မရှိဘူးဆိုပါက အခြားဖြစ်နိုင်တဲ့အကြောင်းအရင်းတွေကတော့ -

1. အလွန်အကျွံကိုယ်အလေးချိန်တိုးလာခြင်း (သို့) ကျသွားခြင်း - ကိုယ်အလေးချိန်နည်းလွန်းခြင်းဟာ ဓမ္မတာမမှန်ခြင်းရဲ့ ဖြစ်လေ့ရှိတဲ့အကြောင်းအရင်းတစ်ခုဖြစ်သော်လည်း အဝလွန်ခြင်းဟာလည်း ရာသီသွေးဆိုင်ရာ ပြဿနာတွေဖြစ်စေနိုင်ပါတယ်။

2. အစားအသောက်ဆိုင်ရာ မူမမှန်မှုများ (ဥပမာ - ပိန်လိုသောကြောင့် အစားအငတ်ခံသောရောဂါ၊ စားပြီးအန်သည့်ရောဂါ)

3. လေ့ကျင့်ခန်းအလွန်အကျွံပြုလုပ်ခြင်း - ဓမ္မတာသွေးမပေါ်ခြင်းကို အားကစားသမားအများစုတွင် တွေ့ရလေ့ရှိပါတယ်။

4. စိတ်ပိုင်းဆိုင်ရာဖိစီးမှုများ

5. ဖျားနာခြင်း

6. ခရီးသွားခြင်း

7. ပဋိသန္ဓေတားဆေးများ - ဓမ္မတာနည်းခြင်း၊ မမှန်ခြင်းနဲ့ နောက်ဆုံးရာသီသွေးလုံးဝမပေါ်ခြင်းတို့အထိ ဖြစ်နိုင်ပါတယ်။

8. မူးယစ်ဆေးဝါးများသုံးစွဲခြင်း

9.ဆီးခုံအင်္ဂါများတွင် ပြဿနာရှိခြင်း (ဥပမာ - မိန်းမကိုယ်လမ်းကြောင်းပိတ်နေခြင်း၊ သားဥအိမ်တွင် ရေအိမ်များစွာ တည်သောရောဂါ)

10. နို့ချိုတိုက်ကျွေးခြင်း - အမျိုးသမီးအများစုတွင် ကလေးနို့ဖြတ်ပြီးသည့်တိုင်အောင် ဓမ္မတာမမှန်ကြပေ။

 

          အသက် 40 မတိုင်မီ ဓမ္မတာသွေးရပ်သွားပါက အရွယ်မတိုင်မီ သားဥအိမ်အလုပ်မလုပ်တော့ခြင်းဟုခေါ်ပါတယ်။ ခွဲစိတ်ကုသခြင်း၊ ဓာတုဆေးများဖြင့် ကုသခြင်း၊ ဝမ်းဗိုက် (သို့) ဆီးခုံကို ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းတို့ကြောင့် အရွယ်မတိုင်မီ သားဥအိမ်အလုပ်မလုပ်တော့တာဖြစ်နိုင်ပါတယ်။

          အခြားရောဂါများဖြစ်တဲ့ အူသိမ်အူမရောဂါ၊ ချောင်းဆိုးသွေးပါရောဂါ၊ အသည်းရောဂါနဲ့ ဆီးချိုရောဂါတွေကြောင့် ဓမ္မတာမမှန်တာဖြစ်နိုင်ပေမယ့်လည်း ရှားပါးပါတယ်။ ဒါပေမယ့် ထိုရောဂါတွေရှိပါက ရာသီသွေးမမှန်ခြင်းအပြင် အခြားရောဂါလက္ခဏာတွေလည်းရှိပါတယ်။

         ရာသီမပေါ်တာမျိုးကြုံတွေ့ခံစားရပါက တတ်နိုင်သမျှ စိတ်ကိုလျှော့ချပါ။ စိတ်ပိုင်းဆိုင်ရာနဲ့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ မျှခြေအနေအထားရောက်အောင် ပြန်လည်ရယူပါ။ အမျိုးသမီးအများစုဟာ ဓမ္မတာသွေးမပေါ်တာကို မကြာခဏခံစားရတတ်ပါတယ်။ ကိုယ်ဝန်ရှိတာမဟုတ်ဘူးဆိုပါက နောက်လတွေမှာ ပုံမှန်အတိုင်းရာသီလာဖို့ အခွင့်အလမ်းရှိပါတယ်။

 

Dr. Thinzar Wynn  (www.drmyanmar.com)