အရွယ်မတိုင်မီသွေးဆုံးခြင်းကို ကာကွယ်နိုင်သော သဘာဝနည်းလမ်းများ
အမျိုးသမီးများသွေးဆုံးခြင်းသည် ပုံမှန်အားဖြင့် အသက် 40 နှောင်းပိုင်းနှင့် အသက် 50 ကျော် စတွင်ဖြစ်ပေါ်လေ့ရှိသော်လည်း ယနေ့ခေတ်တွင် အသက် 30 ကျော်စနှင့် သွေးဆုံးစပြုလာသူ အမျိုးသမီး များစွာရှိလာပြီး သွေးဆုံးခြင်းလက္ခဏာများအနေဖြင့် အိပ်မပျော်ခြင်း၊ ပူလိုက်အေးလိုက်ဖြစ်ခြင်း၊ ဝလာခြင်း၊ လိင်စိတ်လျော့နည်းလာခြင်း၊ ကလေးမရနိုင်ခြင်း၊ စိတ်ကျခြင်း စသည်တို့အပြင် ကျန်းမာရေးပြဿနာများစွာ ကြုံတွေ့ရတတ်ပါသည်။ သွေးဆုံးခြင်းကို ရှောင်လွှဲ၍မရသော်လည်း အသက် 30 ကျော်စ အမျိုးသမီးများအဖို့ အရွယ်မတိုင်မီသွေးမဆုံးစေရန်အတွက် မှားယွင်းသောနေထိုင်မှုပုံစံများကို ရှောင်ကြဉ်ရန်လိုအပ်ပါသည်။ အရွယ်မတိုင်မီသွေးဆုံးခြင်းကို အောက်ပါသဘာဝနည်းလမ်းများဖြင့် ကာကွယ်နိုင်ပါသည်။
1. ဖိုင်တိုအီစထရိုဂျင်ဓာတ် (Phytoestrogen) ကြွယ်ဝသောအစားအစာများစားသုံးခြင်း
သွေးဆုံးကာနီးအမျိုးသမီးများတွင် မဟော်မုန်းဓာတ်ဖြစ်သော အီစထရိုဂျင် (Estrogen) ဟော်မုန်း လျော့နည်းလာတတ်သည့်အတွက် အီစထရိုဂျင်နှင့်ဆင်တူပြီး အပင်များမှရရှိတတ်သည့် ဖိုင်တိုအီစထရိုဂျင်ဓာတ်များများပါဝင်သည့် အစားအစာများကို အထူးစားသုံးရန် လိုအပ်ပါသည်။ ဖိုင်တိုအီစထရိုဂျင် ပြည့်ဝသောအစားအစာများစားသည့် အမျိုးသမီးများတွင် ခံစားရသည့် သွေးဆုံးကိုင်သောလက္ခဏာများကို လျော့ပါးသက်သာကြောင်းတွေ့ရှိခဲ့ရသည်။ မုယောစပါးကဲ့သို့သော အစေ့အဆန်များ၊ ပဲဲ၊ သစ်ကြားသီးကဲ့သို့သော အခွံမျာသီများနှင့် ဆေးဘက်ဝင် အပင်အများစုတွင် ဖိုင်ထိုအီစထရိုဂျင်ဓာတ် ပေါများစွာပါဝင်သည်။
2. လေ့ကျင့်ခန်းလုပ်ခြင်း
အသက် 20 ကျော်အရွယ်တွင် လေ့ကျင့်ခန်းပုံမှန်မလုပ်လျှင်ရသေးသော်လည်း 30 ကျော်အရွယ်တွင် လေ့ကျင့်ခန်းမလုပ်ဘဲ မနေသင့်ပေ။ သွေးဆုံးခြင်းသည် ပုံမှန်သားဥမကြွေခြင်းကြောင့်ဖြစ်ပြီး အဝလွန်ခြင်းသည် သားဥကြွေခြင်းကို ပုံမမှန်ဖြစ်စေတတ်သည်။ အသက်အရွယ်မရွေး ကိုယ်အလေးချိန်ထိန်းသိမ်းခြင်းသည် ကျန်းမာရေး၏သော့ချက်ဖြစ်ပြီး နေ့စဉ် ရိုးရှင်းသောလေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် သွေးလှည့်ပတ်မှုကောင်းမွန်စေပြီး အရွယ်မတိုင်မီသွေးဆုံးခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါသည်။ ကျန်းမာရေးကို ထိခိုက်စေသည် အထိ လေ့ကျင့်ခန်းအလွန်အကျွံလုပ်ခြင်းကိုမူ ရှောင်ကြဉ်သင့်ပါသည်။
3. ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidants) များ စားသုံးခြင်း
