အမျိုးသားတွေမှာ ပန်းသေပန်းညှိုးရခြင်း အကြောင်းအရင်းများ
1. စိတ်ဓာတ်ကျခြင်း
ပန်းညှိုးရခြင်း အကြောင်းအရင်းရှာရာမှာ ဦးနှောက်ရဲ့ အခန်းကဏ္႑ကို မေ့လျော့တတ်ကြပါတယ်။ တကယ်တော့ စိတ်ဆန္ဒ ဖြစ်ပေါ်လာတာဟာ ဦးနှောက်ကနေ စတင်လာတာပဲ ဖြစ်ပါတယ်။ စိတ်ဓာတ်ကျခြင်းဟာ စိတ်ဆန္ဒကိုကျစေပြီး ပန်းညှိုးစေနိုင်ပါတယ်။ ဒါ့အပြင် စိတ်ကျရောဂါကို ကုသတဲ့ဆေးဝါးတွေကလည်း လိင်စိတ်ကို ကုန်ခန်းစေပြီး ပန်းသေပန်းညှိုးစေနိုင်ပါတယ်။
2. အရက်သေစာ
စိတ်ဆန္ဒ တက်ကြွလှုပ်ရှားလာစေဖို့ အရက်သောက်တတ်ကြပါတယ်။ ဒါပေမဲ့ အရက်ကို အလွန်အကျွံ သောက်သုံးခြင်းက ခဏတာ ပန်းညှိုးခြင်းကို ဖြစ်ပေါ်စေတတ်ပါတယ်။ တစ်နေ့ကို အရက် နှစ်ခွက်၊ သုံးခွက်ခန့်မျှသာ သောက်သုံးပေးခြင်းက နှလုံးရောဂါဖြစ်နှုန်းကို လျှော့ချပေးနိုင်ပါတယ်။
3. ဆေးဝါးများ
သွေးတိုးကျဆေးများ၊ အကိုက်အခဲ ပျောက်ဆေးများနှင့် စိတ်ကျရောဂါဆေးများဟာ ပန်းညှိုးခြင်းကို ဖြစ်စေနိုင်တဲ့အတွက် အိမ်ထောင်ရေး မသာမယာ ဖြစ်စေနိုင်တတ်ပါတယ်။ ဒါပေမဲ့ ကိုယ့်သဘောနဲ့ကိုယ် ဆေးကိုမရပ်ဘဲ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးရပါမယ်။ စိတ်ကြွရူးသွပ်ဆေးပြား အမျိုးအစားများဖြစ်တဲ့ Amphetamines, ကိုကင်းနဲ့ ဆေးခြောက်တွေကလည်း ပန်းသေပန်းညှိုး ဖြစ်စေနိုင်ပါတယ်။
4. စိတ်ဖိစီးမှု
အိမ်နဲ့ အလုပ်မှာ တာဝန်ဝတ္တရားတွေ ဖိစီးလာတဲ့အခါ စိတ်ဆန္ဒတွေ ဆုတ်ယုတ်လာတတ်ပါတယ်။ စိတ်ဖိစီးမှုက လိင်ကိစ္စအပါအဝင် ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း အသီးသီးပေါ်မှာ အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။ ဒါကြောင့် ကိုယ်စိတ်နှလုံး ရွှင်လန်းပြီး သက်သောင့်သက်သာ ရှိစေနိုင်ဖို့ လေ့ကျင့်ခန်း မှန်မှန်လုပ်ခြင်း၊ အိပ်ချိန်မှန်မှန်အိပ်ခြင်း၊ လိုအပ်တဲ့အခါ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးခြင်း စတဲ့ လူနေမှုပုံစံတွေကို ပြောင်းလဲပေးခြင်းဖြင့် စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်။
5. စိတ်တိုဒေါသထွက်ခြင်း
စိတ်တိုဒေါသထွက်ချိန်မှာ သွေးတွေဟာ မျက်နှာပေါ် ဆောင့်တိုးတက်စေပေမယ့် တကယ်လိုအပ်နေတဲ့နေရာကိုတော့ မရောက်စေနိုင်ပါဘူး။ ကိုယ့်ရဲ့ချစ်သူဇနီးမယားကို ဒေါသထွက်နေတာ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် စိတ်တိုနေတဲ့အချိန်မှာ ချစ်သူကို ချစ်ခင်ယုယစိတ်တွေ မွေးမြူဖို့ရာ မလွယ်ကူပါဘူး။ ဒါ့အပြင် စိတ်ဆိုး စိတ်တိုနေတာကို မဖော်ပြတတ်တာ၊ မှားယွင်းတဲ့နည်းလမ်းတွေနဲ့ ဖော်ပြနေတာဟာလည်း အိမ်ထောင်ရေး မသာမယာ ဖြစ်စေနိုင်တတ်ပါတယ်။
6. စိတ်ပူပန်သောကရောက်ခြင်း
အိမ်ထောင်ဖက်ဆက်ဆံရေး အဆင်မပြေမှာကို ကြိုတင်တွေးတော စိတ်ပူနေခြင်းဟာ ပိုပြီးအဆင်မပြေ ဖြစ်စေနိုင်တတ်ပါတယ်။ အပြင်ဘက် အလုပ်ခွင်မှာ၊ အပေါင်းအသင်းများနှင့့် အဆင်မပြေ စိတ်ညစ်ညူးနေခြင်းဟာလည်း အိမ်ထောင်ဖက် ဆက်ဆံရေးမှာ အနှောင့်အယှက် ဖြစ်စေနိုင်တတ်ပါတယ်။ စိတ်ပူပန် အစိုးရိမ်လွန်ကဲခြင်းဟာ အချင်းချင်း ထွေးရောယှက်တင် ဆက်ဆံခြင်းကို ကြောက်ရွံ့စေနိုင်တဲ့အတွက် ပြန်ပြန်သံသရာလည်နေတတ်ပြီး သင့်အချစ်ရေး၊ အိမ်ထောင်ရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။
