အပူရှပ်ခြင်းအတွက် ရှေးဦးကုသမှု (Heatstroke)
၁။ အောက်ပါအခြေအနေများဖြစ်ပေါ်လာပါက လူနာကို ဆေးရုံသို့အမြန်ခေါ်ဆောင်သွားပါ။
- ကိုယ်အပူချိန် 103ºF အထက်ရှိခြင်း
- သွေးခုန်နှုန်းမြန်ခြင်း
- ချေွးထွက်နည်းခြင်း
- သတိလစ်ခြင်း
- တက်ခြင်း
- အရေပြားပူနွေးနီရဲပြီး ခြောက်သွေ့ခြင်း
၂။ ကိုယ်အပူချိန်ကို လျော့ချနိုင်ရန်အမြန်ဆုံးကြိုးစားပါ။
- လူနာကို နေပူထဲမှအရိပ်ရသောနေရာ (သို့) လေအေးပေးစက်ရှိသောနေရာသို့ ခေါ်ဆောင်သွားပါ။
- ရေအေးဖြင့်ဖြန်းပေးခြင်း၊ ရေပတ်တိုက်ပေးခြင်း၊ ယပ်ခပ်ပေးခြင်း စတာတွေကို လုပ်ဆောင်ပေးပါ။
- ရေများများတိုက်ပေးပါ။
- လူနာသည် အော့အန်နေပါက (သို့) သတိလစ်နေပါက မည်သည့်အရာမျှတိုက်ကျေွးခြင်းမပြုပါနှင့်။
၃။ လူနာခံစားနေရသောရောဂါလက္ခဏာများကို သက်သာအောင်ပြုလုပ်ပေးပါ။
- ပက်လက်အနေအထားဖြင့်ထားပါက ခြေထောက်ကို ၄၅ ဒီဂရီ မြှောက်ထားပေးပါ။
- တက်နေပါက လူနာအားထိခိုက်ဒဏ်ရာမရအောင်ဂရုစိုက်ပါ။
- ပက်လက်အနေအထားဖြင့်ထားစဉ် လူနာအန်ပါက အသက်ရှူ လမ်းကြောင်းကို အန်ဖတ်များ မစို့စေရန် ဘေးတစောင်းထားထားပေးပါ။
၄။ လိုအပ်သောကုသမှုများကိုခံယူပါ။
ဆေးရုံသို့ရောက်ပါက ဆရာ၀န်များက ရေဓာတ်ပြန်လည်ဖြည့်တင်းပေးခြင်း၊ ကိုယ်အပူချိန်လျော့ ကျအောင် ပြုလုပ်ပေးခြင်းစသည့် လိုအပ်သောကုသမှုများဆောင်ရွက်ပေးမှာဖြစ်ပါတယ်။
