ဓာတ်တိုးဆန့်ကျင်ပစ္စည်းများသည် အရွယ်မတိုင်မီအိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်သည့် အလျောက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများများပါသည့် အစားအသောက်များစားသောက်ခြင်းဖြင့် အရွယ်မတိုင်မီသွေးဆုံးခြင်းကို်လည်း ကာကွယ်နိုင်ပါသည်။ ဆီးသီးအနက်၊ စပျစ်သီးအနီ၊ မုန်လာဥနီ၊ စတော်ဘယ်ရီသီး၊ ဘလက်ဘယ်ရီသီး၊ ရပ်စ်ဘယ်ရီသီး၊ ခရမ်ဘယ်ရီ၊ သံလွင်ဆီ၊ ပဲတောင့်၊ ငရုတ်ပွ၊ အနက်ရောင်ချောကလက် စသည်တို့တွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများစွာပါဝင်ပါသည်။
4. သဘာဝဖြစ် အရေပြားထိန်းသိမ်းဆေး (Natural Skincare) နှင့် အလှကုန်များအသုံးပြုခြင်း
မျက်နှာအရေးအကြောင်းပျောက်စေသည့် အချို့သော အစိုဓာတ်ထိန်းအလှကုန်များတွင်ပါဝင်သည့် ဓာတုပစ္စည်းများမှာ ခန္ဓာကိုယ်တွင်း ဟော်မုန်းဓာတ်မျှခြေကို ပျက်စီးစေပြီး စောစီးစွာသွေးဆုံးခြင်း ကို ဖြစ်ပေါ်စေနိုင်ပါသည်။ သို့ဖြစ်ရာ သဘာဝထုတ်ကုန်များဖြင့်ပြုလုပ်ထားသော အလှကုန်ပစ္စည်းများ ကိုသာ ရွေးချယ်သုံးစွဲသင့်သည်။ သင်းရနံ့များ၊ တာရှည်ခံဓာတုပစ္စည်းများပါဝင်သော အလှကုန်များကိုလုံးဝရှောင်ကြဉ်သင့်သည်။ မျက်နှာအရေးအကြောင်းများနှင့် အရွယ်မတိုင်မီသွေးဆုံးခြင်းကို ကာကွယ်နိုင်ရန်အတွက် ရေများများသောက်ခြင်း၊ အသီးအနှံနှင့်ဟင်းသီးဟင်းရွက်များ ပိုမိုစားသုံးခြင်း၊ စိတ်ဖိစီးမှုများကိုလျှော့ချခြင်းနှင့် သန်းခေါင်ယံမတိုင်မီ အိပ်ရာဝင်ခြင်းကိုပြုလုပ်သင့်သည်။
5. ဆေးလိပ်နှင့်အရက်ကို ရှောင်ကြဉ်ခြင်း
ဆေးလိပ်နှင့်အရက်သည် အရွယ်မတိုင်မီအိုမင်းရင့်ရော်စေခြင်း၊ အရွယ်မတိုင်မီသွေးဆုံးခြင်းတို့ ကို ဖြစ်ပေါ်စေနိုင်သည့်အပြင် နှလုံးရောဂါ၊ ကင်ဆာရောဂါ အစရှိသည့်ကျန်းမာရေးဆိုးကျိုးများစွာ ရရှိစေနိုင်သည့်အတွက် ရှောင်ကြဉ်သင့်ပြီး ဆေးလိပ်အရက်စွဲနေပါကတတ်ကျွမ်းသည့် ဆရာဝန်နှင့်တိုင်ပင်ပြီး ဖြတ်သင့်သည်။
6. ဦးနှောက်ထက်မြက်နေစေရန် အလေ့အကျင့်လုပ်ခြင်း
နေ့စဉ်တွေးခေါ်စဉ်းစားမှုထက်သန်နေခြင်းသည် မေ့လျော့လွယ်သူငယ်ပြန်ရောဂါဟုခေါ်သည့် အယ်လ်ဇိုင်းမားရောဂါကိုသာမက အရွယ်မတိုင်မီသွေးဆုံးခြင်းကိုပါ ကာကွယ်နိုင်ကြောင်း မကြာသေးမီ က လေ့လာချက်များအရသိရသည်။ စာအုပ်ဖတ်ခြင်း၊ ဉာဏ်စမ်းပဟေဠိများဖြေခြင်း၊ စာလုံးဆက် ကစားနည်းများကစားခြင်း၊ ဆုဒိုကု၊ စာလုံးရှာဂိမ်းများ ကစားခြင်းစသည်တို့ကို လုပ်ဆောင်ပေးသင့်သည်။ ယခုအခါဖုန်းများတွင်လည်း အဆိုပါဂိမ်းကစားနည်းများ ထည့်သွင်းကစားနိုင်ပြီဖြစ်ရာ နေရာမရွေး အချိန်မရွေးလုပ်ဆောင်နိုင်ပြီဖြစ်သည်။ အခြားနည်းလမ်းတစ်ခုမှာ ဘာသာစကား အသစ်တစ်ခု သင်ယူရန်ဖြစ်ပြီး အသက် 20 နောက်ပိုင်းတွင် ဘာသာစကားအသစ်သင်ယူခြင်းမှာ ခက်ခဲနိုင်သော်လည်း ကြိုးစားလျှင် ဂုဏ်ယူဖွယ်အောင်မြင်နိုင်ပါသည်။
Dr. Thanda Lin
















