/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/သားအိမ်ခေါင်းကင်ဆာ-ဖြစ်စေနိုင်တဲ့-ကြွက်နို့ပိုး-hpv-အကြောင်း

သားအိမ်ခေါင်းကင်ဆာ ဖြစ်စေနိုင်တဲ့ ကြွက်နို့ပိုး (HPV) အကြောင်း - အမျိုးသမီးတိုင်း သိထားသင့်တဲ့အချက်များ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

သားအိမ်ကြွက်နို့ပိုး (HPV) ဆိုတာ အဖြစ်များတဲ့ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်ပြီး တစ်နှစ်ကို အမေရိကန်လူမျိုး ၆ မီလီယံလောက် ကူးစက်ခံနေရပါတယ်။ တီဗီမှာလည်း ဒီသားအိမ်ခေါင်းကင်ဆာကြွက်နို့ကာကွယ်ဆေး ကြော်ငြာတာတွေ တွေ့ဖူးကြမှာပေါ့။ နာမည်ကြားလိုက်ရင်တော့ ကင်ဆာဖြစ်စေတဲ့ဗိုင်းရပ်စ်ပိုးဆိုတော့ ကြောက်စရာပါပဲ။
ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ သိသင့်တဲ့ ရောဂါပိုးအကြောင်း၊ ကင်ဆာဖြစ်နိုင်ခြေ၊ ကာကွယ်ဆေးရဲ့ အရေးကြီးပုံတွေကို ပြောပြပါ့မယ်နော်။

၁။  သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးရတာ ရှက်စရာမဟုတ်ပါ။
လိင်ဆက်ဆံဖူးသူတိုင်း ရောဂါကူးစက်ခံရနိုင်ပါတယ်လို့ ဂျွန်ဟော့ပ်ကင်းဆေးရုံ၊ သားအိမ်ခေါင်းကင်ဆာဌာနရဲ့ဒါရိုက်တာ ထရင်ဘယ်က ဆိုပါတယ်။
ဒီရောဂါကူးစက်ဖြစ်ပွားနိုင်ခြေရှိကြောင်း၊ ဘယ်လိုကာကွယ်နိုင်ကြောင်းသိရှိခြင်းဖြင့် ကိုယ့်ရဲ့ရွေးချယ်မှုတွေကို သိရှိနိုင်ပါတယ်။ ဒီလိုရွေးချယ်ခွင့်ရှိခြင်းဟာလည်း ကိုယ့်အခွင့်အရေးတစ်ချက်ပါပဲ။

၂။  တချို့HPV ကြွက်နို့ပိုးအမျိုးအစားတွေက သားအိမ်ခေါင်းရောဂါ ဖြစ်စေနိုင်ပါတယ်။
ကြွက်နို့ဗိုင်းရပ်စ်ပိုးပေါင်း ရာချီရှိတဲ့ထဲက ဆယ်ဂဏန်းသောအမျိုးအစားကသာ သားအိမ်ခေါင်းရောဂါတွေ ဖြစ်စေနိုင်တာပါ။ HPV16 နဲ့ 18 ဟာ သားအိမ်ခေါင်းရောဂါတွေရဲ့ ၇၀% လောက်ကို ဖြစ်စေနိုင်တယ်လို့ ထရင်ဘယ်က ဆိုပါတယ်။ လိင်အင်္ဂါကြွက်နို့တွေကတော့ ကြွက်နို့ပိုးအနိမ့်စားတစ်မျိုးဖြစ်ပြီး ကင်ဆာ မဖြစ်စေနိုင်ပါဘူး။
ဆရာဝန်တွေဟာ HPV ပိုးကို သားအိမ်ခေါင်းချွဲစစ်ဆေးခြင်း လို့ခေါ်တဲ့ ပုံမမှန်သားအိမ်ခေါင်းဆဲလ်တွေကို ရှာကြည့်တဲ့စမ်းသပ်မှုပြုလုပ်ပြီး ရှာဖွေပါတယ်။ သားအိမ်ခေါင်းပြောင်းလဲမှုတွေထဲက အချို့မသိသာသော ပြောင်းလဲမှု အပျော့စားတွေကတော့ သူ့အလိုလိုပျောက်သွားတတ်ပါတယ်။ ဒီလောက်လေးကိုတော့ ကင်ဆာဖြစ်နိုင်ခြေရှိတယ်လို့ မခေါ်ပါဘူး။
သားအိမ်ခေါင်းကင်ဆာတွေအားလုံးဟာ အကြိုကင်ဆာဆဲလ်တွေပါဝင်တဲ့ သိသာသော ပုံမမှန်ဆဲလ်တွေကြောင့် ဖြစ်တတ်ပါတယ်။ ခုခံအားကောင်းနေတယ်ဆိုရင်တော့ ဒီလိုပုံမမှန်မှုကနေ ကင်ဆာဆဲလ်အဖြစ်ကို ပြောင်းလဲဖို့ ၁၀-၁၅ နှစ်လောက် ကြာပါတယ်။ ဒီလိုပုံမမှန်ဆဲလ်တိုင်းကတော့ ကင်ဆာမပြောင်းပါဘူး။ မိမိရဲ့ကိုယ်ခံစွမ်းအားက ပြန်တိုက်ထုတ်နိုင်စွမ်းရှိလို့ပါ။

