ကိုယ်အလေးချိန်လျှော့ချနိုင်မယ့် ဖျော်ရည်များ
1. Detox ဖျော်ရည်
တစ်နေ့တာမိမိစားသုံးလိုက်တဲ့ အစားအသောက်တွေထဲမှာ ခန္ဓာကိုယ်အတွက် အာဟာရဖြစ်စေမယ့် အစားအစာတွေပါ၀င်နိုင်သလို အာဟာရမဖြစ်စေဘဲ အစာအိမ်နဲ့အူလမ်းကြောင်းမှာ အဆိပ်အတောက်တွေအဖြစ်သာ စုပုံစေမယ့်အစားအစာတွေလည်း ပါ၀င်နိုင်ပါတယ်။ ရှောက်သီး၊ သံပရာသီးဖျော်ရည်တို့ကို သောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်သည့်နည်းတူ အမျှင်ဓာတ်ကြွယ်၀စွာပါရှိတဲ့ ချင်း၊ မုန်လာဥဝါ၊ ပန်းသီးဖျော်ရည်တို့ဟာ အစာခြေဖျက်နိုင်စွမ်းအားကောင်းမွန်နေပြီး ခန္ဓာကိုယ်အတွက်မလိုအပ်တဲ့ အဆိပ်အတောက်တွေကို ကင်းရှင်းစေပါတယ်။ ဒါ့အပြင် ကိုယ်အလေးချိန်ကို အလျင်မြန်ဆုံးလျှော့ချပေးနိုင်တဲ့ သစ်သီးဖျော်ရည်များဖြစ်ပါတယ်။
2. ဟင်းသီးဟင်းရွက်ဖျော်ရည်
ဂေါ်ဖီထုပ်၊ ကိုက်လန်၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီပန်းပွင့်တို့ကဲ့သို့ ဟင်းသီးဟင်းရွက်ဖျော်ရည်တွေဟာ ခန္ဓာကိုယ်အတွင်းရှိ အဆီတွေချေဖျက်ပေးနိုင်တဲ့အပြင် အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။ ၎င်းဖျော်ရည်များကိုသောက်သုံးခြင်းဖြင့် ကိုယ်အလေးချိန် လျှော့ချပေးနိုင်ခြင်း၊ ရောင်ရမ်းမှုတွေ သက်သာစေခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း၊ ဟော်မုန်းတွေညီညွှတ်မျှတစေခြင်း အစရှိတဲ့အကျိုးကျေးဇူးတွေ ရရှိခံစားနိုင်မှာဖြစ်ပါတယ်။
3. ရေနွေးကြမ်း
ရေနွေးကြမ်းကို တစ်နေ့တစ်ခွက်သောက်ပေးပါက ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အင်တီအောက်ဆီးဒင့်ကို ရရှိစေနိုင်ပြီး ကယ်လိုရီတွေကိုလောင်ကျွမ်းစေကာ အစားစားချင်စိတ်ကို ဟန့်တားပေးနိုင်တာကြောင့် ကိုယ်အလေးချိန်လျော့ကျစေနိုင်ပါတယ်။ ဂျပန်လူမျိုးတွေရဲ့လက်စွဲဖြစ်ပြီး စိတ်ဖိစီးမှုတွေပြေပျောက်စေနိုင်တဲ့ ဆေးစွမ်းကောင်းတစ်လက်ဖြစ်ပါတယ်။
4. သစ်သီး၀လံဖျော်ရည်
အရသာလည်းရှိ၊ ပြင်ဆင်ရလည်းလွယ်ကူ၊ အာဟာရဓာတ်၊ ဗီတာမင်နဲ့သတၳုဓာတ်တွေ ကြွယ်၀စွာပါ၀င်တဲ့ သစ်သီးဖျော်ရည်တွေဟာ ကျန်းမာရေးအတွက် များစွာအထောက်အကူပြုပါတယ်။ သစ်သီးဖျော်ရည်တွေ များစွာထဲကဗီတာမင် C နဲ့ ကယ်လ်စီယမ်ကြွယ်၀စွာပါ၀င်တဲ့ သစ်တော်သီးနဲ့ အနီရောင်ဘယ်ရီသီး အချဉ်ဖျော်ရည်နှစ်မျိုးဟာလည်း ကိုယ်အလေးချိန်လျော့ကျစေနိုင်ပြီး အရိုးတွေကို သန်မာစေနိုင်တာကြောင့် သောက်ပေးသင့်တဲ့ ဖျော်ရည်များဖြစ်ပါတယ်။
5. ကော်ဖီခါးခါး (Black Coffee)
ကော်ဖီခါးခါးကို ကြိုက်သူတွေအတွက်ကတော့ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရရှိစေနိုင်မှာအမှန်ပါပဲ။ ၎င်းမှာဓာတ်တိုးပစ္စည်းများကို တိုက်ထုတ်နိုင်တဲ့ အင်တီအောက်ဆီးဒင့်ပါ၀င်ပြီး ကင်ဆာရောဂါနှင့် နှလုံးရောဂါဖြစ်နိုင်ချေမှ ကာကွယ်ပေးခြင်း၊ ဆီးချိုသွေးချိုရောဂါဖြစ်ပွားမှုကို လျှော့ချပေးခြင်း စတဲ့ကောင်းကျိုးများရှိပါတယ်။ ကော်ဖီမှာပါ၀င်တဲ့ ကဖင်းဓာတ်ဟာ ကယ်လိုရီကိုများစွာလောင်ကျွမ်းစေပြီး ကိုယ်အလေးချိန်ကိုလျော့ကျစေပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်လျှော့ချချင်သူတွေအနေနဲ့ အချိုဓာတ်မပါ၀င်တဲ့ ကော်ဖီခါးခါး( Black Coffee) ကိုသောက်ပေးသင့်ပါတယ်။
Cho Thet