7. ကိုယ်အလေးချိန် တိုးလာခြင်း
ကိုယ်အလေးချိန် တိုးလာခြင်းက ကိုယ့်ကိုယ်ကို ယုံကြည်မှုကို ကျဆင်းစေတတ်တဲ့အပြင် ယောက်ျားဟော်မုန်းကိုလည်း လျော့ကျစေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဆန္ဒကို ကျစေနိုင်ပြီး ပန်းသေပန်းညှိုးခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် အဝလွန်ခြင်းကြောင့် သွေးပေါင်တက်စေနိုင်ပြီး သွေးကြောနံရံတွေကို ထူလာစေတတ်တဲ့အတွက် လိင်အင်္ဂါကို သွေးပို့နည်းစေနိုင်ပါတယ်။
8. မိမိရုပ်ရည်ကို ယုံကြည်မှု
ကိုယ့်ရုပ်ရည်သွင်ပြင်ကို ကိုယ် ယုံကြည်ကျေနပ်မှု မရှိပါက ဆက်ဆံဖက် ချစ်သူဇနီးကလည်း ကျေနပ်နိုင်ဖို့ ခက်ခဲလာတတ်ပါတယ်။ ကိုယ့်ကိုယ်ကို အဆိုးမြင်ခြင်းက ယုံကြည်မှုကို ကျဆင်းစေနိုင်ပါတယ်။ ဒီလို စိတ်လှုပ်ရှား ပူပန်နေခြင်းက လိင်ဆက်ဆံခြင်းကိုပါ ခက်ခဲစေနိုင်ပါတယ်။
9. စိတ်မပါခြင်း
စိတ်မပါခြင်းက ပန်းညှိုးခြင်းနဲ့ မတူပါဘူး။ ဒါပေမဲ့ ဖြစ်စေတတ်တဲ့ အကြောင်းအရင်း တော်တော်များများကတော့ တူညီပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ပူပန်သောက ရောက်နေခြင်းနဲ့ ဆေးဝါးတချို့က စိတ်ဆန္ဒကို လျော့နည်းစေနိုင်ပါတယ်။ ဒီလို ပူပန်သောကတွေ စုပြုံပေါင်းစပ်လာတဲ့အခါ လိင်ကိစ္စအပေါ် စိတ်ဝင်စားမှုလည်း နည်းလာတတ်ပါတယ်။
10. ကျန်းမာရေးပြဿနာများ
ကျန်းမာရေးပြဿနာများက အာရုံကြောများ၊ ကြွက်သားများနဲ့ သွေးစီးဆင်းနှုန်းတို့ကို ထိခိုက်စေတတ်ပါတယ်။ ဆီးချို၊ သွေးတိုး၊ သွေးကြောထူလာခြင်း၊ ခါးဆစ်ရိုး ထိခိုက်မိခြင်းနဲ့ အာရုံကြော ပျက်စီးခြင်းရောဂါများမှာ ပန်းညှိုးတတ်ပါတယ်။ ဒါ့အပြင် ဆီးကျိတ်နဲ့ ဆီးအိမ် ခွဲစိတ်မှုများမှာလည်း ယောကျ်ားအင်္ဂါကိုသွားတဲ့ အာရုံကြောနဲ့ သွေးကြောတို့ကိုလည်း ထိခိုက်စေနိုင်တဲ့အတွက် ပန်းသေပန်းညှိုးတတ်ပါတယ်။
>> ပန်းသေပန်းညှိုးပြဿနာအတွက် နည်းလမ်းကောင်း
ဒီကိစ္စတွေကို ဆရာဝန်နဲ ဆွေးနွေးရမှာ ရှက်ရွံ့နေတတ်ကြပါတယ်။ ဒါပေမဲ့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှသာလျှင် သင့်တော်တဲ့ကုသမှုကို ခံယူနိုင်ပြီး အိမ်ထောင်ရေး ပြန်လည်သာယာလာနိုင်မှာ ဖြစ်ပါတယ်။ ဆရာဝန်က ပြဿနာအရင်းအမြစ်ကို ထောက်ပြနိုင်တဲ့အပြင် ဆေးလိပ်ဖြတ်ခြင်း၊ ကိုယ်အလေးချိန် လျှော့ချခြင်း စတဲ့ လိုအပ်တဲ့ ဘဝနေထိုင်မှု ပြုပြင်ပြောင်းလဲမှုများကို အကြံပေးပါလိမ့်မယ်။ ဒါ့အပြင် ပန်းညှိုးရောဂါအတွက် ဆေးများ၊ ဟော်မုန်းကုသမှုများ၊ စုပ်ခွက်ကိရိယာ ကုသမှုများနဲ့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင် ပြောဆိုခြင်းတို့ဖြင့်လည်း ပန်းညှိုးခြင်းကို ကုသနိုင်ပါတယ်။
Dr. Emerald (www.drmyanmar.com)
