၃။  HPV ကြွက်နို့ပိုးဟာ ရှားရှားပါးပါးမှ သားအိမ်ခေါင်းကင်ဆာ ပြောင်းလဲတာပါ။
HPV ပိုးဟာ သားအိမ်ခေါင်းကင်ဆာ ဖြစ်တယ်ဆိုပေမယ့် ဖြစ်နိုင်ခြေကတော့ နည်းပါတယ်။
HPV ပိုး ကူးစက်ခံရတဲ့ ၉၀% သော အမျိုးသမီးတွေမှာ ၂ နှစ်အတွင်း သူ့အလိုလိုပဲ ပျောက်သွားတတ်ပါတယ်။ များသောအားဖြင့်ကတော့ သားအိမ်ခေါင်းဆဲလ်တွေ ပြောင်းလဲမှုဖြစ်တာလောက်ပဲ ဖြစ်တတ်တာပါ။ ကင်ဆာဖြစ်စေနိုင်တဲ့ HPV ပိုးအမျိုးအစားဝင်တဲ့ အမျိုးသမီးအနည်းငယ်မှာသာ ကင်ဆာပြောင်းတာပါ။
HPV ပိုးရှိသူလူနာတွေမှာ ဘာကုသမှုမှမလိုအပ်သူတွေ အများအပြားတွေ့ဖူးတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဒါကြောင့် HPV ပိုးရှိနေရင် အလွန်အမင်းစိတ်ပူနေဖို့ထက် သတိထားစောင့်ကြည့်ရမယ့်အခြေအနေ တစ်ခုပဲ ဖြစ်ပါတယ်။

၄။  HPV ပိုးဟာ လည်ပင်းကင်ဆာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။
HPV ရဲ့ အဖြစ်များသော၊ အလားတူအသိနည်းသော အန္တရာယ်ထဲမှာ လည်ပင်းကင်ဆာတွေ ပါဝင်ပါတယ်။ ပါးစပ်နဲ့လိင်ဆက်ဆံရာကနေ လည်ချောင်းကင်ဆာဖြစ်ခြင်း ဖြစ်ပါတယ်။
လည်ချောင်းအတွင်းပိုင်းမှာ ကင်ဆာဖြစ်နှုန်းဟာ သိသိသာသာ များလာတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
အမျိုးသမီးတွေမှာလည်း ဖြစ်နိုင်ပေမယ့် အများဆုံးတွေ့ရတာကတော့ လိင်တူဆက်ဆံတဲ့ အမျိုးသားတွေမှာပါ။ ဒီရောဂါဖြစ်ပွားမှုကိုတော့ သားအိမ်ခေါင်းကင်ဆာလို ကြိုတင်စစ်ဆေးလို့မရတဲ့အတွက် မိဘတွေအနေနဲ့ သားယောက်ျားလေးအပါအဝင် ကိုယ့်ကလေးတွေကို HPV ကာကွယ်ဆေး ထိုးပေးထားဖို့ လိုပါတယ်။

၅။  ကာကွယ်ဆေးက အသက်ကယ်ဆေးတစ်မျိုးပါပဲ။
ကာကွယ်ဆေးထိုးခြင်းဖြင့် ခုခံအားစနစ်ကို လှုံ့ဆော်ပေးနိုင်ပြီး ကြွက်နို့ပိုးကြောင့်ဖြစ်နိုင်တဲ့ ကင်ဆာရောဂါကို ကာကွယ်နိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနည်းပြီး အန္တရာယ်ကင်းတဲ့အတွက် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးဟာ အရွယ်ရောက်သူတိုင်း ထိုးသင့်တဲ့ ကာကွယ်ဆေးဖြစ်ကြောင်း ပညာရှင်များက အကြံပြုကြပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)